0

ဆီလီကွန်တောင်ကြားက ဘာလို့အိန္ဒိယမှာအသည်းအသန် ရင်းနှီးမြှုပ်နှံနေတာလဲ?

Share

၂၀၂၀ နှစ်စပိုင်းကတည်းက အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေဟာ အိန္ဒိယမှာ ဒေါ်လာ ၁၇ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံပြီးပါပြီ။
Amazon က ဇန်နဝါလီလမှာ ဒေါ်လာ ၁ ဘီလျံ၊ Facebook ကဧပြီလကုန်မှာ ဒေါ်လာ ၆ ဘီလျံနီပါးနဲ့ Google ကပြီးခဲ့တဲ့အပတ်မှာ ဒေါ်လာ ၁၀ ဘီလျံထိရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ ယခုနှစ်ထဲမှာ နိုင်ငံတကာကနေ အိန္ဒိယဆီ ရင်းနှီးမြှုပ်နှံမှုဆက်တိုက်ပြုလုပ်ခဲ့ကြပြီး အမေရိကန်ဆီကပဲ ဒေါ်လာ ၂၀ ဘီလျံကျော်ရရှိပြီးပါပြီ။

အိန္ဒိယအာဏာပိုင်တွေနဲ့ အမေရိကန်နည်းပညာကုမ္ပဏီများအကြား မပြေလည်မှုတွေ၊ အမေရိကန် CEO တွေ နယူးဒေလီကို လာရောက်လည်ပတ်စဉ်က စိမ်းစိမ်းကားကားဆက်ဆံခံခဲ့ရတာတွေကို ကြည့်ပြီး ရုတ်တရက် စဉ်းစားကြည့်လိုက်ရင် ဒီလိုနည်းပညာကုမ္ပဏီကြီးတွေက ဘီလျံပေါင်းများစွာ လာရောက်ရင်းနှီးမြှုပ်နှံမှုဟာ မဖြစ်နိုင်ဘူး၊ အဓိပ္ပါယ်မရှိဘူးလို့ တွေးထင်စရာဖြစ်နေပါတယ်။

ဒါပေမဲ့ အဲဒါတွေအားလုံးဟာပြောင်းလဲသွားပါပြီ။ အမေရိကန် ထရမ့်အစိုးရက တရုတ်ကုမ္ပဏီတွေအပေါ် အယုံအကြည်ကင်းမဲ့လာသလို အိန္ဒိယက တရုတ်နည်းပညာနဲ့ပါတ်သတ်ပြီး သံတမန်ဆက်ဆံရေးတွေဟာလည်း အေးစက်လာခဲ့ပါတယ်။

အမေရိကန်ဟာ တရုတ်နဲ့ပူးပေါင်းဖို့ မှေးမှိန်လာခဲ့ပြီး တရုတ်က ဟောင်ကောင်လိုနေရာမျိုးမှာ ခြေကုပ်ရယူဖို့ကြိုးစားလာတာကြောင့် အိန္ဒိယဈေးကွက်ဟာ အမေရိကန်နည်းပညာကုမ္ပဏီအတွက် မျက်စိကျစရာဖြစ်လာခဲ့ပါတယ်။

အဲဒါတွေထက် အိန္ဒိယမှာ ရင်းနှီးမြှုပ်နှံမှုတွေအကြီးအကျယ်ပြုလုပ်နေတဲ့ နောက်ထပ်အကြောင်းရင်းကတော့ အင်တာနက်သုံးစွဲသူ ၇၀၀ မီလျံကျော်ရှိပြီး နောက်ထပ် ဘီလျံဝက် ထပ်မံတိုးတက်လာဖို့ရှိတဲ့ အိန္ဒိယရဲ့ ဧရာမဈေးကွက်ကြီးကြောင့် ဆိုရင်လည်းမမှားပါဘူး။

China Factors
တရုတ်ဟာ ဆီလီကွန်တောင်ကြားကို နှစ်ပေါင်းများစွာပိတ်ဆို့ထားခဲ့တာဖြစ်ပြီး ဆင်ဆာတံတိုင်းအထပ်ထပ်နဲ့ ကာကွယ်ထားခဲ့တာပါ။ ဒါ့အပြင် အင်တာနက်လွတ်လပ်စွာအသုံးပြုနိုင်ပြီး Google နဲ့ Facebook အသုံးပြုလို့ရတဲ့ ဟောင်ကောင်ကိုလည်း အငြင်းပွားစရာကောင်းတဲ့ နိုင်ငံသားလုံခြုံရေးဥပဒေတွေ အတင်းချမှတ်ထားတာကြောင့် ဆီလီကွန်တောင်ကြားက ကုမ္ပဏီကြီးတွေကို ဝေးသထက်ပိုဝေးသွားအောင် လုပ်နေပါတယ်။

