ဒီသတင်းကိုတော့ CNBC ဖော်ပြခဲ့တာဖြစ်ပြီး TikTok ရဲ့ LinkedIn မှာတင်ထားတဲ့ ဝန်ထမ်းသစ်ခေါ်ယူဖို့ ကြေငြာချက်တွေရယ်၊ TikTok ရဲ့ လာရောက်ကမ်းလှမ်းခြင်း ခံရတဲ့ နည်းပညာရှင်တွေရဲ့ ဖြေကြားချက်တွေကို မူတည်ကာ သုံးသပ်ထားတာပဲဖြစ်ပါတယ်။ TikTok ဟာ သူ့ရဲ့ အကြီးဆုံးရုံးခွဲကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မှာ အခြေစိုက်ထားပြီး ခုဆိုရင် လန်ဒန်ဟာ ဒုတိယအကြီးဆုံးရုံးခွဲ ဖြစ်လာဖို့ အလားအလာရှိနေပါပြီ။ တကယ်ဆိုရင် ဥရောပကမြို့ကြီးတွေဟာ နိုင်ငံတကာက နည်းပညာဘီလူးကြီးတွေရဲ့ အခြေစိုက်ရုံးခွဲအဖြစ်နဲ့ သူ့နည်းသူ့ဟန် နာမည်ကြီးကြပေမဲ့ TikTok ဟာ ဥရောပတစ်တိုက်လုံးမှာ လန်ဒန်မြို့အတွက်ပဲ ဝန်ထမ်းလစ်လပ်နေရာတွေ ထပ်မံခေါ်နေတာကြောင့်ပါ။ ဒါကြောင့် CNBC ကတော့ TikTok ဟာ လန်ဒန်ကို ဥရောပအခြေစိုက်ရုံးအဖြစ် ထူထောင်ဖို့ ကြံစည်နေတာလို့ သုံးသပ်ထားပါတယ်။
တရုတ်နည်းပညာကုမ္ပဏီ ByteDance ကပိုင်ဆိုင်တဲ့ TikTok App ဟာ ၂၀၁၆ခုနှစ်မှာ စတင်ထုတ်လွင့်ခဲ့တာဖြစ်ပြီး ခုဆိုရင် ဒေါင်းလော့ လုပ်ယူမှု အကြိမ်ပေါင်း ၂ဘီလီယံကျော်ရှိသွားခဲ့ပါပြီ။ သီချင်းတွေ၊ ဇာတ်ဝင်ခန်းတွေကို နှုတ်ခမ်းလှုပ်ပြီး အသွင်တူသရုပ်ဆောင်တဲ့ ဗီဒီယိုတွေ၊ အက ကတဲ့ဗီဒီယိုတွေ အပြင် တခြား စိတ်ဝင်စားစရာ ဗီဒီယိုတွေကို ကိုယ်တိုင်ဖန်တီးနိုင်သလို တခြားသူတွေကိုလည်း မျှဝေကြည့်ရှုနိုင်တဲ့ ဒီလူမှုဖျော်ဖြေရေး အပလီကေးရှင်းဟာ အရင်ကတည်းက အသုံးပြုသူ အခိုင်အမာရှိပြီးသားအပြင် Covid-19 ကြောင့် အိမ်တွင်အောင်းနေရတဲ့ လူပေါင်းများစွာကို အထီးကျန်မှုကနေ ဖြေဖျောက်ပေးနိုင်တဲ့အတွက် ဒီနှစ်ပိုင်းတွင်းမှာတော့ သုံးစွဲသူတွေ တဟုန်ထိုးများပြားလာခဲ့တာပါ။
TikTok ဟာခုဆိုရင် နိုင်ငံတကာမြို့ကြီးတွေမှာ ဝန်ထမ်းလစ်လပ်နေရာ ၈၂၄ ခုကြေငြာထားပြီး အဲထဲကမှ ၁၁၇ နေရာဟာ လန်ဒန်ရုံးအတွက်ဖြစ်ပါတယ်။ CNBC ရဲ့ စုံစမ်းချက်အရ လန်ဒန်က ပညာရှင်တစ်ယောက်ဟာ Lead Machine Learning Engineering ရာထူးအတွက် TikTok ကနေ တစ်နှစ်အခြေခံလစာ ပေါင် ၂သိန်းနဲ့ ကမ်းလှမ်းတာခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီပညာရှင်က ဆွေးနွေးမှုမှာပါတဲ့ လျှို့ဝှက်ချက်တွေကြောင့် သူ့နာမည်ကို ဖော်ပြဖို့တော့ ငြင်းဆန်ခဲ့ပြီး သူဟာ ဒီရာထူးကို လက်ခံခဲ့ရင် သူ့အောက်မှာ ဝန်ထမ်း ၁၀ယောက်ကို ဦးစီးရမဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တယ်လို့ TikTok ကပြောပါတယ်တဲ့။ နောက်ပြီး TikTok ဟာ လန်ဒန်မှာ ရုံခန်းအကြီးကြီးတစ်ခုကို ငှါးထားပြီးပြီလို့လည်း သူကဆက်ပြောပါသေးတယ်။ LinkedIn မှာ တင်ထားချက်အရတော့ TikTok ဟာ လန်ဒန်ရုံးအတွက် Lead Machine Learning Engineer ရာထူးသာမက iOS Engineer, lead solution Engineer, software Engineer ရာထူးတွေကိုပါ ရှာဖွေနေတာပါ။
တကယ်တော့ အမေရိကန် နည်းပညာဘီလူးကြီးတွေဖြစ်တဲ့ Google, Facebook, Amazon, Twitter တို့ဟာ လန်ဒန်မြို့မှာ သူတို့ရဲ့ ရုံးခွဲအကြီးကြီးတွေကို ဖွင့်လှစ်ထားခဲ့ပြီး ဝန်ထမ်းထောင်ပေါင်းများစွာနဲ့ လည်ပတ်နေတာပါ။ ဒါပေမဲ့ ခုဆိုရင် TikTok ဟာဒီရုံးက ဝန်ထမ်းတွေကို မက်လုံးပေးပြီး သူ့ဆီရောက်အောင် တစ်ယောက်ပြီး တစ်ယောက်သိမ်းသွင်းနေပါပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက Google က သီယိုဘာထရန်ဟာ TikTok ကိုအလုပ်ပြောင်းလာခဲ့ပြီး ခုဆိုရင် အစိုးရပေါ်လစီနဲ့ပြည်သူ့ဆက်ဆံရေး ဒါရိုက်တာအဖြစ်တာဝန်ယူနေပါတယ်။ ဒါတင်မကသေးပါဘူး။ Facebook က ဝန်ထမ်းသစ်ခန့်အပ်ရေး ဌာနမှူး ရို့စ်ဘာရွန်ဟာ မတ်လမှာ TikTok ကို ပြောင်းလာခဲ့ပြီး ခုဆို ဥရောပအနောက်ပိုင်း ဝန်ထမ်းသစ်ရှာဖွေခန့်အပ်ရေး ဌာနမှူးအဖြစ် တာဝန်ယူထားပါတယ်။ CNBC ရဲ့ LinkedIn အချက်အလက်တွေကို သုံးသပ်ထားမှုအရ အမေရိကန် ဆီလီကွန်တောင်ကြားက နည်းပညာရှင်တချို့ပါ TIkTok လန်ဒန်ရုံးမှာ ရောက်နေကြပြီလို့ သိရပါတယ်။ ဒါ့အပြင် အပေါ်က ဥပမာလိုပဲ ခုလက်ရှိ TikTokရဲ့ လန်ဒန်ရုံးက လစ်လပ်ရာထူးတွေအတွက် မက်လောက်စရာ လစာတွေနဲ့ တိတ်တဆိတ်ကမ်းလှမ်းခြင်း ခံနေရတဲ့ ပညာရှင်တွေ တော်တော်များများရှိနေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNBC
Photo: TalentSpace
0