ဂျပန်အစိုးရသည် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် အဆင့်မြင့်တပိုင်းလျှပ်ကူးပစ္စည်း – ချစ်ပ်ပြားများ (semiconductors) ထုတ်လုပ်ရာတွင် လိုအပ်သော စက်ပစ္စည်းများကို ကန့်သတ်သွားတော့မည်ဟု စနေနေ့က ကျိုဒိုသတင်း (Kyodo News) တွင် ဖေါ်ပြခဲ့သည်။
အဆိုပါစက်ပစ္စည်းများနှင့် ကိရိယာများမှာ အဆင့်မြင့် Chips များ ထုတ်လုပ်ရာတွင် အရေးပါပြီး ဂျပန်က တင်ပို့မှုကန့်သတ်မည့်စာရင်းတွင် ဘေဂျင်းအစိုးရ၏လက်တုံ့ပြန်ခြင်းကိုလျှော့ချရန် တရုတ်နိုင်ငံဟု သီးသန့်ဖေါ်ပြထားခြင်းမရှိခဲ့ဟု သိရသည်။
တရုတ်သို့ ချစ်ပ်ပြားထုတ်လုပ်ရေးစက်ပစ္စည်းများ တင်ပို့မှုကန့်သတ်သည့် အမေရိကန်ပြည်ထောင်စု၏ ထုတ်ပြန်ချက်အတိုင်း ဂျပန်နှင့် နယ်သာလန်နိုင်ငံတို့က သဘောတူပူးပေါင်းလာကြကာ Nikon Corp, ASML Holdings စသည်တို့မှ စက်များကို တရုတ်သို့တင်ပို့မှုလျှော့ချတော့မည်ဖြစ်သည်။
တရုတ်နိုင်ငံသည် အဆင့်မြင့်တပိုင်းလျှပ်ကူးပစ္စည်းများကို စစ်တပ်ပါဝင်ချဲ့ထွင်မှုတွင် အသုံးပြုလာနိုင်သည်ဟု အဆိုပါနိုင်ငံများက ခန့်မှန်းထားကြပြီး ယင်းအချက်ကို တားမြစ်လိုနေခြင်းလည်းဖြစ်သည်။
ဂျပန်-အမေရိကန်-နယ်သာလန် ၃ နိုင်ငံပေါင်း၏ ချစ်ပ်ပြားထုတ်လုပ်ရေးစက်တင်ပို့မှု ကန့်သတ်ရန်ပူးပေါင်းမှုများသည် အငြင်းပွားဖွယ်ရာ အကြေအလည်ဆွေးနွေးရမည့်ကိစ္စများ ဖြစ်လာမည်ဟု သူဌေးဂျက်မားပိုင် တရုတ်မီဒီယာ South China Morning Post ကလည်း ဖေါ်ပြခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Global Times, Asia Times, South China Morning Post
Image: Supply Chain Brain