LinkedIn ကိုအလုပ်ရှာဖို့နဲ့ အလုပ်ရှင်တွေက သင့် CV ဖောင်ကိုမြင်ရဖို့ပဲ သုံးနေတုန်းလား။ LinkedIn မှာ မြောက်များစွာသော အခွင့်အရေးနဲ့network တွေ ဖန်တီးနိုင်တယ်ဆိုတာကို သင်မသိသေးလို့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သင့် profile က network ကောင်းကောင်း တည်ဆောက်ထားဖို့တော့ လိုအပ်ပါတယ်။ ဒါဆိုရင် LinkedIn profile နံမည်ဘေးတွေမှာ 1st, 2nd နဲ့ 3rd ဆိုတဲ့ icon လေးတွေကို သင်သတိပြုမိဖူးမှာပါ။ အဲဒါတွေက ဘာကိုဆိုလိုတာလဲ။ ဘယ်လိုအသုံးဝင်သလဲ။ ဘယ်လောက်ထိ အကျိုးရှိအောင် အသုံးချလို့ရသလဲ။
1st 2nd 3rd တို့အရေးပါပုံ
အခြား social media တွေမှာ သင်နဲ့ connect ဖြစ်တဲ့သူတွေကို friend လို့သာ ခွဲခြားမြင်ရမှာဖြစ်ပေမဲ့ LinkedIn ကတော့ တကယ့်လက်တွေဘဝထဲကလို လူတွေကို အဆင့်သတ်မှတ်ပေးထားပါတယ်။ ဥပမာ မိသားစုဝင်တွေက သင်နဲ့အရင်းနှီးဆုံးဖြစ်ပြီးတော့ ဒုတိယက သင့်သူငယ်ချင်း နောက်တော့ သူတို့ကတဆင့် သိကျွမ်းရင်းနှီးသူတွေ။ ဒါဟာ LinkedIn ရဲ့ 1st 2nd 3rd သဘောတရားနဲ့အတူတူပါပဲ။
1st-degree connection: သင်နဲ့ တိုက်ရိုက် connect ဖြစ်တဲ့သူတွေကို ဆိုလိုတာပါ။ 1st connection ဖြစ်ဖို့ သင်က တခြားသူကို invitation ပို့တာပဲဖြစ်ဖြစ် သူတို့ invitation ကိုသင်က လက်ခံလိုက်တာအခါ ဖြစ်ပါတယ်။ 1st-degree connection ထဲမှာ သင်တို့အချင်းချင်း တိုက်ရိုက် message ပေးပို့ဆက်သွယ်နိုင်ပြီး feed မှာတင်တဲ့ သတင်းတွေကို အချင်းချင်းအပြန်အလှန် မြင်ရပါတယ်။
2nd-degree connection: သူတို့က “သင့်သူငယ်ချင်းရဲ့သူငယ်ချင်းပါ။” သင့်ရဲ့ 1st connection တယောက်ယောက်က သူတို့နဲ့ တိုက်ရိုက် connect ဖြစ်ထားပါတယ်။ 2nd connection တွေကို သင်က Premium subscribe လုပ်ထားမယ်ဆိုရင်တော့ InMail ကတဆင့် ဆက်သွယ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့နဲ့ connect ဖြစ်သွားရင် 1st-connections တွေဖြစ်လာပြီး ဆက်သွယ်နိုင်ပါပြီ။
3rd-degree connection နှင့် +: သူတို့က 2nd-degree connections တွေရဲ့contact တွေပါ။ အဓိပ္ပါယ်ကတော့ သူတို့နဲ့ တိုက်ရိုက်သိရှိဖို့အခွင့်အလမ်းနည်းပါးပါတယ်။ သို့သော်လည်း InMails ပို့လို့ရပါသေးတယ်။
Three degrees ဘယ်လောက်အရေးပါသလဲ
Three degree connection ဆိုတာ magic number တခုလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ သင်အပါအဝင် လူ ၃ ယောက် သို့မဟုတ် ၄ ယောက်ကြားမှာ သင်နဲ့တစိမ်းတယောက်ကို မိတ်ဆက်ပေးဖို့သင်တို့ နှစ်ယောက်လုံးကို သိတဲ့သူ ရှိနေလို့ပါပဲ။
ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး
တခါတလေ သင့်သူငယ်ချင်းရဲ့သူငယ်ချင်းက သင့်လုပ်ဖော်ကိုင်ဖက် ဖြစ်နေမျိုး၊ သင့် အထက်အရာရှိက သင့်သူငယ်ချင်း မိဘတွေနဲ့အဖွဲ့အစည်း တခုထဲကဖြစ်နေတာမျိုး အံ့သြစွာ သင်ရှာတွေ့ဖူးပါလိမ့်မယ်။ ဒါဆိုရင် သင်စဉ်းစားမိမှာက ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ။
ကမ္ဘာကြီးက တကယ်ပဲကျဉ်းသလား၊ ဒါဆို ဘာလို့ကျွန်မတို့ ကမ္ဘာပေါ်ကလူတိုင်းနဲ့မသိကျွမ်းနိုင်ရတာလဲ?
