UK အစိုးရဟာ နိုင်ငံရဲ့ တယ်လီကွန်းဆက်သွယ်ရေး လုပ်ငန်းတွေမှာ Huawei ကုမ္ပဏီရဲ့ ပါဝင်ပတ်သတ်မှုကို ပေါ်လစီတွေ ပြန်ပြောင်းဖို့ စဉ်စားနေပြီ ဖြစ်ကြောင်း သိရပါတယ်။ နည်းပညာဌာန အတွင်းရေးမှူးဖြစ်တဲ့ Oliver Dowden က UK ရဲ့ အမျိုးသားဆိုက်ဘာလုံခြုံရေးဌာနအနေနဲ့ ဟွာဝေးရဲ့ ထုတ်ကုန်ပစ္စည်းတွေကို သူတို့ စိတ်မချရကြောင်းနဲ့၊ အမေရိကန်ရဲ့ ထပ်မံအရေးယူမှုတွေကြောင့် လုံခြုံရေးအာမခံချက် မပေးနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Mr. Oliver Dowden ကတော့ သူတို့အနေနဲ့ ဒီကိစ္စကို အသေးစိတ်ထပ်မံစုံစမ်းနေကြောင်းနဲ့ အမေရိကန်ရဲ့ ဟွာဝေးပစ္စည်းတွေအပေါ် မယုံကြည်မှုကို နားလည်ဖို့ ကြိးုစားနေကြောင်း ဘီဘီစီ ရေဒီယိုကို မနေ့က ပြောသွားတာပါ။
ဟွာဝေးဘက်ကတော့ ဆွေးနွေးဖို့ လမ်းဖွင့်ထားပါတယ်လို့ ခပ်တိုတိုသာ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့ အကြီးတန်းအရာရှိတစ်ဦးကတော့ UK အစိုးရဟာ ဒီနှစ်ကုန်ရင် ဟွာဝေးကထုတ်တဲ့ 5G Network လွှင့်ထူဖို့ ပစ္စည်းတွေကို ဝယ်ယူမှု ရပ်ဆိုင်းဖို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရှေ့လျောက်အခက်အခဲတွေ ပြည့်နေတယ်လို့ ပြောသွားခဲ့တာပါ။ ဟွားဝေးရဲ့ နိုင်ငံတကာသတင်းထုတ်ပြန်ရေးဌာန အကြီးအကဲ ပေါလ်ဟယ်ရီဆင်ကတော့ ယူကေရဲ့ နိုင်ငံရေးဗျုဟာတွေဟာ ထရမ့်အစိုးရဲ့ ကြိုးဆွဲရာကနေရပြီး ယူကေအနေနဲ့ ဥရောပသမ္မဂကနေထွက်ခွာပြီး ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံရဲ့ ဆက်သွယ်ရေးမူဝါဒတွေကို လွှမ်းမိုးမှုကင်းကင်းနဲ့ ဆုံးဖြတ်သင့်တယ်လို့ တွစ်တာမှာ ရေးသားသွားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ ဟွာဝေးဟာ ယူကေအစိုးရရဲ့ တစ်နိုင်ငံလုံး 5G ကွန်ယက်ဖြန့်ကျက်မဲ့ အစီအစဉ်မှာ အဓိက ဦးဆောင်သူ ပါတာနာအနေနဲ့ အရေးကြီးတဲ့ စက်အစိတ်အပိုင်းတွေကို တင်သွင်းဖို့ တာဝန်ယူထားတာပါ။ ဒါပေမဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှု အသစ်ဖြစ်တဲ့ ဟွာဝေးကို အမေရိကန်ထုတ် နည်းပညာတွေနဲ့ ချစ်ပ်ပြားတွေ ဝယ်ယူခွင့်ပိတ်ပင်ခြင်းဟာ ယူကေကို အများကြီး စဉ်းစားသွားစေပါတယ်။ ဝါရှင်တန်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဟွာဝေးကို တရုတ်စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့အတွက် နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိပါးစေနိုင်ပါတယ် ဆိုပြီးစွပ်စွဲထားတာပါ။
ယူကေအနေနဲ့ ပူစရာရှိတာကတော့ တကယ်လို့ အမေရိကန်ကသာ ဆော့ဖ်ဝဲလ်၊ နည်းပညာ၊ ချစ်ပ်ပြားတွေ ဟွာဝေးကို အသုံးပြုခွင့်မပေးတော့ဘူးဆိုရင် ဟွာဝေးဟာ တခြားလုံခြုံရေးစိတ်မချရတဲ့ နိုင်ငံတွေကနေ ဒီပစ္စည်းတွေ ယူကေကို တင်သွင်းလာမှာကိုပါပဲ။ ဒါကြောင့် Mr. Dowden က “ ဒီကိစ္စရဲ့ လုံခြုံရေး စိတ်မချရမှုကတော့ အားလုံးအတွက် ထင်သာမြင်သာရှိနေပါတယ်။ ကျွန်တော့အနေနဲ့ ဆိုရင်တော့ ကိုယ့်ရဲ့ ဆက်သွယ်ရေးကွန်ရက်ထဲမှာ ဒီလိုမျိုး လုံခြုံရေးအန္တရာယ်ရှိနေတဲ့ ပစ္စည်းတွေ တပ်ဆင်ထားရမဲ့ ကိစ္စဟာ နောက်ကျောမလုံသလို ခံစားနေရမှာပါ။ ဒါပေမဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကတော့ မချရသေးပါဘူး။ ကျွန်တော်တို့ လေ့လာသုံးသပ်လိုရသမျှကို ဝန်ကြီးချုပ်ကိုတင်ပြပြီး သူကမှတစ်ဆင့် အမျိုးသားလုံခြုံရေးကောင်စီကို တင်ပြကာ အဆုံးအဖြတ်ခံယူမှာဖြစ်ပါတယ်” လို့ BBC ကိုဖြေကြားသွားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC News
Photo: BBC News