ဂျပန်နည်းပညာ ကုမ္ပဏီကြီးဖြစ်သော Sony အနေဖြင့် Honda ကုမ္ပဏီနှင့် ပူးတွဲ ထုတ်လုပ်မည့် Afeela အမည်ရှိ လျှပ်စစ်ကား၏ ရှေ့ပြေးပုံစံကို ပွဲထုတ်ပြသခဲ့ကြောင်း သိရပြီး စမတ်ဖုန်းများအတွက် processor များ ထုတ်လုပ်ပေးနေသော Qualcomm ကုမ္ပဏီ၏ နည်းပညာများကို အဆိုပါ ကားတွင် အသုံးပြုထားကြောင်း သိရသည်။
အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့တွင် ကျင်းပခဲ့သော CES 2023 ကားပြပွဲတွင် Sony က ၎င်းတို့၏ Afeela ကားကို ပွဲထုတ်ပြသခဲ့ခြင်းဖြစ်ပြီး ပြိုင်ကားဆန်သော အချိုးအဆစ်များတွင် အနက်ရောင် အမိုးနှင့် အမိုးကိုင်းများကို တပ်ဆင်ထားသည်ကို တွေ့ရှိခဲ့ရသည်။
Sony သည် Honda နှင့် တွဲဖက်၍ လျှပ်စစ်ကားထုတ်လုပ်နေပြီဖြစ်ကြောင်း ယမန်နှစ် မတ်လအတွင်းက စတင်ကြေငြာခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်မှသာ နမူနာပုံစံကို ချပြနိုင်ခဲ့ခြင်းဖြစ်ပြီး ကားအတွင်းပိုင်း၊ ယာဉ်မောင်းနေရာနှင့် ပါဝင်မည့် နည်းပညာများအရ မောင်းသူမဲ့ ကားစနစ်ကို အသားပေးထားသည်ဟု လေ့လာသူများက သုံးသပ်သည်။
နည်းပညာမြင့် ကားစနစ်ကို တည်ဆောက်ရန်အတွက် နောက်ဆုံးပေါ် ဆော့ဖ်ဝဲများနှင့် အရည်အသွေးမြင့် ကွန်ပျူတာစနစ်များ ပါဝင်ရန် လိုအပ်ပြီး သည့်အတွက်ကြောင့်ပင် မိမိတို့အနေဖြင့် Qualcomm ဖြင့် အဓိကတွဲဖက်ကာ ယခု လျှပ်စစ်ကားကို ဖန်တီးထားကြောင်း Sony Honda Mobility ၏ CEO က အဆိုပါ ကားပြပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
Qualcomm သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကပင် ကားမောင်းနှင်စနစ်များ၊ ကားအတွင်းပိုင်း လုပ်ဆောင်ချက်များနှင့် ဖျော်ဖြေမှုများကို လုပ်ဆောင်ပေးနိုင်သော Snapdragon Ride Flex SoC processor ကို ထုတ်ဖော်ပြသခဲ့သည်။
ယခင်က အဆိုပါ လုပ်ဆောင်ချက်များကို မတူညီသည့် ချစ်ပ်ပြားများက သီးသန့်လုပ်ဆောင်ကြခြင်းဖြစ်ပြီး ယခုအခါ အဆိုပါ ချစ်ပ်ပြားတစ်ခုတည်းကသာ စွမ်းဆောင်နိုင်မည်ဖြစ်သဖြင့် ဈေးနှုန်းလည်း သက်သာသွားမည်ဖြစ်ကြောင်း Qualcomm က ဆိုသည်။
Sonyသည် ယခင်ကတည်းကပင် အာရုံခံစနစ်များဖြင့် ပတ်သတ်၍ နာမည်ရပြီးသား ဖြစ်သည့်အတွက် ယခု Afeela လျှပ်စစ်ကားတွင်လည်း အာရုံခံစနစ်ပေါင်း ၄၀ ခန့် တပ်ဆင်ထားကြောင်း သိရကာ Honda အနေဖြင့်လည်း ယခုပူးပေါင်းမှုမှ တစ်ဆင့် လျှပ်စစ်ကားလောကသို့ ဝင်ရောက်နိုင်ပြီဖြစ်သည်။
Sony နှင့် Honda တို့သည် အဆိုပါ လျှပ်စစ်ကားကို ၂၀၂၆ ခုနှစ်တွင် မြောက်အမေရိက၌ စတင်ဖြန့်ချိသွားနိုင်ရန် ရည်ရွယ်ထားကာ ဈေးနှုန်းမှာ ပုံမှန် လျှပ်စစ်ကားများထက် ပိုမိုမြင့်မားနိုင်ဖွယ်ရှိကြောင်း သိရသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, CAN
Photo: Engaget