အမေရိကန်၏ အကြီးဆုံး ဂိမ်းကုမ္ပဏီကြီးဖြစ်သည့် Activision Blizzard ကို ဒေါ်လာ ၉၂ ဘီလီယံဖြင့် ဝယ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း Microsoft က ထုတ်ဖော်ပြောကြားခဲ့ပြီး အကယ်၍ ဝယ်ယူမှုဖြစ်မြောက်ခဲ့ပါက ဂိမ်းလောက၏ ထိပ်သီး ကုမ္ပဏီနှစ်ခု ပေါင်းစည်းမှု ဖြစ်သွားမည်ဖြစ်မည်။
Call of Duty နှင့် World of Warcraft ကဲ့သို့ ကမ္ဘာတစ်လွှား အောင်မြင်ခဲ့သော နာမည်ကြီးဂိမ်းများကို ထုတ်လုပ်ခဲ့သည့် Activision Blizzard ကို ဝယ်ယူမှုသည် Microsoft ၏ အကြီးမားဆုံး ရင်းနှီးမြှပ်နှံမှုကြီးဖြစ်ပြီး ရှယ်ယာတစ်ခုလျှင် ၉၅ ဒေါ်လာနှုန်း ကျသင့်မည်ဖြစ်သည်။
ဆွေးနွေးညှိုနှိုင်းမှုများ ပြီးစီး၍ ကုမ္ပဏီနှစ်ခု ပေါင်းစည်းနိုင်ခဲ့ပါက Activision ၏ CEO ဖြစ်သူ ဘော်ဘီ ကော့တစ်သည် လက်ရှိ ရာထူးတွင် ဆက်လက်တာဝန်ယူသွားမည် ဖြစ်သော်လည်း ကုမ္ပဏီ၏ အခြေအနေ အရပ်ရပ်ကို Microsoft Gaming ၏ အကြီးအကဲဖြစ်သူ ဖီးလ်စပန်ဆာကို ဆက်လက် တင်ပြရမည်ဖြစ်သည်။
Microsoft အနေဖြင့် Activision ကို ဝယ်ယူပြီးပါက ၎င်းတို့၏ ကိုယ်ပိုင် ဂိမ်းစက်ဖြစ်သော Xbox ၏ ဈေးကွက်ကို အခိုင်အမာ ချဲ့ထွင်နိုင်မည်ဖြစ်ပြီး ပြိုင်ဘက်ဖြစ်သော ဆိုနီ၏ PlayStation ဂိမ်းစက်များကို ဈေးကွက်တွင် အသာစီးဖြင့် ယှဉ်ပြိုင်နိုင်တော့မည် ဖြစ်သည်။
Xbox နှင့် Activision တို့သည် ယခင်ကတည်းက ကောင်းမွန်သည့် ဆက်ဆံရေးများ ရှိခဲ့ပြီး Microsoft ၏ တီထွင်မှုဖြစ်သော Xbox Live စနစ်အသစ်ကြောင့် ကမ္ဘာတစ်လွှားရှိ Call of Duty ဂိမ်းဆော့သူများကို ချိတ်ဆက်ပေးနိုင်ခဲ့ပြီး ဂိမ်းကို ပိုမိုအောင်မြင်စေခဲ့သည့် သာဓကများ ရှိခဲ့သည်။
Microsoft ၏ တရားဝင် ထုတ်ပြန်သော စာတွင် မိမိတို့ ကုမ္ပဏီနှစ်ခု၏ ပေါင်းစည်းမှုသည် Microsoft ၏ ဂိမ်းလုပ်ငန်း ကဏ္ဍကို မိုဘိုင်း၊ ကွန်ပျူတာ၊ ဂိမ်းစက်နှင့် cloud တို့တွင် ပိုမိုချဲ့ထွင်နိုင်ရန် ကူညီပေးနိုင်မည်ဖြစ်ပြီး နောင်တစ်ချိန် meterverse အထိ တက်လှမ်းရန် ခြေလှမ်းစတင်မှု ဖြစ်ကြောင်း ရေးသားထားသည်။
လက်ရှိအချိန်တွင် Activision သည် ကုမ္ပဏီတွင်း အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုများဖြင့် အမေရိကန် တရားရုံးတွင် အမှုပေါင်းများစွာဖြင့် တရားရင်ဆိုင်နေရချိန်ဖြစ်သည်။
အဆိုပါ အမှုများကြောင့်ပင် ကုမ္ပဏီ၏ အကြီးအကဲအဖြစ် ဆယ်စုနှစ် သုံးခုကျော် တာဝန်ယူခဲ့သည့် မစ္စတာ ကော့တစ်သည် ရာထူးမှု နှုတ်ထွက်ရန် ဖိအားပေးခံနေ ရချိန်ဖြစ်ပြီး ကပ်ရောဂါအတွင်း အကြီးအကျယ်အောင်မြင်ခဲ့သည့် ဂိမ်းလောကအနေဖြင့် အကျပိုင်းပြန်ရောက်နေချိန်လည်း ဖြစ်သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Bloomberg, The Strait Times
Photo: CNBC