ရုရှားနိုင်ငံ၏ စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီးဌာနသည် ရုရှားနှင့် အိန္ဒိယ နှစ်နိုင်ငံအပေါ် ကိုဗစ်ကြောင့် အများဆုံး ဒုက္ခရာက်နေရသည့် နယ်ပယ်များအကြောင်းကို စစ်တမ်းပြုစုလျက်ရှိသည်။
အဆိုပါလေ့လာမှုကို ဦးဆောင်နေကြသည့် အဖွဲ့အစည်းများမှာ ရုရှား၏ ANO (Autonomous Nonprofit Organization) အချက်အလက်ရှာဖွေရေး အဖွဲ့နှင့် ဖင်လန်-ရုရှား AI ဒစ်ဂျစ်တယ်နည်းပညာကုမ္ပဏီ Zyfra တို့ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ လေ့လာနေသည့် စီမံကိန်း၏ ရည်ရွယ်ချက်မှာ လက်ရှိထုတ်လုပ်ရေး လုပ်ငန်းများ၏ အခြေအနေနှင့် ကိုဗစ်နောက်ဆက်တွဲကိစ္စများကြောင့် ထုတ်လုပ်ရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်အဆင့်သို့ မည်၍ မည်မျှ ပြောင်းလဲနိုင်မည်နည်းတို့ကို သိရှိရန်ဖြစ်သည်။
ရုရှား စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဗလာဒမီယာ ဒိုဒပ် (Vladimir Dozhdev) က လက်ရှိအခြေအနေတွင် တီထွင်ဖန်တီးမှုများ လိုအပ်နေပြီး၊ စွန့်စားရမည့်အခြေအနေနှင့် ငွေကြေးဆုံးရှုံးရမှုများကို လျှော့ချနိုင်ရန် ဖြစ်ကြောင်း၊ ယခု စီမံကိန်း၏ ရည်ရွယ်ချက်မှာလည်း လုပ်ငန်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲနိုင်ရန် အကူအညီပေးဖို့ရန် ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။
ANO အဖွဲ့အစည်းမှ ညွှန်ကြားရေးမှူး Pavel Anisimov ကလည်း စစ်တမ်းရရှိလာပါက အိန္ဒိယကုမ္ပဏီများအနေဖြင့် ရုရှား လုပ်ငန်းတို့အပေါ် ပိုမို သတိပြုမိလာစေရန်လည်း ပါဝင်ကြောင်း၊ နည်းပညာနယ်ပယ်တွင် အိန္ဒိယနှင့် ရုရှားတို့ ပူးပေါင်းမည့် အတွေ့အကြုံကိုလည်း အပြည့်အဝယုံကြည်နေကြောင်း၊ ၂ နိုင်ငံမှ ပညာရှင်များနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အလျင်အမြန် ချိတ်ဆက်မှုရှိလာစေပြီး ဖြေရှင်းရမည့်အရာများကို ပူးပေါင်းကြံဆနိုင်မည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် Zyfra ကုမ္ပဏီအတွက် အဓိက နိုင်ငံခြားဈေးကွက်ကြီးဖြစ်လာခဲ့ပြီး ကွန်ပျူတာထိန်းချုပ်စက် CNC machine (Computer Numerical Control) ပေါင်း ၅၀၀ ထပ်မနည်း ရောက်ရှိထားပြီး အချက်အလက် ရှာဖွေစုဆောင်းရေး စနစ် MDCplus နှင့် ချိတ်ဆက်ထားသည်ဟု ဆိုသည်။
လာမည့် ၂၀၂၁ ခုနှစ်တွင် Zyfra ကုမ္ပဏီသည် အိန္ဒိယတွင် အချက်အလက်များကို အချိန်နှင့် တပြေးညီစုဆောင်းသော MDCplus ၂၀၀၀ ကျော်ကို တပ်ဆင်ရောင်းချနိုင်ရန် ရည်မှန်းထားသည်။
အိန္ဒိယရှိ Zyfra ကုမ္ပဏီ၏ ဖေါက်သည်များတွင် အိန္ဒိယရထားလိုင်း Indian Railways, Godrej Group နှင့် Murugappa Group တို့ ပါဝင်လျက်ရှိသည်။
Zyfra သည် ၎င်း၏ လုပ်ငန်းများကို ဖင်လန်နိုင်ငံ၊ ဟယ်ဆင်ကီတွင် စက်တင်ဘာ ၂၀၁၇ က စတင်ခဲ့ပြီး ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထိန်းချုပ်သော စက်များ၊ သတ္ထုတူးဖေါ်ရေး လုပ်ငန်းသုံးစက်များ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများတွင် အသုံးပြုသည့် စက်များကို ဖန်တီးထုတ်လုပ်လျက်ရှိသည်။
ကုမ္ပဏီ၏ ထုတ်ကုန်များတွင် လုပ်ငန်းများ၏ အလုပ်သမားများ တာဝန်ခွဲဝေပေးရေးဆိုင်ရာများ၊ ပိုင်ဆိုင်သည့် ယာဉ်၊ စက်၊ ကွန်ပျူတာ စသည်တို့ ခွဲဝေသုံးဆွဲရေး စနစ်များအတွက်ပင် အသုံးပြုနိုင်သော Autonomic Dispatch System များ၊ အလိုလျောက်စနစ်ပါဝင်သည့် မြေသယ်ထရပ်ကားများ၊ စက်သွယ်ရေးနည်းပညာသုံး ကိရိယာများလည်း ပါဝင်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: Economic Times. India Times, Zyfra, Research Gate