0

Tesla သည် အင်ဒိုတွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်လိမ့်မည်ဟု အခိုင်အမာယုံကြည်ကြောင်း သမ္မတ ဂျိုကိုဝီဆို

Share

အရှေ့တောင်အာရှ၏ အကြီးဆုံးသော စီးပွားရေး အဆောက်အဦကို ပိုင်ဆိုင်ထားသည့် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတဖြစ်သူ မစ္စတာဂျိုကိုဝီက Tesla အနေဖြင့် ၎င်းတို့၏ လျှပ်စစ်ကားထုတ်လုပ်မှု စက်ရုံများကို အင်ဒိုနီးရှားတွင် လာရောက်ရင်းနှီးမြှပ်နှံ၍ ထုတ်လုပ်လိမ့်မည်ဟု ယုံကြည်ချက်အခိုင်အမာရှိကြောင်း ပြောကြားခဲ့သည်။

အင်ဒိုအစိုးရအနေဖြင့် Tesla ကုမ္ပဏီ အင်ဒိုသို့ လာရောက်ရင်းနှီးမြှပ်နှံမှု ပြုလုပ်ရန် ၂၀၂၀ခုနှစ်ကတည်းက ဆွေးနွေးနေခြင်းဖြစ်ပြီး Tesla သာအမှန်တကယ် ရင်းနှီးမြှပ်နှံမည်ဆိုပါက အခွန်လျှော့ပေါ့မှုများအပြင် လျှပ်စစ်ကားများ၏ ဘတ္တရီထုတ်လုပ်ရာတွင်လိုအပ်သော နီကယ်သတ္တုရိုင်းများကိုလည်း လိုအပ်သလို တူးဖော်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ကမ်းလှမ်းထားခြင်းဖြစ်သည်။

သမ္မတဂျိုကိုဝီအနေဖြင့် အဆိုပါ ကိစ္စအပေါ်Tesla၏ ပဲ့ကိုင်ရှင်ဖြစ်သော အီလွန်မက်ခ်စ်နှင့် နှစ်ကြိမ်တိုင်တိုင် လူကိုယ်တိုင်ဆွေးနွေးဖူးပြီး ပထမအကြိမ်မှာ အမေရိကန်ရှိ SpaceX တွင်တွေ့ဆုံစဉ်ကဖြစ်ပြီး ဒုတိယအကြိမ်မှာ ဖုန်းဖြင့် တိုက်ရိုက်ပြောဆိုကြခြင်းဖြစ်သည်။

အင်ဒိုအစိုးရ၏ Teslaသို့ ကမ်းလှမ်းမှုများတွင် အခွန်လျှော့ပေါ့မှုနှင့် နီကယ်သတ္တုတူးဖော်ခွင့်များအပြင် နိုင်ငံအတွင်း လျှပ်စစ်ကားများ ဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် ဈေးကွက်တည်ဆောက်မှုများ ဖော်ဆောင်ရန် လုပ်ငန်းခွဲများ တည်ထောင်ပေးမည့် အစီအစဉ်လည်းပါရှိသည်။

အင်ဒိုနီးရှားအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နီကယ်သတ္တုသိုက်များ ပေါများစွာ တည်ရှိခြင်းကြောင့် Tesla အနေဖြင့် မိမိတို့နိုင်ငံကိုသာ ရွေးချယ်မည်ဟု တထစ်ချယုံကြည်ကြောင်း သမ္မတဂျိုကိုဝီက ဆိုသည်။

အကယ်၍ Tesla အနေဖြင့် လျှပ်စစ်ကားထုတ်လုပ်ရေး စက်ရုံမဟုတ်ဘဲ ဘတ္တရီလုပ်ငန်းဖြင့်သာ စတင်မည်ဆိုလျှင်လည်း မိမိတို့အနေဖြင့် ဝမ်းမြောက်စွာလက်ခံကြောင်းနှင့် အင်ဒိုအစိုးရသည် လျှပ်စစ်ကားဘတ္တရီဈေးကွက်နှင့် လျှပ်စစ်ကားအစိတ်အပိုင်းများ ထုတ်လုပ်မှု ကဏ္ဍတွင် အမြဲစိတ်အားထက်သန်လျက်ရှိကြောင်း ဂျိုကိုဝီက ထပ်လောင်းပြောကြားခဲ့သည်။

Tesla သည် လက်ရှိတွင် စက်ရုံလေးခုဖြင့် လည်ပတ်လျက်ရှိပြီး အမေရိကန်ရှိ ကယ်လီဖိုးနီးယားနှင့် တက္ကဆက်တွင် တစ်ခုစီဖြစ်ပြီး ကျန်နှစ်ခုမှာ ရှန်ဟိုင်းနှင့် ဘာလင်တွင် ဖြစ်သည်။

ဈေးကွက်သုံးသပ်သူများက Tesla အနေဖြင့် အီလွန်မက်ခ်စ်၏ ရည်မှန်းချက်ဖြစ်သော ၂၀၃၀တွင် လျှပ်စစ်ကားအစီးရေ သန်း၂၀ ရောင်းချမည့် အစီအစဉ်ကို အကောင်အထည်ဖော်လိုပါက စက်ရုံ ၇ ခုမှ ၈ခုအထိ ရှိရန်လိုအပ်ပြီး ယခု အင်ဒိုအစိုးရ၏ ပြောကြားချက်အပေါ် Tesla က မည်သည့်ပြန်ကြားချက်မှ မထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: Benar News

%d bloggers like this: