0

ဘွဲ့ရခါစလူငယ်တွေကို Mark Cuban ပြောချင်တဲ့ စကား(၄)ခွန်း

Share

“၂၀၂၀ ခုနှစ်ဟာ အတော်လေးကြပ်တည်းခက်ခဲတဲ့နှစ်တနှစ်ပြီး ကိုရိုးနားဗိုင်းရပ်စ်ရောဂါကြောင့် အခက်အခဲ အတားအဆီးတွေရှိနေပေမဲ့လည်း အဆင်ပြေနေတာလေးတွေလည်း ရှာကြည့်ရင်တွေ့နိုင်ပါသေးတယ်” ဆိုတဲ့စကားဟာ Mark Cuban က အသစ်ဆက်ဆက် ဘွဲ့ရလူငယ်လေးတွေကိုပြောပြခဲ့တဲ့ အကြံပေးစကားထဲက တခွန်းဖြစ်ပါတယ်။ “ဒါ့ကြောင့် Stress တွေအရမ်းမထားနဲ့၊ အားလုံးဟာ အေးဆေးပါပဲ” လို့သူကဆိုပါတယ်။

ထို့နောက် Cuban က ကိုဗစ်ကာလအတွင်း ခက်ခဲနေတဲ့ဘွဲ့ရပြီးခါစ လုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်နေကြတဲ့ လူငယ်တွေကို “မင်းတို့မှာ အဖြေအားလုံးရှိနေစရာမလိုပါဘူး။ ရွေးချယ်ထားတဲ့ career တခု ရှိမှဖြစ်မယ်လို့လဲမဟုတ်ဘူး။ မင်းတို့အသက်ကြီးလာရင် ဘာဖြစ်နေလိမ့်မယ်ဆိုတာ ကြိုသိစရာလဲမလိုဘူး။ လူကြီးတွေလုပ်တဲ့အရာတွေအပေါ်မှာလဲ အာရုံသွားစိုက်နေစရာမလိုဘူး။ တက္ကသိုလ်နှစ် ၄ နှစ်လုံးလုံးကို ပညာသင်ယူဖို့ မင်းတို့က ပိုက်ဆံပေးပြီးပြီ။ အခု နောက်ထပ်ပညာအသစ်တွေသင်ယူဖို့ မင်းတို့ကို ပိုက်ဆံပြန်ပေးတဲ့ အလုပ်တခုကိုရှာဖို့ပါပဲ” ဟုဆိုသည်။

ဒီနေ့ကမ္ဘာကြီးဟာ ဟိုးအရင်ခေတ်ကထက် ပိုခက်ခဲကြမ်းတမ်းလာတယ်လို့ မင်းဆို့စောတက တက်ချင်တက်လို့ရတယ်။ (အထူးသဖြင့် ဟိုးအရင်ကဘွဲ့ရတယောက် အလုပ်ရှာရလွယ်သလောက် အခုခေတ်ဘွဲ့ရတွေအလုပ်ရဖို့မလွယ်ကူတဲ့ အခြေအနေမျိုးမှာပေါ့။) Cuban ပြောချင်တာက လေ့လာသင်ယူစရာတွေဟာ အချိန်အကန့်အသတ်နဲ့ရှိနေမှာမဟုတ်ပဲ ဘဝတလျှောက်လုံးသင်ယူနေရမှာကို ဆိုလိုတာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဘဝဟာ မသေချာခြင်းတွေ၊ ပြောင်းလဲမှုတွေနဲ့ အမြဲပြည့်နှက်နေလို့ပါပဲ။ ဒါ့အကြောင့် အရေးကြီးဆုံးက ခက်ခဲတဲ့အခြေအနေတွေရောက်လာခဲ့ရင် မကောင်းတာကိုပဲအလွန်အကျွံတွေးမနေမိဖို့နဲ့ ကောင်းတာဖြစ်လာခဲ့ရင်ရော ဆိုတဲ့ အကောင်းမြင်စိတ်နဲ့နေဖို့လိုအပ်တယ်လို့ သူကဆိုပါတယ်။

“ဘဝမှာမပြည့်စုံခြင်းက ကိုယ့်ကိုယ်ကိုယ် ပြန်လေ့လာသုံးသပ်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် ရှာဖွေတာကြောင့် အနာဂတ်အောင်မြင်မှုဆီ ပိုဦးတည်တတ်တယ်”။ Cuban ဟာ သူရဲ့ career တလျှောက်မှာ ကျဆုံးမှုပေါင်းများစွာ ကြုံတွေ့ခဲ့ရသူဖြစ်ပြီးနောက်ဆုံးမှာတော့ သူဟာ စွန့်ဦးတီထွင်သူတယောက်ဖြစ်လာဖို့ အကြောင်းဖန်လာတယ်ဆိုတာသဘောပေါက်ခဲ့ပါတယ်။

Cuban က “ကျွန်တော်ကောလိပ်ပြီးတော့ ပိုက်ဆံမရှိဘူး။ ကြမ်းပြင်ပေါ်မှာအိပ်ခဲ့ရတယ်။ အတော်ဆိုးရွားတဲ့ ဝန်ထမ်းတယောက်ဖြစ်ခဲ့ပြီး အလုပ်လဲထုတ်ခံခဲ့ရတယ်။ နောက်တော့ ကုမ္ပဏီသေးသေးလေးတခုထောင်တယ်။ ခဏလောက်ကြာတော့ ကုမ္ပဏီကိုရောင်းပစ်ပြီး ရလာတဲ့ပိုက်ဆံနဲ့နောက်ထပ်ကုမ္ပဏီ တခုထပ်ထောင်တယ်။ ပြန်ရောင်းတယ်၊ ထပ်ထောင်တယ် လို့ Shark Tank ရဲ့ star တဦးဖြစ်တဲ့ Cuban ကသူ့ဘဝအကြောင်း ပြန်ပြောင်းပြောပြခဲ့ပါတယ်။

“အကယ်၍ မင်းအိမ်မက်နဲ့ ဘာမှမပါတ်သတ်တဲ့ အလုပ်တခုကိုလုပ်နေခဲ့မိတယ်ဆိုရင်တောင် မင်းက အသစ်တွေကို သင်ယူနေတာဖြစ်တယ်။ network အသစ်တခုထဲကိုသွားနေပြီး သူငယ်ချင်းမိတ်ဆွေအသစ်တွေနဲ့ တွေ့ရှိခဲ့တယ်” လို့သူကဆိုပါတယ်။

အလုပ်တခု မရှာနိုင်ရင်လဲ ကိုယ့်ဘာသာအလုပ်တခုစထောင်လို့ရတယ် လို့သူကဆိုပါတယ်။ အကယ်၍ သူသာ ယနေ့ခေတ်အတွက် ပြန်လည်စတင်ခွင့်ရခဲ့မယ်ဆိုရင် သူက “Alexa, Google Home နဲ့ Cortana အတွက် scripts ဘယ်လိုရေးမလဲဆိုတာ သင်ယူမယ်။ ပြီးတော့ အဲ့ဒီစက်တွေ ရောင်းချနေတဲ့နေရာဆီသွားပြီး နာရီအနည်းငယ်အတွင်းမှာ personalization ဘယ်လောက် ကောင်းကောင်း ထပ်လုပ်လို့ရသလဲဆိုတာကိုသွားပြမယ် လို့သူကဆိုပါတယ်။

“Stress တွေကိုဖယ်ရှားဖို့ဆိုတာ ပြောတာကလုပ်တာထက်ပိုလွယ်တယ်။ ဒါပေမဲ့ stress မဟုတ်ပဲ အခြားအရာတခုအပေါ်မှာ အာရုံစူးစိုက်ထားလိုက်ရင် ကိုယ့်ကိုယ်ကိုယ် control လုပ်ရတာလွယ်သွားပြီ။ ဥပမာ – အလုပ်တခုအပေါ် လက်မြှောက်အရှုံးပေးဖို့မပေးဖို့ဆိုတာ မင်းက control လုပ်လို့မရပေးမဲ့ အွန်လိုင်းအလုပ်ရှာဖွေရာမှာ ဘယ်လောက်အားစိုက်ထုတ်မယ်၊ skills အသစ်တွေသင်ယူမယ်၊ အခြားသူတွေနဲ့ networking လုပ်မယ် စတဲ့အရာတွေအပေါ်မှာတော့ control လုပ်လို့ရတယ်” လို့သူကဆိုပါတယ်။
အခုအချိန်ဟာ လူတိုင်းလူတိုင်းအတွက် ခက်ခဲတဲ့အချိန်ပါပဲ။ ဒါပေမဲ့ Cuban ကတော့ ကျွန်မတို့ရဲ့ အဆိုးမြင်တတ်တဲ့စိတ်ကူးတွေ၊ ဖြစ်လာမှာလားဆိုတဲ့ စိုးရိမ်ပူပန်စိတ်တွေနဲ့ အကြောက်တရားတွေကို ဖယ်ရှားဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်း သတိပေးခဲ့ပါတယ်။

“ကျွန်တော်က မနက်တိုင်းအိပ်ယာကထရင် ပြုံးတယ်၊ အကောင်းဆုံးနေ့တနေ့လို့ခံယူပြီး ကြိုးစားတယ်၊ ဂြိုဟ်ဆိုးဝင်တဲ့ အချို့နေ့တွေတောင်မှ အကောင်းဆုံးနေ့တနေ့အဖြစ်ဖြတ်သန်းပါတယ်” လို့ Dallas Mavericks ပိုင်ရှင်ကြီးကဆိုပါတယ်။ သူက “ဘာပဲဖြစ်ဖြစ် ရှေ့ဆက်လျှောက်နေရဦးမှာပါပဲ” တဲ့။

Source: CNBC Make It.
Photo: Business Insider
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

%d bloggers like this: