ရောင်းအား ၂၀%ကျဆင်းခဲ့ပြီးနောက် ဝန်ထမ်း ၁၄၀၀၀ ခန့်လျော့ချမည်ဟု Nokia ကြေငြာ

Share

ယခုနှစ်၏ တတိယသုံးလပတ်တွင် 5G ဆက်သွယ်ရေး ပစ္စည်းများ၏ရောင်းအားသည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ရာခိုင်နှုန်း ကျဆင်းသွားခဲ့သောကြောင့် စရိတ်လျော့ချသည့် အနေဖြင့် ဝန်ထမ်း ၁၄၀၀၀ခန့် ကို ရာထူးမှ ရပ်ဆိုင်းမည်ဖြစ်ကြောင်း Nokia ကကြေငြာခဲ့သည်။

အဆိုပါသတင်းထွက်ပေါ်လာပြီးနောက် Nokia ၏ ရှယ်ယာတန်ဖိုးမှာလည်း ၂ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု သိရသည်။

Nokia အနေဖြင့် 5G မိုဘိုင်းကွန်ရက်၏ ဆက်သွယ်ရေးပစ္စည်းများကို ယခုနောက်ပိုင်းတွင် အဓိကဖြန့်ချိနေခြင်းဖြစ်ပြီး ၎င်းတို့၏ ပင်မစျေးကွက်ဖြစ်သော အမေရိကန်တွင် ဝယ်လိုအား ကျဆင်းသွားခြင်းက ရိုက်ခတ်မှု ကြီးမားခဲ့သည်။

အမေရိကန်စျေးကွက်၏ 5G ဆက်သွယ်ရေးပစ္စည်း ဝယ်လိုအားကျဆင်းမှုကို Nokia သာမက ၎င်း၏ ပြိုင်ဘက် Ericsson ပါ ခံစားရခြင်းဖြစ်ပြီး စျေးကွက် ချဲ့ထွင်မှုအနေဖြင့် အိန္ဒိယကို မျက်စိကျနေကြသော်လည်း အိန္ဒိယတွင်လည်း ယမန်နှစ် ၂၀၂၂ ကဲ့သို့ ဝယ်လိုအား မတက်သေးကြောင်း သိရသည်။

Nokia CEO ၏ အဆိုအရ မြောက်အမေရိကစျေးကွက်၏ တတိယသုံးလပတ်တွင် ရောင်းအားကျဆင်းမှုသည် ကုမ္ပဏီကို အဓိကထိုးနှက်ခဲ့ပြီး ပုံမှန်အခြေအနေသို့ပြန်ရောက်ရန် ကြာမြင့်ဦးမည်ဟု သူကယူဆသည်။

Nokia အနေဖြင့် လက်ရှိ ဝန်ထမ်းအင်အား ၈၆၀၀၀ တွင် ၁၆ ရာခိုင်နှုန်းခန့်လျော့ချ၍ ၇၇၀၀၀ မှ ၇၂၀၀၀ ကြားသာထားရှိသွားမည်ဖြစ်ပြီး ၂၀၂၆ တွင် ကုန်ကျစရိတ် ယူရိုသန်း ၈၀၀မှ ယူရို ၁.၂ ဘီလျံကြား​လျော့ချနိုင်ရန် ရည်မှန်းထားသည်။

Nokia ကဲ့သို့ပင် Ericsson သည်လည်း ယခုနှစ် အစောပိုင်းတွင် ဝန်ထမ်း ထောင်ချီလျော့ချခဲ့ပြီး 5G ဆက်သွယ်ရေးကဏ္ဍ၏ လားရာမရေရာမှု​ကြောင့် ဖြစ်ပေါ်လာသည့် စီးပွါးရေးထိုးနှက်မှုသည် ၂၀၂၄ အထိရှိဦးမည်ဟု Ericsson ကယူဆသည်။

5G အနေဖြင့် ခေတ်သစ်တခုစတင်ခြင်းဖြစ်သလို မောင်းသူမဲ့ကားမှသည် အလိုလျောက်စနစ်များစွာကို ပြုလုပ်နိုင်သည့် နည်းပညာကွန်ရက်ဖြစ်သော်လည်း အသုံးချနိုင်မှုအပိုင်းတွင် နှေးကွေးနေခြင်းဖြစ်သည်။

ထိုကဲ့သို့ တိုးတက်မှုနှေးကွေးခြင်းနှင့် အနာဂတ်ကို ခန့်မှန်းရခက်ခြင်းတို့ကြောင့် ဆက်သွယ်ရေးကုမ္ပဏီကြီးများလည်း ရငိးနှိးမြှပ်နှံမှုအပိုင်းတွင် အခက်တွေ့ခဲ့ရသည်။

ထို့နောက် ထိုကဲ့သို့ ရင်းနှီးမြှပ်နှံမှုဘတ်ဂျက် အကြပ်အတည်းကို ဖြေရှင်းရန် စရိတ်လျော့ချခြင်းများ လုပ်ဆောင်လာရပြီး ယခုနှစ်လယ်ပိုင်းတွင် ဗြိတိန်ဆက်သွယ်ရေးကုမ္ပဏီကြီးများဖြစ်သော BT နှင့် Vodafone တို့သည်လည်း ဝန်ထမ်းသောင်းဂဏန်းခန့်လျော့ချမည်ဖြစ်ကြောင်း ကြေငြာခဲ့သေးသည်။

ကူးယူဖော်ပြခွင့်မပြုပါ။

Source: Reuters, BBC, CNN

Photo: The New York Times

%d bloggers like this: