ဥရောပမှာ ခုဆိုရင် နိုင်ငံတော်တော်များများဟာ Lockdown တွေပြန်ဖြေလျှော့ပေးနေပြီး ဖြစ်သလို စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေလည်း ပြန်ဖွင့်ဖို့တာဆူနေပါပြီ။ အိန္ဒိယကော်ဖီတင်ပို့မှုရဲ့ ဝယ်လက်နိုင်ငံတွေဟာ ဥရောပမှာရှိကြပြီး ခုဆိုရင် ကော်ဖီအများဆုံးထုတ်လုပ်ရာနိုင်ငံဖြစ်တဲ့ ဘရာဇီးမှာလည်း ကော်ဖီခူးဆွတ်ချိန်ရောက်တော့မှာ ဖြစ်တဲ့အတွက် ဈေးကွက်ထဲကို ဈေးချိုတဲ့ ဘရာဇီးကော်ဖီတွေ ရောက်လာပြီး ဈေးကွက်ပျက်သွားမှာကို အိန္ဒိယကော်ဖီကုန်သည်ကြီးတွေက စိုးရိမ်နေကြတာပါ။ အီတလီနိုင်ငံဟာဆိုရင် အိန္ဒိယနိုင်ငံရဲ့ ကော်ဖီအများဆုံးတင်ပို့ရာ နိုင်ငံဖြစ်ပြီး ကပ်ရောဂါကို ထိန်းချုပ်နိုင်တဲ့ အခြေအနေပြန်ရောက်ပြီ ဖြစ်တာမို့ မကြာခင်မှာ Lockdown ပြန်ဖြေပြီး စီးပွားရေးတွေ ပြန်လည်ပတ်တော့မယ်လို့ ယူဆတဲ့အတွက် အိန္ဒိယက ကော်ဖီတွေကို တင်ပို့ဖို့ ကမ်းလှမ်းနေကြပါပြီ။
အိန္ဒိယနိုင်ငံ ကော်ဖီတင်ပို့သူများအသင်း ဥက္ကဋ္ဌဖြစ်သူ Ramesh Rajah ကတော့ အခုတင်ပို့ဖို့ ဈေးတည့်သွားတဲ့ ကော်ဖီတွေကို နောက်လ ဇွန်လမှာ ပို့ဆောင်ပေးသွားမှာဖြစ်ပြီး အဲအချိန်ဆို ဘရာဇီးကော်ဖီတွေကလည်း ဈေးကွက်မှာ ဝင်နေမှာမို့ ဈေးချိုတဲ့ ဘရာဇီးကော်ဖီတွေကို အတော်ယှဉ်နိုင်အောင် ကြိုးစားရမှာပါလို့ပြောပါတယ်။ သူကပဲထပ်ပြီး သူတို့အိန္ဒိယကော်ဖီတင်ပို့သူတွေအတွက် မျှော်လင့်စရာရှိသေးတာကတော့ အီတလီမှာ ခုချိန်ထိ အရည်သွေးကောင်း ဈေးနှုန်းမြင့် ကော်ဖီတွေကို တခုပ်တရသောက်ကြတဲ့ ယဉ်ကျေးမှုကြီး ရှိနေသေးတာပါလို့ ပြောပါသေးတယ်။ အီတလီကတော့ ခုချိန်ထိ Lockdown ဖြေပြီးရင် ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေနဲ့ ဆက်နေသွားရမယ်ဆိုတာ အစိုးရနဲ့ ပြည်သူတွေ မကြေလည်ကြသေးတဲ့အတွက် စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေကတော့ ခုချိန်ထိ မဖွင့်နိုင်သေးပါဘူး။ တချို့ ကော်ဖီပွဲရုံတွေဆို အိန္ဒိယဘက်အခြမ်းကို နောက် ၁လ၊ ၂လလောက်နေမှ ပစ္စည်းပို့ဖို့ အကြောင်းကြားတာမျိုးတွေတောင်ရှိပါတယ်။
ပုံမှန်ဆိုရင် အိန္ဒိယကော်ဖီဟာ အီတလီအပြင်ကို ဂျာမဏီ၊ ဘယ်ဂျီယံ၊ ရုရှား၊ တူရကီ၊ ပိုလန် စတဲ့နိုင်ငံတွေကိုပါ တင်ပို့ရလေ့ရှိပါတယ်။ အထူးသဖြင့် ဥရောပခရီးသွားရာသီလို့ သတ်မှတ်ထားတဲ့ ဒီလို မေလမျိုးမှာဆိုရင် ကော်ဖီသောက်သုံးမှု များတဲ့အတွက် လက်မလည်အောင်တင်ပို့ရလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ ကိုဗစ်-၁၉ ကြောင့် ခရီးသွား တိုးရစ်တွေစည်ကားနေတတ်တဲ့ မြို့ကြီးတွေဟာ ခြောက်ကပ်လို့နေပါတယ်။ ဒါကြောင့် ကော်ဖီတင်ပို့မှုကို ဘယ်လောက်ပမာဏအထိပဲ ပြင်ဆင်ထားရမယ်ဆိုတာရယ်၊ ဒီနှစ် အဝယ်နည်းမှုကနေ စီးပွားရေးကို ဘယ်လောက်ထိခိုက်နိုင်မလဲဆိုတာရယ်ကို တွက်ဆနေကြတုန်းပါလို့ ကော်ဖီတင်ပို့သူ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ဒီဘက်က ကော်ဖီစိုက်ပျိုးထုတ်လုပ်သူတွေဘက်မှာလည်း အိန္ဒိယရဲ့ ခရီးသွားကန့်သတ်ချက်တွေကြောင့် အလုပ်သမား အင်အားနည်းနေတဲ့အတွက် အရင်နှစ်များရဲ့ ၃၀ရာခိုင်နှုန်းလောက်ပဲ ထုတ်နိုင်မယ်လို့ သိရပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source: Economic Times
Photo: Nathan Damlao
0