Facebook က သူ၏ Messaging app ဖြစ်သော WhatsApp ၏ဒစ်ဂျစ်တယ်ငွေလွှဲဝန်ဆောင်မှုကို ပြီးခဲ့သည့် ဂျွန်လ ၁၅ ရက်နေ့က လူဦးရေထူထပ်ပြီး emerging market ဖြစ်သည့် ဘရာဇီးနိုင်ငံတွင် ပထမဆုံး စတင်မိတ်ဆက်လိုက်သည်။
ယခုခြေလှမ်းသည် မိခင်ကုမ္ပဏီဖြစ်သည့် Facebook က သူပိုင်ဆိုင်သည့် အခြား platform များမှတဆင့် e-commerce နှင့် payment services များချဲ့ထွင်မည့် မဟာအစီအစဉ်ကြီး၏ တစိတ်တပိုင်းဖြစ်ပြီး ပထမဆုံးခြေလှမ်းလည်းဖြစ်သည်။
WhatsApp Pay က user တဦးနှင့်တဦး ဓါတ်ပုံပို့သလောက် လွယ်ကူစွာဖြင့် အခမဲ့ငွေလွှဲနိုင်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းငယ်များမှ ပစ္စည်းဝယ်ယူရာတွင် ငွေချေခြင်းလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။
CEO ဖြစ်သူ Mark Zuckerberg က အဆိုပါဝန်ဆောင်မှုကို အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် မက္ကစီကိုတို့တွင်လည်း ဝန်ဆောင်မှုပေးမည့်အကြောင်း ဇန်နဝါရီလက ပြောကြားခဲ့သည်။
User အချင်းချင်း အခမဲ့ငွေလွှဲမှု ပြုလုပ်နိုင်မည်ဖြစ်သော်လည်း အသေးစားလုပ်ငန်းများအနေဖြင့် customer များမှပို့သည့်ငွေလက်ခံရရှိရန်အတွက် ဝန်ဆောင်ခကျသင့်မည်ဖြစ်သည်။
ဘရာဇီးတွင် WhatsApp users ပေါင်း သန်း၁၂၀ ရှိပြီး ကုမ္ပဏီအတွက် အိန္ဒိယပြီးလျှင် ဒုတိယအကြီးဆုံးဈေးကွက်ကြီးဖြစ်သည်။ users သန်း၄၀၀ ရှိသည့် အိန္ဒိယတွင်လည်း ၎င်း payment services ကိုစမ်းသပ်နေခဲ့ခြင်းလည်းဖြစ်သည်။
သို့သော်လည်း အိန္ဒိယတွင် WhatsApp Pay အားအစိုးရနှင့်ပူးပေါင်း၍ စမ်းသပ်နေသည်မှာ ၂နှစ်ထိ ကြာမြင့်နေပြီလည်းဖြစ်သည်။
ဧပြီလတွင် Facebook က အိန္ဒိယဆက်သွယ်ရေးလုပ်ငန်းစုကြီးဖြစ်သည့် Reliance Jio ထံမှ အမေရိကန်ဒေါ်လာ ၅.၇ ဘီလျံတန်ဖိုးရှိ ရှယ်ယာ ၁၀% ဝယ်ယူခဲ့သေးသည်။
အဆိုပါဝယ်ယူမှုသည် Facebook ကို အာရှ၏ အချမ်းသာဆုံးနှင့် Reliance Jio ၏ ဥက္ကဌဖြစ်သည့် Mukesh Ambani နှင့် မဟာမိတ်ဖွဲ့ကာပူးပေါင်းလိုက်ခြင်းလည်းဖြစ်သည်။ ကုမ္ပဏီ နှစ်ခု အတူလက်တွဲကာ Jio ၏ e-commerce platform အသစ်စက်စက်ဖြစ်သော JioMart ပေါ်တွင် အတူပူးပေါင်း၍ အလုပ်များဆက်လုပ်ရန်ရှိနေသည်။
ပြီးခဲ့သည့်လတွင်လည်း အင်ဒိုနီးရှားအခြေစိုက် ride-hailing app ဖြစ်သည့် Gojek တွင် ငွေပမာဏဖော်ပြမထားသည့် ရင်းနှီးမြှုပ်နှံမှုကို Facebook ကပြုလုပ်ခဲ့သေးသည်။ Facebook ၏ users များမှတဆင့် Gojek ၏ payment services ဖြစ်သည့် GoPay ကိုအသုံးပြုနိုင်စေမည်ဖြစ်သည်။
Facebook က WhatsApp ကို ၂၀၁၄ ခုနှစ်တွင် ဒေါ်လာ ဘီလျံ၂၀နှင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလထိ ကမ္ဘာတဝှမ်းရှိ အသုံးပြုသူ users ပေါင်း ၂ ဘီလျံကျော်ရှိသည်ဟု ကုမ္ပဏီကဆိုထားသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC News
Photo: WhatsApp