X လိုဂိုပြောင်းပြီးနောက် အင်ဒိုနီးရှားတွင် block ခံထားရသည့် အီလွန်မက်စ်၏ တွစ်တာ

Share

အင်ဒိုနီးရှားတွင် ယခင်က X.com အမည်ဖြင့် လိင်ဖျော်ဖြေရေးနှင့် လောင်းကစား ဝဘ်ဆိုက်တခုရှိခဲ့ရာ အင်ဒိုအစိုးရက အဆိုပါ X.com အမည်ရှိ ဝဘ်ဆိုက်ကို အမည်ပျက်စာရင်းသွင်း၍ ပိတ်ပင်ထားခြင်းဖြစ်သည်။

ယခုအခါ တွစ်တာသည် ယခင် အပြာရောင်ငှက် လိုဂိုအစား X လိုဂိုဖြင့် အစားထိုးပြီးနောက် ၎င်းတို့၏ ဝဘ်ဆိုက်domain ကိုလည်း X.com ဟုပြောင်းလဲမည် ဖြစ်ရာ အင်ဒိုအစိုးရ၏ ပိတ်ပင်ထားမှုကြောင့် အခက်ကြုံနေရခြင်းဖြစ်သည်။

လက်ရှိတွင် အငိဒိုနီးရှား၏ တွစ်တာ ကိုယ်စားလှယ်ရုံးက အင်ဒိုအစိုးရ သတင်းအချက်နှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနသို့ ဆက်သွယ်ထားပြီး ဝဘ်ဆိုက် အသစ်၏ သဘောသဘာဝကို ရှင်းလင်းတင်ပြရန် အစိုးရဘက်ကပြောကြားထားသည်။

အင်ဒိုနီးရှား၏ လူဦးရေ သန်း ၂၇၀တွင် တွစ်တာ အသုံးပြုသူပေါင်း ၂၄သန်းရှိပြီး ယခုကဲ့သို့ အီလွန်မက်စ်၏အပြောင်းအလဲကြောင့် လက်ရှိတွင် နိုင်ငံအတွင်း တွစ်တာအသုံးပြုရန် အခက်အခဲ ရှိလာမည်ဖြစ်သည်။

ပြီးခဲ့သည့် တနင်္လာနေ့က အီလွန်မက်စ်သည် တွစ်တာကို ပုံစံအသစ်ဖြင့် ပြန်လည်မွေးဖွားမည် ဖြစ်ကြောင်းကြေငြာခဲ့ပြီး ယခင်လိုဂိုအစား X ဖြင့် အစားထိုးမည်ဖြစ်ကာ လူမှုကွန်ရက်တခုထက်ပို၍ ငွေပေးချေမှုများ၊ ဘဏ်ချိတ်ဆက်မှုများ လုပ်ဆောင်နိုင်သည့် အပလီကေးရှင်းအဖြစ် ပြောင်းလဲသွားမည်ဟု သိရသည်။

အီလွန်မက်စ်သည် ယခင်ကတည်းက X ကို သဘောကျသူဖြစ်ပြီး ယခု PayPal အဖြစ်ရှိနေသည့် ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီသည် အီလွန်မက်စ်ပိုင် X.com ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီနှင့် Confinity အမည်ရှိ ကုမ္ပဏီတို့ပူးပေါင်းရာမှ ပေါ်ထွက်လာခြင်းဖြစ်သည်။

ထိုသို့ပူးပေါင်းပြီးနောက် အင်တာနက်တွင် X.comဟု ရိုက်ရှာပါက PayPal ဝဘ်ဆိုက်သို့ရောက်သွားလေ့ရှိပြီး၂၀၁၇ ခုနှစ်တွင်တော့ အီလွန်မက်စ်က PayPal ထံမှ X.com domain ကိုပြန်လည်ဝယ်ယူသွားခဲ့ကြောင်း သိရသည်။

ယခုအခါ X.com ဟုရိုက်ပါက တွစ်တာသို့ တိုက်ရိုက်ရောက်ရှိသွားမည်ဖြစ်ပြီး အင်တာနက်လုံခြုံရေး ကျွမ်းကျင်သူများက X.com သည် ကာလသားကြိုက် ဝဘ်ဆိုက်များနှင့် ဆင်တူယိုးမှားဖြစ်သောကြောင့် ယခုအင်ဒိုနီးရှားကဲ့သို့ ပြဿနာများ ဖြစ်လွယ်ကြောင်း ထောက်ပြကြသည်။

မွတ်စလင်နိုင်ငံ တခုဖြစ်သော အငိဒိုနီးရှားသည် ယခင်ကတည်းက လူမှုကွန်ရက်နှင့် အင်တာနက်အပေါ်တွင်စည်းကမ်းတင်းကြပ်လေ့ရှိပြီး ၂၀၂၂တွင်လည်း Netflix, Google, Facebook, Twitter တို့ကို ၎င်းတို့၏ ကွန်ရက်ပေါ်တွင် ပြသသည့် အကြောင်းအရာများအတွက် အသေးစိတ်တင်ပြရန် ညွှန်ကြားဖူးသည်။

ကူးယူဖော်ပြခွင့်မပြုပါ။

Source: Al Jazeera,Mashable.com

Photo: Dunia RMOL

%d bloggers like this: