Instagram က TikTok ကိုအပြတ်အသတ် ပြိုင်ဆိုင်နိုင်မည်ဟုယုံကြည်နေသည့် “Reels” ဟုအမည်ရသော TikTok ကိုယ်ပွား application တခုကထုတ်လုပ်နေပြီး မကြာမီတွင် တကမ္ဘာလုံးသို့ မိတ်ဆက်ပေးတော့မည်ဖြစ်သည်။
Instagram က ဗီဒီယိုငယ်များ ရိုက်ကူးနိုင်သည့် feature အသစ်တခုကိုပြင်ဆင်နေပြီး ယခုလက်ရှိ အိန္ဒိယနိုင်ငံတွင် စမ်းသပ်လျက်ရှိကာ အောင်မြင်ပါက တပတ်အတွင်း အမေရိကန်နှင့် အခြားနိုင်ငံပေါင်း ၅၀ သို့စတင်မိတ်ဆက်ပေးတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့်သောကြာနေ့က ကြေညာလိုက်သည်။
အိန္ဒိယတွင် TikTok အသုံးပြုခွင့်ပိတ်လိုက်ပြီး Trump အစိုးရကလည်း ထိုသို့ပြုလုပ်မည်ဟု ကြေညာထားပြီးနောက်တွင် Reels သည် TikTok နေရာတွင် အကောင်းဆုံး အစားထိုးဝင်ရောက်လာတော့မည်ဖြစ်သည်။
“လူတွေလိုချင်နေတဲ့ အသစ်အဆန်း တီထွင်ဖန်တီးမှုတွေကို ပေးနိုင်အောင် နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ကြိုးစားနေပါတယ်” ဟု Facebook ၏တာဝန်ရှိသူတဦးက ဆိုသည်။ “Platforms တော်တော်များများဟာ လူတွေလိုချင်တဲ့ အသစ်အဆန်းတွေ ဥပမာ – Snap, TikTok နဲ့အခြား app တွေလိုမျိုး ကို ကျွန်တော်တို့ထက်အရင် ယူဆောင်လာကြပါတယ်။ ဒါပေမဲ့ community နဲ့ပိုပြီးအံဝင်ခွင်မှုရှိပြီး Instagram အတွက်လည်းပိုထူးခြားတဲ့အရာကို ကျွန်တော်တို့ပေးနိုင်မယ်ဆိုတာ ယုံကြည်ချက်ရှိပါတယ်” ဟုဆိုသည်။
Reels က ရုပ်၊ အသံနှင့် သီချင်းအပါအဝင် ၁၅ စက္ကန့်စာ ဗီဒီယိုတိုလေးများရိုက်ကူးနိုင်မည်ဖြစ်ပြီး Instagram stories တွင်လည်း တင်နိုင်မည်ဖြစ်သည်။ တရားဝင်မိတ်ဆက်ပေးမည့် နေ့ရက်ကိုတော့ အတိအကျထုတ်ပြန်ထားခြင်း မရှိသေးပေ။
Instagram နှင့်သူ၏ မိခင်ကုမ္ပဏီ Facebook တို့သည် features အသစ်များ မိတ်ဆက်ပေးခဲ့ပြီး အောင်မြင်မှုများစွာလည်းရရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် Stories features ကိုမိတ်ဆက်ပေးခဲ့ပြီး အသုံးပြုသူများက content များကို ၂၄ နာရီအတွင်းမျှဝေကြည့်ရှုနိုင်သည့် feature ကိုမိတ်ဆက်ပေးခဲ့သည်။ ၈ လအကြာတွင် ပြိုင်ဘက် Snapchat ကိုကျော်လွန်ခဲ့ပြီး Snapchat ၏နေ့စဉ်အသုံးပြုသူ users ဦးရေထက် ပိုမိုများပြားကာအောင်မြင်မှုရရှိခဲ့သည်။ ၂၀၁၈ နှစ်လယ်တွင် Stories သည် Snapchat ထက် နှစ်ဆအောင်မြင်သော feature တခုဖြစ်လာခဲ့သည်။
TikTok ကိုယှဉ်ပြိုင်လိုသော ပြိုင်ဖက်များမှာ Instagram တခုထဲမဟုတ်ပေ။ YouTube ကလည်း TikTok ကိုစိန်ခေါ်နိုင်မည့် ကိုယ်ပိုင် app “Shorts” ကိုဖန်တီးလျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် မိတ်ဆက်သွားဖို့ရှိသည်။ Snapchat ကလည်း TikTok ကဲ့သို့ content များမျှဝေနိုင်သည့် feature အသစ်တခုကို မကြာခင်မိတ်ဆက်ပေးသွားရန်ရှိနေပြီး ထွက်ရှိမည့်နေ့ရက် အသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။
မည်သို့ပင်ဆိုကာမူ TikTok ကတော့ပြိုင်ဖက်ကုမ္ပဏီများကို စိန်ခေါ်လျက်ရှိသည်။
ဗိုင်းရပ်စ်ရောဂါကြောင့် အိမ်တွင်ပိတ်မိနေသည့် ပြည်သူများနှင့် မိသားစုများအတွက် ခံစားမှုအတွေ့အကြုံသစ်များ ပေးစွမ်းနိုင်သည့် TikTok ကဲ့သို့ app များကို နည်းပညာကုမ္ပဏီကြီးများက ကြိုးစားပမ်းစား ဖန်တီးပေးနေသည်ကို ဝမ်းသာကြောင်း၊ အပြိုင်အဆိုင်များခြင်းက consumers များကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်မည်ဖြစ်သောကြောင့် ပြိုင်ဖက်များကိုကြိုဆိုကြောင်း TikTok ကဆိုထားသည်။
Source: CNN Business
Photo: Cashify
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။