ဗြိတိန် သူဌေး ရစ်ချက်ဘရန်ဆန် ပိုင် Virgin Galactic သည် အာကာသခရီးစဉ်များအတွက် အာကာသယာဉ်မှူးများ ပေါ်ထွက်လာစေရေး လေ့ကျင့်ပေးရန် NASA နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါသဘောတူညီချက်တွင် ကုမ္ပဏီ၏ ပုဂ္ဂလိကပိုင်အာကာသယာဉ်မှူးများ အဆင်သင့်ဖြစ်ရေး စီမံကိန်းပါဝင်ပြီး ဗာဂျင်း ဂလက်တစ်၏ အနာဂတ် အာကာသသို့သွားမည့် ခရီးစဉ်များအတွက် အထောက်အကူပြုလာမည်ဖြစ်သည်။
Virgin Galactic ၏ စီအီးအိုဖြစ်သူ George Whitesides က ၎င်းတို့အနေဖြင့် နာဆာနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းအပေါ် စိတ်လှုပ်ရှားနေကြပြီး ယခု အစီအစဉ်တွင် ကိုယ်ပိုင် အာကာသ ပတ်လမ်းအတွင်း လေ့ကျင့်ရရုံသာမက နာဆာနှင့် အခြား အဖွဲ့များကိုပါ လေ့ကျင့်ရေးအစီအစဉ်များ ကမ်းလှမ်းနိုင်မည်ဟု ပြောကြားခဲ့သည်။
Virgin Galactic နှင့် NASA တို့ သဘောတူလက်မှတ် ထိုးပြီးပြီးချင်း တနင်္လာနေ့တွင် ဗာဂျင်းအုပ်စု၏ ရှယ်ယာတန်ဖိုးများ ခုန်တက်လာခဲ့သည်။
Virgin Group ၏ ရှယ်ယာများကို အဓိကပိုင်ဆိုင်ကြသူများမှာ တည်ထောင်သူ Richard Branson နှင့် ဥက္ကဌနေရာတာဝန်ယူထားသူ Chamath Palihapitiya တို့ဖြစ်ကြပြီး NASA အပိုင် Johnson Space Center တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေငြာခဲ့သည်။
Pre-Market Trading သို့မဟုတ် Extended-hours Trading ဟု ခေါ်ဆိုသည့် စတော့ဈေးကွက်ပြင်ပအချိန် ရောင်းဝယ်မှု၌ပင် ဗာဂျင်းဂလက်တစ်ပေါက်ဈေးမှာ ၁၃% ခန့် မြင့်တက်ခဲ့သည်။
သို့သော်လည်း ယခုသဘောတူညီချက်တွင် နာဆာမှ ဗာဂျင်းဂလက်တစ်သို့ ငွေမည်မျှ ပေးချေမည်ဆိုသည်ကို မဖေါ်ပြခဲ့ချေ။
အာကာသခရီးစဉ်များမှာ မကြာမီ အနာဂတ်တွင်မှ ဖြစ်ပေါ်လာမည်ဖြစ်သော်လည်း ဗာဂျင်းကုမ္ပဏီသို့ အာကာသခရီးစဉ် ကြိုတင်လက်မှတ်ဝယ်ယူထားသည့်အရေအတွက်မှာ ၆၀၃ စောင်ခန့်ရှိနေသည်ဟု သိရသည်။
လက်မှတ်အများစုမှာ လူ ၁ ယောက်လျှင် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ မှ ၂၅၀,၀၀၀ ထိ ပေါက်ဈေးဖြင့် ရောင်းချထားနိုင်ခဲ့သည်။
ကုမ္ပဏီသည် တရားဝင်ဝန်ဆောင်မှုမပြုရသေးမီ နယူးမက္ကစီကိုပြည်နယ်တွင် စမ်းသပ်လေ့ကျင့်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
NASA မှ အသေးစိတ်အချက်အလက်များကို လာမည့် အပတ်တွင် ထုတ်ပြန်ပေးသွားမည်ဟု နာဆာမှ အုပ်ချုပ်ရေးမှူး Jim Bridenstine က တွစ်တာတွင် ရေးသားခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: CNBC News, Investopedia, Virgin Galactic