အမေရိကန်ပြည်ထောင်စုတွင် အသေးစားလုပ်ငန်းများနှင့် တက်သစ်စ Start-ups များသည် ကိုဗစ်အခြေအနေကြောင့် အိမ်ခန်း၊ ရုံးခန်း ငှားရမ်းမှုများကို လျှော့ချလာနေကြသည်။
ယခုနှစ်အတွင်း နိုင်ငံနှင့် အဝှမ်း ခရီးသွားလာမှုများလည်း မရှိတော့သလောက်ဖြစ်နေရာ ထိုအခြေအနေများနှင့် ဆက်စပ်၍ ရေတို အိမ်ခြံမြေအငှားလောကကိုလည်း ထိခိုက်လာနေပြီဖြစ်သည်။
US တွင် ခရီးသွားလာမှု အများဆုံး ရာသီများ၌ အပန်းဖြေရန် အိမ်များကို ကာလတိုငှားလေ့ရှိကြစမြဲ ဖြစ်သည်။
ခရီးသွားလာရေး အသင်း U.S Travel Association မှ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ နိုင်ငံတွင် မတ်လမှစတင်၍ ခရီးသွားလုပ်ငန်းနှင့် ပါတ်သက်၍ ဆုံးရှုံးမှုမှာ ဒေါ်လာ ၁၉၅ ဘီလျံ ကျော်ရှိလာပြီဟု သိရသည်။
ပြည်နယ်များစွာတွင် လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်လာကြသော်လည်း စီးပွားရေးထိခိုက်မှုမှာ အလွန်ကြီးမားနေသောကြောင့် Airbnb ကဲ့သို့ အင်တာနက်မှ တဆင့် အခန်းငှားရမ်းခြင်းမျိုးများ၊ အခြား ရေတို အငှားဖြင့် လာရောက်မည့် ခရီးသွားများ ဖြည်းဖြည်းချင်း တိုးတက်လာစေရန် မျှော်လင့်နေရသည်။
အိမ်နှင့် အခန်းပေါင်းစုံကို ငှားရမ်းလုပ်ကိုင်သည့် Airbnb ကုမ္ပဏီကိုယ်တိုင်က အဆောက်အဦးများ မပိုင်ဆိုင်သော်လည်း ကိုရိုနာကပ်ဘေးက ၎င်းကိုလည်း ထိခိုက်ခဲ့သည်။
ယခုကာလအတွင်း Airbnb တွင် အကြွေး ဒေါ်လာ ၂ ဘီလျံ တိုးလာပြီးနောက် ဝန်ထမ်း ၂၅% ခန့် လျှော့ချရန် စီစဉ်နေရာ အလုပ်အကိုင် ၁၉၀၀ ခန့် ဆုံးရှုံးဦးမည်ဖြစ်သည်။
သို့သော်ငြားလည်း ကုမ္ပဏီအနေဖြင့် ခရီးသွားများ ဖြည်းဖြည်းခြင်း ပုံမှန်ပြန်ဖြစ်လာမည်ဟု အကောင်းမြင်လျက်ရှိနေသေးသည်။
ကယ်တင်ရှင်များတွေ့လာသည့် လုပ်ငန်းများ
ဤသို့ နိုင်ငံနှင့် အဝှမ်း ခရီးသွားလျော့ကျလာမှုများကြောင့် အိမ်ငှားလုပ်ငန်းများ အခြေအနေမကောင်းနေစဉ်တွင် ရင်းနှီးမြှုပ်နှံသူများပေါ်လာသောကြောင့် ဆက်လက်လည်ပတ်ရန် ဖြစ်သွားသည့် ရှယ်ယာပိုင်ဆိုင်သူများဖြင့် လည်ပတ်နေသော လုပ်ငန်းများလည်းရှိနေသည်။
– ဝါရှင်တန် အခြေစိုက် Stay Alfred သည် မေ ၂၁ ရက်နေ့တွင် လုပ်ငန်းပိတ်သိမ်းတော့မည်ဟု ကြေငြာခဲ့ပြီးတွင် ရင်းနှီးမြှုပ်နှံသူ ပေါ်ပေါက်လာကာ လုပ်ငန်းလည်ပတ်ရန် ဒေါ်လာ ၆၂ သန်း ရရှိခဲ့သည်။
– Zeus Living သည် ယမန်နှစ်က လုပ်ငန်းတန်ဖိုး ဒေါ်လာ ၂၀၅ သန်းအဖြစ်သတ်မှတ်ထားသော်လည်း ယခုပြန်လည်တွက်ချက်မှုများဖြင့် လုပ်ငန်းတန်ဖိုး ဒေါ်လာ သန်း ၁၁၀ အဖြစ် သတ်မှတ်ပြီးနောက် လုပ်ငန်းအရင်းအနှီးသို့ ထည့်ရန် ဒေါ်လာ ၁၅ သန်း ရရှိခဲ့သည်။ ၎င်းလုပ်ငန်းကို AirBnB က ထောက်ပံ့ထားခြင်းဖြစ်သည်။
– Lyric သည်လည်း Airbnb မှ ရင်းနှီးမြှုပ်နှံမှု အနည်းငယ်ရရှိထားသည့် လုပ်ငန်းဖြစ်ပြီး ဝန်ထမ်းများ လျှော့ချရမည့် အခြေအနေမှ အကြိမ်ကြိမ် လွတ်မြောက်လာခဲ့သည်။
– ဆန်ဖရန်စစ္စကို အခြေစိုက် Sonder သည် ဝန်ထမ်း ၄၀၀ ကျော် လျှော့ချခဲ့ရပြီး လုပ်ငန်းလည်ပတ်လျက်ရှိနေသေးသည်။
အခြား တစ်ဦးတည်းပိုင်အဖြစ်လည်ပတ်နေသော ရေတိုအငှားလုပ်ငန်းရှင်များလည်း ထိုနည်းတူ ခံစားနေကြရသည်။
Cave Creek, Arizona, La Porte, Indiana တို့တွင် အိမ်များပိုင်ဆိုင်သည့် Lynn Prehm သည် ရေတို အိမ်အငှားလောကတွင် ကျင်လည်နေသည်မှာ ၆ နှစ်ခန့် ရှိပြီဖြစ်သည်။
ကိုရိုနာ စတင်ရောက်လာသည့် မတ်လမှစ၍ အိမ်ငှားများ၊ ကြိုတင် Bookings များ ဆုံးရှုံးလာသည်။
နွေရာသီတွင် အလွန်အခြေအနေကောင်းသည့် အင်ဒီယားနား Indiana သည်ပင် စီးပွားရေးအခြေအနေ ဆိုးရွားခဲ့သည်။
ပုံပါ အမျိုးသမီး Sonya Carp နှင့် သူမ၏ ခင်ပွန်းတို့သည် ဖလော်ရီဒါတွင် ရေတိုအငှားချရန် အိမ် ၂ လုံးပိုင်ဆိုင်ပြီး၊ ယခု ဈေးကွက်အခြေအနေကြောင့် အိမ် ၁ လုံးကို အရောင်းစာရင်း တင်ထားရသည်။
ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။
Orio Economics
Source: CNBC Business, Indepandent American Communities, Courtesy Of Sonya Carp