ဒီအကြောင်းကိုတော့ Tescoရဲ့ CEO ဒေ့ဗ်လူးဝစ် ကသူတို့ကုမ္ပဏီအနေနဲ့ ဝန်ထမ်းတွေကို အိမ်ကနေအလုပ်လုပ်ခိုင်းဖို့အတွက် လိုအပ်တဲ့ စီမံချက်တွေ အဆင်သင့်ရှိနေသလို သူတို့ရဲ့ ကြီးမားတဲ့ကုန်တိုက်ကြီးတွေက အလုပ်သမားတွေဟာ အရေးပေါ်အခြေအနေအတွက် ချက်ခြင်းပြင်ဆင်နိုင်ပုံရဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်အနေနဲ့ ပြောပြခဲ့တာပါ။ Tesco ဆိုတာကတော့ UK ရဲ့အကြီးဆုံး ဆူပါမားကတ် ကွန်ယက်ကြီးကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီကြီးဖြစ်ပြီး ဒီကပ်ရောဂါကြီးဖြစ်နေချိန်မှာတောင် ပြည်သူတွေရဲ့ အခြေခံစားသောက်ကုန်တွေ၊ ကုန်ပစ္စည်းတွေကို အဆင်ပြေအောင် ဖြန့်ဖြူးပေးနေတာပါ။
ဒါတွေရဲ့ နောက်ကွယ်က အကြောင်းတရားကတော့ လွန်ခဲ့တဲ့ ၄နှစ်ကစခဲ့ပါတယ်။ အဲ့တုန်းက CEO ဒေ့ဗ်လူးဝစ်ဟာ “Doomsday” လို့ခေါ်တဲ့ နိုင်ငံတွင်းမှာ အုပ်ချုပ်သူအစိုးရပျက်သုံးပြီး ကမောက်ကမအခြေအနေတွေဖြစ်လာရင် ဘယ်လိုတုံပြန်မလဲဆိုပြီး ကြိုတင်ပြင်ဆင်လေ့ကျင့်ရေးလုပ်ခိုင်းတာပါ။ လေ့ကျင့်ခန်းလုပ်တဲ့နေ့မှာဆိုရင် သူတို့ရဲ့ Welwyne Garden Cityက ရုံးချုပ်ကို လုံးဝပိတ်လိုက်ပြီးတော့ ဝန်ထမ်းတွေအကုန်လုံး အိမ်ကနေ အလုပ်လုပ်ရပါတယ်။ ကုန်တိုက်က အလုပ်သမားတွေကိုလည်း သူတို့အတွက် ချမှတ်ထားတဲ့ အရေးပေါ်တုံ့ပြန်ရေးစီမံချက်ကို လိုက်နာနိုင်အောင် လေ့ကျင့်စေပါတယ်။ CEO ဒေ့ဗ်ကတော့ အဲဒီတုန်းက သူ့လူတွေက သူ့ကို ရူးများရူးနေပြီလားဆိုပြီးတော့ ကွယ်ရာမှာဝေဖန်ခဲ့ကြပါသေးတယ်တဲ့။ ဒါပေမဲ့ ခုချိန်မှာတော့ ဒီလေ့ကျင့်ခန်းဟာ မယုံနိုင်စရာ အမြော်အမြင်ကြီးမှုအဖြစ် အားလုံးကလက်ခံနေရပါပြီ။
ခုဆိုရင် သူတို့ရဲ့ ဟတ်ဖို့ရှိုင်းယားက ဧကပေါင်းများစွာပေါ်မှာ တည်ထားတဲ့ ဧရာမကုန်တိုက်ကြီးမှာဆို ဝန်ထမ်းပေါင်း ၃၀လောက်နဲ့ ကြိုးစားလည်ပတ်နေတာပါ။ ပုံမှန်ဆိုရင်တော့ ဒီကုန်တိုက်ကြီးမှာ ဝန်ထမ်းပေါင်း ၆၅၀၀ လောက်တာဝန်ထမ်းဆောင်တာဖြစ်ပါတယ်။ CEO ဒေ့ဗ်လည်း သူနေတဲ့နေရာနဲ့ နီးတဲ့အတွက် ဒီကုန်တိုက်ကို မကြာမကြာ လာရောက်စစ်ဆေးလေ့ရှိပါတယ်။ ကျန်တဲ့ ရုံးပိုင်းဆိုင်ရာက ဝန်ထမ်းတွေကတော့ အိမ်ကနေပဲ အလုပ်လုပ်နေကြပြီး CEO ဒေ့ဗ်ရဲ့ အဆိုအရ သူရဲ့ဝန်ထမ်းတွေဟာ Video Conference လုပ်တဲ့ Zoom အပလီကေးရှင်းနဲ့ အသားကျနေတာ ၂နှစ်လောက်ရှိပြီဖြစ်တဲအတွက် UK မှာဗိုင်းရပ်စ်စပြန့်တဲ့အချိန်မှာ Work from Home အဖြစ် မြန်မြန်ဆန်ဆန်ပဲ ပုံစံပြောင်းပေးနိုင်ခဲ့တယ်လို့သိရပါတယ်။
ဇန်နဝါရီလအကုန်လောက်မှာ ကိုရိုနာဗိုင်းရပ်စ်ဟာ UK မှာအရှိန်အဟုန်နဲ့ ပြန့်လာခဲ့ပြီးနောက် Tesco ဟာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဖွဲ့စည်းခဲ့ပြီး အဲ့အဖွဲ့ဟာ နေ့တိုင်းနေ့တိုင်း နိုင်ငံတစ်ဝှမ်းက သူ့ကုန်တိုက်တွေရဲ့ပြဿနာကို အကြံဉာဏ်ပေး ဖြေရှင်းပေးခဲ့တာပါ။ မစ္စတာဒေ့ဗ်ကတော့ သူတို့ဒီလိုလုပ်ထားတာတောင်မှပဲ ကြောက်လန့်တကြားဈေးဝယ်မှုတွေကို မထိန်းချုပ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ ပုံမှန်ဆိုရင် သူတို့ကုန်တိုက်တွေအတွက် အလုပ်များဆုံးအချိန်ဟာ ဒီဇင်ဘာ ၂၃ရက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာနှစ်တိုင်းဖြစ်နေကြ ပြဿနာဖြစ်တဲ့အတွက် သူတို့ဟာ အမြဲလိုလိုပြင်ဆင်ထားလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ လူတွေရဲ့ ဝယ်လိုအားဟာ ကြောက်ခမန်းလိလိဖြစ်ခဲ့တဲ့အတွက် ပုံမှန်ဆို ၂လလောက်ရောင်းရမဲ့ကုန်တွေက ၈ရက် ၉ရက်လောက်နဲ့ ပြတ်ကုန်ပါတော့တယ်။ အဲဒီတုန်းကဆို သူတို့ကုန်တိုက်ရဲ့ ပစ္စည်းတင်တဲ့စင်တွေ ဟောင်းလောင်းဖြစ်နေပုံဟာ သတင်းတွေမှာ မမြင်ချင်မှအဆုံးပါ။ ခုခါမှာတော့ သူတို့ဟာ အရာရာတည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး ဒီလိုမျိုး အခက်ခဲဆုံးအချိန်တွေကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့တာဟာ သူ့ကုမ္ပဏီကဝန်ထမ်းတွေရဲ့ ညီညွတ်တဲ့ စွမ်းဆောင်ရည်ကြောင့်လို့ CEO ဒေ့ဗ်ကတော့ ချီးကျူးပြောကြားသွားပါတယ်။
ဒီကပ်ရောဂါအတွင်းမှာ Tesco ကသူ့ရဲ့ဝန်ဆောင်မှုတွေကို တိုးမြှင့်တဲ့အနေနဲ့ သက်ကြီးရွယ်အိုတွေ၊ ကွာရန်တင်းဝင်နေရတဲ့သူတွေနဲ့ လူမမာတွေရှိတဲ့အိမ်တွေကို အဓိကထားပြီး သူတို့ရဲ့ ကုန်စိမ်းတွေ၊ ကုန်ခြောက်တွေကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေတာပါ။ ခုဆို သူတို့ကုန်တိုက်ရဲ့ target ဖြစ်တဲ့ တစ်ပတ်ကို အော်ဒါပို့ဆောင်မှုပေါင်း ၁.၂သန်းကို ရရှိခဲ့ပါပြီ။ နောက်လတွေမှာဆိုရင် တစ်ပတ်ကို အော်ဒါ ၁.၅သန်းလောက်ပို့နိုင်အောင် ရည်ရွယ်နေပါတယ်လို့လည်း CEO ဒေ့ဗ်က ပြောသွားပါသေးတယ်။ အော်ဒါတွေကို နိုင်နိုင်နင်းနင်းပို့နိုင်အောင်တော့ ကုန်တိုက်ထဲမှာ ပစ္စည်းရွေးတဲ့ picker အယောက် ၁သောင်း၂ထောင်ရယ်၊ ဒရိုင်ဘာ အယောက် ၄ထောင်ရယ်ကို ထပ်ခန့်ထားပြီး ပစ္စည်းပို့တဲ့ ဗန်ကားတွေလည်း အစီး ၄၀၀လောက် ထပ်မံအင်အားဖြည့်ထားပါတယ်လို့ ထပ်လောင်းပြောကြားသွားပါသေးတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source: The Guardian
Photo: The Guardian