တရုတ်အာဏာက ဟောင်ကောင်အစိုးရအပေါ် ပိုမိုတင်စီးလာပြီး တရုတ်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တဲ့ post တွေနဲ့ အဲဒီ services တွေကို အသုံးပြုခွင့်ပိတ်ပစ်ဖို့ ဖိအားပေးလာခဲ့ပါတယ်။ Facebook, Google နဲ့ Twitter တို့ကလည်း ဟောင်ကောင်အစိုးရနဲ့ data sharing လုပ်တာတွေကို လုံးဝရပ်တန့်ပစ်တော့မယ်လို့ ကြေညာထားပါတယ်။ ဒီကြားထဲမှာ TikTok ကတော့ ဟောင်ကောင်ကို အပြီးတိုင် နှုတ်ဆက်ထွက်ခွါသွားခဲ့ပြီးပါပြီ။

“တရုတ်နဲ့ အလုပ်လုပ်ရတာ ခက်သထက် ပိုမိုခက်ခဲလာပြီး တရုတ်နဲ့ ပူးပေါင်းအလုပ်လုပ်နေတဲ့ နိုင်ငံတကာစီးပွားရေးကုမ္ပဏီတွေအပေါ်မှာလည်း ယုံကြည်မှုနဲ့ပါတ်သတ်တဲ့ ပြဿနာတွေမြင့်တက်လာနေတယ်” လို့ Standford တက္ကသိုလ် မှဒါရိုက်တာဖြစ်သူ Mark Lemley ကဆိုပါတယ်။

အမေရိကန်အစိုးရက တရုတ်နည်းပညာကုမ္ပဏီတွေအပေါ် ယုံကြည်မှု ဆက်တိုက်ကျဆင်းလာခဲ့ပါတယ်။ တရုတ် နည်းပညာကုမ္ပဏီ ByteDance ကပိုင်ဆိုင်တဲ့ TikTok နဲ့ Huawei ကုမ္ပဏီတို့ကို ထရမ့်အစိုးရက အမေရိကားကနေ အပြီးသတ်မောင်းထုတ်ဖို့ ကြိုးစားနေတာဟာ ထင်ရှားတဲ့ ဥပမာပါပဲ။

“အိန္ဒိယနဲ့ အရှေ့တောင်အာရှနိုင်ငံငယ်ကလေးတွေဟာ တရုတ်နဲ့ စီးပွားရေးမိတ်ဖက်တွေပြုနေသလို အမေရိကန်ရဲ့ လုံခြုံရေးကိုလဲအရယူထားကာ ပါဝါကြီးနှစ်ခုကြားမှာ ချိန်ခွင်လျှာညှိပြီး လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေကြတာဖြစ်ပါတယ်” လို့ Tufts University ရဲ့ ဒါရိုက်တာ Ravi Shankar Chaturvedi ကဆိုပါတယ်။ သူနဲ့အတူအခြားပညာရှင်တွေကလည်း ဆီလီကွန်တောင်ကြားမှာ အလုပ်လုပ်နေတဲ့ အိန္ဒိယအင်ဂျင်နီယာသမားတွေအပါအဝင် Google, Microsoft နဲ့အမေရိကန်ကုမ္ပဏီကြီးတွေမှာ အိန္ဒိယလူမျိုးတွေက ထိပ်တန်းခေါင်းဆောင်နေရာကိုယူထားတာကြောင့် အိန္ဒိယနဲ့ အမေရိကန်ဟာ နည်းပညာနဲ့ပါတ်သတ်ပြီး ရှည်လျားတဲ့ ပါတ်သတ်ဆက်နွယ်မှုတွေရှိကြောင်း ထောက်ပြကြပါတယ်။ ဒါ့အပြင် covid ကာလမှာ အိန္ဒိယလူမျိုးတွေဟာ အိမ်ပြင်ထွက်စရာမလိုပဲ အိမ်ထဲကနေ အလုပ်ပိုလုပ်လာတဲ့အတွက် အိန္ဒိယ အိမ်ထောင်စုတွေကို အင်တာနက်ပိုသုံးဖို့တွန်းအားပေးခဲ့တာကြောင့် အိန္ဒိယဈေးကွက်ဟာ အခွင့်အရေးကောင်းကြီးတခုဖြစ်စေခဲ့ပါတယ်။

အချမ်းသာဆုံးသူကြီး ပိုမိုချမ်းသာလာ
အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေ မျက်စိကျနေတဲ့ အိန္ဒိယဈေးကွက်ထဲဝင်ဖို့ အရှိန်ယူနေချိန်မှာပဲ အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ကြီးက သူ့ကိုယ်သူ ဈေးကွက်တံခါးစောင့်နေရာက ဝင်ယူလိုက်ပါတယ်။

ဒီနှစ်ထဲမှာ Facebook နဲ့ Google တို့ အိန္ဒိယဆီလာရောက်ရင်းနှီးမြှုပ်နှံမှုအားလုံးဟာ အိန္ဒိယ ဘီလျံနာကြီး Mukesh Ambani အုပ်ချုပ်နေတဲ့ ကုမ္ပဏီတွေအားလုံးဆီ စီးဆင်းဝင်ရောက်သွားပါတော့တယ်။ Ambani ရဲ့ Reliance Industries Limited ရဲ့လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ Jio Platforms ဟာ ဧပြီလမှာ အမေရိကန်ဒေါ်လာ ဘီလျံ၂၀ကျော် ရင်းနှီးမြှုပ်နှံငွေရရှိခဲ့ပြီး ကြီးမားလှတဲ့ အိန္ဒိယရဲ့ ဒီဂျစ်တယ်စီပွားရေးလုပ်ငန်းကို လျှင်မြန်စွာ အဆင့်မြှင့်တင်ပေးမဲ့ ယန္တရားကြီးတခုဖြစ်လာပါတယ်။

