Photo: LifeWire
ခုခေတ် လူမှုနေ့စဉ်ဘဝမှာ မိုဘိုင်းဖုန်းတွေက လူတစ်ယောက်စီအတွက် မရှိမဖြစ် အသုံးအဆောင်ပစ္စည်း ဖြစ်လာပြီးနောက်ပိုင်း နေ့စဉ်နဲ့အမျှ ကျွန်တော်တို့လက်တွေဟာ ဖုန်းနဲ့ မထိတွေ့ဖြစ်တဲ့ရက်ဆိုတာ မရှိသလောက်ပါပဲ။ ဒီတော့ ကျွန်တော်တို့ လက်တွေနဲ့ ထိတွေ့မိသမျှ အစားအစာ၊ ဖုန်မှုန့်၊ ချွေး၊ အညစ်အကြေး၊ ဘက်တီးရီးယားတွေ အကုန်လုံးဟာ ဖုန်းမှာ စုပုံနေတတ်ပါတယ်။ ဒါကြောင့်လဲ ခု ကိုရိုနာဗိုင်းရပ်စ်လို လက်ကတဆင့်အများဆုံးကူးစက်တတ်တဲ့ ရောဂါဆိုးပြန့်နှံ့နေချိန်မှာ လက်နဲ့ အမြဲထိတွေ့နေတဲ့ ဖုန်းကို ပိုးသတ်ဖို့ အာရုံစိုက်လာကြတာ ဖြစ်ပါတယ်။
ခု PhoneSoap ဆိုတဲ့ ဖုန်းသန့်စင်စက်လေးတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို သတ်နိုင်တယ်လို့ တိကျတဲ့ ဓါတ်ခွဲခန်းအဖြေ မထွက်သေးပေမဲ့ သူတို့ ကုမ္ပဏီရဲ့ ရောင်းအားကတော့ မနှစ်ကထက် အဆ (၂၀)လောက် တက်သွားတယ်လို့ PhoneSoap ကုမ္ပဏီရဲ့ တည်ထောင်သူက CNN သတင်းဌာနကို ပြောပါတယ်။ ကုမ္ပဏီမှာ ခုမတ်လအစလောက်ကစလို့ ရောင်းစရာပစ္စည်းပြတ်နေပေမဲ့ ကြိုတင်မှာထားတဲ့ အော်ဒါတွေဟာ မေလကုန်ထိကို ရှိနေပါတယ်တဲ့။ သူတို့ ကုမ္ပဏီအနေနဲ့ ကတော့ ဒီလိုရောင်းအားကောင်းနေပေမဲ့ ဗိုင်းရပ်စ်ပြန့်ပွားမှုကြီးဟာ အောင်ပွဲခံရမဲ့ ကိစ္စလို့ မယူဆပါဘူးတဲ့၊ ဒါပေမဲ့ လူထုထဲမှာ ဖုန်းတွေဟာ ဘက်တီးရီးယား အများဆုံးခိုကပ်တဲ့ နေရာအနေနဲ့ အသိဝင်လာတာကတော့ ကောင်းတဲ့အချက်ပါလို့ ပြောကြားသွားပါတယ်။
Photo : PhoneSoap
ဒီဖုန်းသန့်စင်စက်လေးတွေဟာ အတွင်းထဲမှာ UV မီးချောင်းလေးပါပြီးတော့ အဲဒီကထွက်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ပိုးသတ်တာပါ။ ခုလက်ရှိ ဓါတ်ခွဲခန်းစမ်းသပ်ချက်တွေအရတော့ ဒီစက်တွေဟာ အီးကိုလိုင် (E.Coli) နဲ့ ဆယ်မိုနဲလား (Salmonella) ပိုးတွေကိုတော့ သေချာပေါက်သတ်ပစ်နိုင်တယ်လို့ သိရပါတယ်။ ဆားစ် နဲ့ ကိုရိုနာဗိုင်းရပ်ပိုးတွေကိုတော့ သူ့ထက်ပြင်းတဲ့ ခရမ်းလွန်ရောင်ခြည်အားနဲ့မှ သေချာပေါက် အမြစ်ဖြတ်နိုင်လိမ်မယ်လို့ ဓါတ်ခွဲခန်းမှုးက အကြံပြုထားပါတယ်။ လောလောဆယ်မှာ ဒါမျိုးစက် (၁)လုံးကို ပိုင်ဆိုင်ထားပြီး ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ချင်ရင်တော့ ဖုန်းကို စက်ထဲမှာ ၂နာရီလောက် ကြာအောင်ထည့်ထားပေးရင် အထိုက်အလျောက်တော့ ကာကွယ်လိမ့်မယ်လို့ ထပ်မံပြောကြားထားပါသေးတယ်။
ခုဆို ကုမ္ပဏီက PhoneSoap 3 ဆိုပြီး နောက်ဆုံးမိုဒယ်ကို ထုတ်လုပ်ထားပါတယ်။ ဒီမိုဒယ်က ဖုန်း ဆိုဒ်ကြီး၊ ဆိုဒ်သေး အကုန်လုံးအတွက် အဆင်ပြေပေမဲ့ တက်ဘလက်တွေတော့ မရပါဘူး။ ဒါကြောင့် ဒီနှစ်လည်မှာ ပိုကြီးတဲ့ ဒီဇိုင်းကို ထုတ်ဖို့ စီစဉ်နေပြီလို့ ကုမ္ပဏီကကြေငြာထားပါတယ်။ ဒီလို သန့်စင်စက်မျိုးမရှိရင်တော့ Isopropyl Alcohol ၇၀% အထက်ပါတဲ့ လက်သန့်ဆေးရည်နဲ့ ဖုန်းကို သန့်ရှင်းရေးလုပ်ပေးရင်လည်း အတူတူပါပဲခင်ဗျား။ မြန်မာနိုင်ငံက Supermarker တွေမှာ ဒီလို လက်သန့်ဆေးရည်တွေ အလွယ်တကူ ဝယ်လို့ရပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source : CNN