ကမ္ဘာကြီးကျဉ်းတယ်ဆိုတာထက် ကျွန်မတို့တတွေ အချင်းချင်း အပြန်အလှန် ဘယ်လောက် ထိထိရောက်ရောက် ဆက်သွယ်နိုင်သလဲက ပိုအရေးပါပါတယ်။ ကျွန်မတို့ တည်ဆောက်နိုင်တဲ့ network ဟာ အကန့်အသတ်နဲ့သာရှိနေပြီး အဲဒီ network ထဲမှာပဲ အပြန်အလှန် ဆက်သွယ်နေကြပါတယ်။
ဥပမာ network chain တခုမှာ သင် –> စုစု –> သက်ပိုင် –> နီနီ ဆိုတဲ့ လူ လေးဦး ရှိတယ်ဆိုပါစို့။ စုစု နဲ့သက်ပိုင် ကအလယ်မှာရှိပြီး သူတို့နှစ်ဦးစလုံးက သင်နဲ့ နီနီတို့ကို သိပါတယ်။ သင် နဲ့နီနီ နှစ်ဦးစလုံးကို ကောင်းကောင်း သိနေတဲ့ စုစု နဲ့သက်ပိုင်က အချင်းချင်း သိဖို့ကြိုးစားနေကြတဲ့ သင်နဲ့နီနီ တို့ကို ကောင်းစွာ မိတ်ဆက်ပေးနိုင်ပါတယ်။
ဒါဟာ relationship အသစ်တခု စတင်မွေးဖွားရာမှာ အရေးပါတဲ့ ယုံကြည်မှုဆိုတာကို ဘယ်လိုတည်ဆောက်သလဲဆိုတာပါပဲ။ အကယ်၍ အလယ်မှာ အခြား connection တဦးဦး တိုးလာခဲ့မယ်ဆိုရင် chain တခုလုံးရဲ့အလယ်မှာရှိတဲ့ သူတွေဟာ သင့်ကိုရော နီနီကိုပါ သိကြမှာမဟုတ်တော့ပဲ အချင်းချင်း မိတ်ဆက်ပေးဖို့အလွန်ခဲယင်းသွားပါပြီ။ ဒါဟာ တစိမ်းတဦးကို အခြားတစိမ်းတဦးနဲ့ မိတ်ဆက်ပေးရမှာ ကသိကအောင့် ဖြစ်ရတာနဲ့ အတူတူပါပဲ။
ဒါ့ကြောင့် ကမ္ဘာပေါ်က လူတိုင်းနဲ့ သင် သိကျွမ်းဖို့မဖြစ်နိုင်သလို လူတိုင်းဟာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအချင်းချင်း အပြန်အလှန် ချိတ်ဆက်နေထိုင်ကြပါတယ်။ တနည်းအားဖြင့် ဒါဟာ network ဆိုတဲ့ စကားလုံးပါပဲ။
သင့်မှာ သူငယ်ချင်း အယောက် ၄၀ ရှိပြီး အဲဒီ သူငယ်ချင်း အယောက် ၄၀ တိုင်းမှာ နောက်ထပ် သူငယ်ချင်း ၃၅ ယောက်စီရှိတယ်ဆိုပါစို့။ အဲ့ဒီ ၃၅ ယောက်တိုင်းမှာ နောက်ထပ် သူငယ်ချင်း ၄၅ ယောက်စီ ရှိခဲ့မယ်ဆိုရင် သင့်ရဲ့network ကို (၄၀ x ၃၅ x ၄၅) အယောက် ၅၄၀၀၀ ထိချဲ့နိုင်ပါပြီ။
ဒါကြောင့် LinkedIn မှာရှိတဲ့ သင့် connection တွေဟာ သင်ထင်ထားတာထက်ကို ကြီးမားကျယ်ပြန့်ပါတယ်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။