Jio ရဲ့ mobile network ကို ၂၀၁၆ ခုနှစ်မှာစတင်ခဲ့ပြီး လျှင်မြန်စွာပဲ သန်း ၄၀၀ နီးပါး အသုံးပြုသူ subscribers တွေရရှိလာခဲ့ပါတယ်။ E- commerce, digital payments, streaming ဝန်ဆောင်မှုနဲ့ မကြာသေးမီက တရှိန်ထိုးအောင်မြင်လာခဲ့ video conferencing app တွေအကြားယှဉ်ပြိုင်မှု ပြင်းထန်လာချိန်မှတော့ “Zoom” ကိုယှဉ်ပြိုင်မဲ့ “JioMeet” ကိုထုတ်လုပ်ခဲ့ပြီး Ambani ဟာသူရဲ့ကုမ္ပဏီတွေအားလုံးကို အိန္ဒိယရဲ့ ဒီဂျစ်တယ်စီးပွားရေးအားလုံးကို မောင်းနှင်မဲ့သူအဖြစ် ပြောင်းလဲလိုက်ပါတော့တယ်။

ပြီးတော့ ဆီလီကွန်တောင်ကြားကလည်း သူ့ကိုလုံးဝ လိုအပ်နေပါတယ်။

U.S နည်းပညာက တရုတ်ရဲ့မဟာတံတိုင်းကြီးကို ထိုးဖောက်ဝင်ရောက်ဖို့ မဖြစ်နိုင်ပေမဲ့ Jio ကာရံထားတဲ့ အိန္ဒိယဂိတ်တံတိုင်းကိုတော့ ဝင်ရောက်ဖို့ ပိုလွယ်ကူနေပါတယ်။ “ဂိတ်ကိုဖြတ်ဖို့ Reliance ကိုဂိတ်ကြေးဆက်လိုက်ရုံပါပဲ” လို့ Chaturvedi ကဆိုပါတယ်။

အိန္ဒိယရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ကြီး တည်ထောင်ထားတဲ့ အိန္ဒိယရဲ့ အကြီးဆုံးကုမ္ပဏီကြီး Reliance ဟာ ပြည်သူတွေအပေါ် လွှမ်းမိုးနိုင်တဲ့သြဇာအာဏာအပြည့်အဝရှိပြီး Facebook, Google နဲ့ Amazon တို့ရဲ့ data storage နဲ့ပါတ်သတ်ပြီး ဝန်ထုတ်ဝန်ပိုးမဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အသစ်ဝင်လာတဲ့ မည်သည့် နိုင်ငံတကာကုမ္ပဏီကမှ Reliance လောက် မြန်မြန်ဆန်ဆန်မလုပ်နိုင်ကြပါဘူး။ Reliance က E-commerce ရဲ့စည်းမျဉ်းစည်းကမ်းတွေ data localization ဥပဒေတွေအပေါ် အတော်လေးပိုင်ပါတယ်။

ထရမ့်အစိုးရက အမေရိကန်စီးပွားရေးကို တခြားကမ္ဘာကဝင်ရောက်ချယ်လှယ်မှုကို အသည်းအသန်ပိတ်ဆို့နေပေမဲ့လည်း ဆီလီကွန်တောင်ကြားကတော့ သူသွားနိုင်သမျှထိဝေးဝေးသွားဖို့ ကြိုးပမ်းနေပါတယ်။ အိန္ဒိယကတော့ ကောက်ယူဖို့ အချိန်တန်နေတဲ့ မှည့်ဝင်နေတဲ့အသီးပါပဲ။

“ဒီလိုပြောရတာ ရင်နာစရာကောင်းပေမဲ့လည်း အမေရိကန်ဟာတီထွင်ဖန်တီးမှု အသစ်တွေထွက်ပေါ်လာဖို့ စိတ်ဝင်စားစရာမကောင်းတော့တာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းကပဲ” လို့ Lemley ကဆိုပါတယ်။ “ထရမ့်အစိုးရကလည်း ကမ္ဘာတလွှားက အတော်ဆုံး အထက်မြတ်ဆုံးလူတွေကို ဆီလီကွန်တောင်ကြားဆီခေါ်ဖို့ ပိုခက်သထက်ခက်အောင် လုပ်နေတယ်။ ဒါ့ကြောင့် နည်းပညာကုမ္ပဏီတွေဟာ တီထွင်ဖန်တီးမှုမရှိတော့တဲ့ နေရာကိုစွန့်ခွါပြီး ကမ္ဘာ့အခြားနေရာဆီကနေ လိုက်ရှာနေကြတာဖြစ်ပါတယ်” လို့ Lemley ကဆိုပါတယ်။

Source: CNN Business
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

%d bloggers like this: