0

၂၀၃၀ တွင် ကားများအားလုံး လျှပ်စစ်ကားသို့ပြောင်းလဲမည်ဟု Lyft ကတိပြု

Share

Ride-hailing ကုမ္ပဏီတခုဖြစ်သည့် Lyft က မျှဝေဝန်ဆောင်မှုပေးနေသည့် ကားများနှင့် ကားအငှားဝန်ဆောင်မှု platform မှကားများအားလုံးကို ၂၀၃၀ တွင် လျှပ်စစ်ကားများအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။ သို့သော် ဓါတ်ဆီသုံးကားမှ လျှပ်စစ်ကားသို့ ပြောင်းလဲရာတွင် ကားဒါရိုက်ဘာများအား ကုမ္ပဏီမှ ငွေကြေးတိုက်ရိုက် ထောက်ပံ့ပေးမည် မဟုတ်ချေ။ ထိုအစား ကားဒါရိုက်ဘာများအတွက် လျှပ်စစ်ကားအဖြစ်သို့ အလွယ်တကူပြောင်းလဲနိုင်စေရန် ပြုလုပ်ပေးဖို့ ကုမ္ပဏီက ပြိုင်ဖက်များ၊ အာဏာပိုင်များနှင့် ကားထုတ်လုပ်သူများကို ငွေကြေးအကျိုးအမြတ်ဖန်တီပေးမည်ဟု Lyft ၏ အမှုဆောင်အရာရှိက ပြောကြားခဲ့သည်။

Lyft ပူးတွဲတည်ထောင်သူနှင့် ဥက္ကဌဖြစ်သူ John Zimmer က ကုမ္ပဏီသည် ပေါ်လစီစည်းမျဉ်းများ ပြောင်းလဲအောင် ပြုလုပ်နိုင်လောက်သည့် အခြေအနေသို့ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် Lyft ကားများအားလုံး၏ ၁% အောက်သာ လျှပ်စစ်ကားများဖြစ်သော်လည်း ဒါရိုက်ဘာများကို လျှပ်စစ်ကားသို့ အမြန်ပြောင်းလဲနိုင်စေရန် ငွေကြေးအရင်းအနှီးရှိအောင် အပူတပြင်းတွန်းအားပေး ကူညီသွားမည်ဟု ဆိုထားသည်။

“အကယ်၍ အာဏာပိုင်တွေက သူတို့လုပ်ရမယ့်အပိုင်းကို လာမယ့်နှစ်အနည်းငယ်အတွင်းမှာ လုပ်နိုင်မယ်ဆိုရင် ဆယ်စုနှစ်အတွင်းမှာပဲ လျှပ်စစ်ကားဈေးနှုံး ဟာ ဓါတ်ဆီကားဈေးတွေနဲ့ အတူတူလောက်ပဲဖြစ်လာပါလိမ့်မယ်” ဟု ကုမ္ပဏီကဆိုသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူများက Lyft နှင့်သူ၏ အကြီးဆုံးပြိုင်ဖက်ဖြစ်သည့် Uber Technologies Inc တို့ကို လျှပ်စစ်ကားများသို့ အမြန်ပြောင်းလဲရန် တိုက်တွန်းထားသည်။ လေ့လာတွေ့ရှိချက်များအရ ride-hail services ပေးနေသောကားများမှ ကာဘွန်ထုတ်လွှတ်မှုသည် ကိုယ်ပိုင်ကားများထက် ၅၀% ပိုမိုများပြားနေကြောင်း တွေ့ရှိခဲ့သည်။ Uber ကလျှပ်စစ်ကားပြောင်းလဲမှုနှင့် ပါတ်သတ်၍ တစုံတရာကြေငြာထားခြင်းမရှိသေးသော်လည်း လန်ဒန်တွင် ဒါရိုက်ဘာများက လျှပ်စစ်ကားဝယ်ယူသောအခါ ငွေကြေးတစိတ်တပိုင်း ထောက်ပံ့ခြင်းတို့ပြုလုပ်နေသည်။

လက်ရှိတွင် လျှပ်စစ်ကားများသည် ဓါတ်ဆီကားများထက် ဈေးပိုကြီးနေသော်လည်း ရေရှည်တွင် ပြုပြင်ထိန်းသိမ်းရသော ကုန်ကျစရိတ်နှင့်ယှဉ်လျှင် စရိတ်လျော့ကျလာသည်။ ဘက်ထရီပါဝါ အသုံးပြုထားသော ride-hail ခရီးစရိတ်သည်လည်း အနာဂတ်တွင် ကျဆင်းလာနိုင်ဖွယ်ရှိကြောင်း Lyft ကဆိုထားသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Fox Business
Photo: Lyft Twitter

%d bloggers like this: