0

ရုရှားဟက်ကာအဖွဲ့မှ US, UK နဲ့ ကနေဒါနိုင်ငံတို့ရဲ့ ကိုရိုနာကာကွယ်ဆေး စမ်းသပ်ချက်တွေကို ခိုးယူရန်ကြိုးပမ်း

Share

ရုရှားထောက်လှမ်းရေးတွေနဲ့ စပ်ဆက်နေတယ်လို့ ယူဆရတဲ့ ဟက်ကာအဖွဲ့ တစ်ဖွဲ့ဟာ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့ရဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် စမ်းသပ်ထားတဲ့ လျှို့ဝှက်ဖိုင်တွေကို ခိုးယူဖို့ ကြိူးပမ်းခဲ့တယ်လို့ သက်ဆိုင်ရာနိုင်ငံ အသီးသီးက ကြာသပတေးနေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နာမည်ဝှက်အနေနဲ့ ATP29, “ကိုယ်တော်ကြီး”, “အထာကျတဲ့ ဝက်ဝံ” စသည်ဖြင့် လူသိများတဲ့ ဒီရုရှား ဟက်ကာအဖွဲ့ဟာ သက်ဆိုင်ရာနိုင်ငံတွေက ကူးစက်ရောဂါသုတေသနဌာနတွေမှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး စမ်းသပ်ချက်ဖိုင်တွေကို အဓိက ပစ်မှတ်ထားခဲ့တာဖြစ်ကြောင်း ဒီသုံးနိုင်ငံ စလုံးက ပူးတွဲထုတ်ပြန်ခဲ့တာပါ။ နောက်ပြီး ဒီဟက်ကာအဖွဲ့ဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတုန်းက ဒီမိုကရက်တစ်ပါတီရဲ့ ကွန်ပျူတာတွေကို ဖောက်ဝင်ခဲ့တဲ့ ဟက်ကာအဖွဲ့နှစ်ဖွဲ့ထဲက တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

ဒီကြေငြာချက်အရ လက်ရှိ ကမ္ဘာပေါ်မှာ ကိုရိုနာကူးစက်ခံရသူဦးရေ ၁၃.၅ သန်းအထိရှိနေပြီး အသေအပျောက်ဦးရေဟာ ၅သိန်းကျော်လာပြီးဖြစ်တဲ့အတွက် နိုင်ငံအသီးသီးက ကိုဗစ်ကာကွယ်ဆေးကို ရရှိဖို့ အတွက် သူ့ထက်ငါ အပြိုင်အဆိုင်ကြိုးစားနေကြကြောင်း ပေါ်လွင်နေပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဒိုမီနစ်ရက်ဘ်ကတော့ ရုရှားထောက်လှမ်းရေးတွေရဲ့ ဒီလိုမျိုး ကပ်ရောဂါကာကွယ်ဆေး ရှာဖွေမှုအပေါ် ခိုးကြောင်ခိုးဝှက်လုပ်ရပ်ဟာ လက်သင့်ခံနိုင်စရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ ဒီလိုဖောက်ဝင်မှုဟာ အောင်မြင်သွားခဲ့လားဆိုတာကိုတော့ ဘယ်နိုင်ငံကမှ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။

အမေရိကန် အမျိူးသားလုံခြုံရေးအေဂျင်စီရဲ့ ဆိုက်ဘာလုံခြုံရေး ဒါရိုက်တာ Anne Neuberger ကတော့ “ဒီ ATP29 အဖွဲ့ဆိုတာ အရင်ကတည်းကလည်း အစိုးရရဲ့ ကွန်ရက်တွေ၊ သံတမန်ရုံးတွေ၊ နောက် အကြံပေးအဖွဲ့တွေကို အမြဲလိုလို လာတိုက်ခိုက်တတ်တဲ့ ပြစ်ချက်ရာဇဝင်တွေရှိပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဌာနအနေနဲ့ ဖိဖိစီးစီးနဲ့ နောက်ဒါမျိူးမဖြစ်ရအောင် ကိုင်တွယ်သွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ကရင်မလင်ကတော့ ဒီစွပ်စွဲချက်တွေအကုန်လုံးကို ငြင်းဆိုခဲ့ပါတယ်။ ရုရှားသမ္မတရုံးပြောရောဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က ဒီလိုမျိုး နိုင်ငံတွေရဲ့ ဆေးဝါးသုတေသနဌာနတွေကို ဟက်ကာအဖွဲ့တိုက်ခိုက်တယ်ဆိုတာ ရုရှားဘက်က ဘာသတင်းမှ မရဘူးလို့ဆိုပါတယ်။ နောက်ပြီး ရုရှားအနေနဲ့ တစ်ခုပဲပြောနိုင်တာက ဒီဆိုက်ဘာစပိုင်လုပ်မှုရဲ့ နောက်မှာ ရုရှားရှိမနေဘူးဆိုတာပဲ လို့ပြောကြားခဲ့ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Washington Post
Photo: National Cyber Security Center

 

%d bloggers like this: