ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြုလုပ်ခဲ့သော SpaceX နှင့် အမေရိကန်ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင်အဖွဲ့တို့ တွေ့ဆုံပွဲတွင် တင်ပြခဲ့သော တင်ပြချက်များအရ အီလွန်မက်ခ်စ်ပိုင် SpaceX ၏ Starlink အင်တာနက်ကို အသုံးပြုသူပေါင်း ၄သိန်း ကျော်လာပြီဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ထုတ်ဖော်ပြောပြချက်အရ Starlink အင်တာနက်သည် အသုံးပြုသူများ ပုံမှန်တိုးတက်လျက်ရှိသည်ကို တွေ့နေရပြီး ပြီးခဲ့သည့် မတ်လတုန်းကမူ အသုံးပြုသူပေါင်း ၂သိန်းခွဲသာ ရှိသေးသည်။
ပြီးခဲ့သည့် ၂၀၂၀ခုနှစ် အောက်တိုဘာတွင် စတင်မိတ်ဆက်ခဲ့သည့် Starlink အင်တာနက်သည် ယခုအခါ တစ်ဦးချင်းအသုံးပြုသူများနှင့် စီးပွားရေးအဖွဲ့အစည်းလိုက် အသုံးပြုသူဦးရေ ဖြည်းဖြည်းချင်း မြင့်တက်နေခြင်းဖြစ်ပြီး ယခုနှစ်အစတွင်ရှိခဲ့သည့် အသုံးပြုသူအရေအတွက်မှာ ၁၄၅၀၀၀ ဖြစ်သည်။
Starlink အင်တာနက်သည် ဆက်သွယ်ရေး ဂြိုလ်တုပေါင်း ထောင်ချီကို ကမ္ဘာပတ်လမ်းကြောင်း၏ အနိမ့်ပိုင်းတွင် ကွန်ရက်ဖြန့်ကျက် တည်ဆောင်ထားခြင်းဖြစ်ပြီး အီလွန်မက်ခ်စ်၏ ရည်ရွယ်ချက်မှာ ပုံမှန် အင်တာနက်များထက် လိုင်းဆွဲအားပိုမိုကောင်းမွန်ပြီး ကမ္ဘာပေါ်ရှိ နေရာတိုင်းတွင် ဖမ်းယူရရှိစေနိုင်ရန်ဖြစ်သည်။
ပြည်ထောင်စု ဆက်သွယ်ရေးကော်မရှင်နှင့် တွေ့ဆုံပွဲတွင် တင်ပြခဲ့သော အချက်အလက်များအရ Starlink အင်တာနက်ကို အမေရိကန်ရှိ ပြည်နယ် ၄၈ခုတွင် ရယူသုံးစွဲနိုင်ပြီဖြစ်ပြီး အခြားနိုင်ငံပေါင်း ၃၆နိုင်ငံတွင်လည်း အသုံးပြုနိုင်ပြီဖြစ်ကာ အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများသည် လာမည့်နှစ် ကွန်ရက်တိုးချဲ့မည့် စီမံကိန်းတွင် အဓိကပါဝင်သည်။
Starlink ၏ ဝဘ်ဆိုက်တွင် ဖော်ပြထားချက်အရ နောက်လာမည့် စီမံကိန်းများတွင် မပါဝင်သည့် နိုင်ငံစာရင်းမှာ အနည်းငယ်သာရှိပြီး ၎င်းတို့မှာ အာဖဂန်နစ္စတန်၊ ဘီလာရုဇ်၊ ကျူးဘား၊ တရုတ်၊ အီရန်၊ မြောက်ကိုးရီးယား၊ ရုရှား၊ ဆီးရီးယားနှင့် ဗင်နီဇွဲလားဆို့ဖြစ်သည်။
Starlink အင်တာနက်ကို အသုံးပြုချင်သူများအတွက် ဈေးနှုန်းများမှာ Basic Package အတွက် စက်ပစ္စည်းဖိုး ၅၉၉ ဒေါ်လာနှင့် လစဉ်ကြေး ဒေါ်လာ ၁၁၀ဖြစ်ပြီး Premium Package မှာ စက်ပစ္စည်းဖိုး ဒေါ်လာ ၂၅၀၀နှင့် လစဉ်ကြေး ဒေါ်လာ ၅၀၀ ဖြစ်သည်။
သည့်အပြင် မကြာသေးမီကပင် မိမိတို့၏ Starlink အင်တာနက် အင်တီနာကို မကြာခဏ နေရာရွှေ့လိုသော အသုံးပြုသူများအတွက် Portable package အဖြစ် လစဉ် ၂၅ ဒေါ်လာ ကျသင့်မည့် အစီအစဉ်အပြင် အသုံးမပြုလိုသည့် လတွင် ခေတ္တရပ်နားထားနိုင်သော “Starlink for RVS” အစီအစဉ်ကိုလည်း မိတ်ဆက်ထားသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNBC
Photo: Advanced Television