Google အနေဖြင့် ၎င်းတို့၏ လုပ်ငန်းသုံး Enterprise Edition အဖြစ်ထုတ်လုပ်ထားသည့် Google Glass များရောင်းချခြင်းကို ရပ်တန့်တော့မည်ဖြစ်ကြောင်း ယခုအပတ်တွင် ထုတ်ပြန်ကြေငြာခဲ့ပြီး ဝတ်ဆင်၍ရသည့် စမတ် device များထုတ်လုပ်ခြင်းကဏ္ဍမှ အရှုံးနှင့် ထွက်ခွာတော့မည်ဖြစ်သည်။
ကနဦးတွင် ဖုန်းများ၏ နေရာ၌ အစားထိုး အသုံးပြုနိုင်မည့် ခေတ်ရှေ့ပြေး ပစ္စည်းတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနိုင်ရန်အတွက် ရည်ရွယ်ကာ ၂၀၁၃ ခုနှစ်တွင် Google Glass ကို စတင်မိတ်ဆက်ခဲ့သော်လည်း ဒီဇိုင်းအားနည်းချက်နှင့် ဈေးနှုန်းကြီးမြင့်မှုများကြောင်း ဈေးကွက်အတွင်း အောင်မြင်မှု မရရှိခဲ့ဘဲ ၂၀၁၅ ခုနှစ်တွင် ထုတ်လုပ်မှု ရပ်တန့်ခဲ့သည်။
ထို့နောက် ၂၀၁၇ တွင် အများသုံးပုံစံအစား လုပ်ငန်းသုံးပိုဆန်သည့် Enterprise Edition Smartglass ကို ပြန်လည်မိတ်ဆက်ခဲ့ပြီး ကုန်ထုတ်စက်မှုကဏ္ဍများနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများကို အဓိကပစ်မှတ်ထားခဲ့သည်။
ဈေးကွက်အတွင်း ထင်သလောက် အောင်မြင်မှု မရခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် Enterprise Edition 2 ကို ဆက်လက်ထုတ်လုပ်ခဲ့ပြီး Smartglass လုပ်ငန်းကို အသက်ဆက်နိုင်စေရန် နောက်ဆုံးကြိုးပမ်းခဲ့သော်လည်း ၉၉၉ဒေါ်လာ ပေါက်ဈေးရှိသည့် ဈေးနှုန်းကြောင့် ဈေးကွက်အတွင်း ရေပန်းစားမှု မရရှိခဲ့ပါ။
လက်ရှိရောင်းချထားပြီးသား Glass များကို စက်တင်ဘာအထိ ထောက်ပံ့မှုပေးနေဦးမည်ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော် ရှေ့ပြေးတီထွင်ရန်ကြိုးပမ်းမှုများနှင့် လက်တွဲခဲ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း ကြေငြာချက်တွင် ပါရှိသည်။
Google အနေဖြင့် အခြားသော နည်းပညာကုမ္ပဏီကြီးများကဲ့သို့ပင် ကိုဗစ်အလွန် စီးပွားရေး မျှခြေပြောင်းလဲမှုများနှင့် ကုန်ကျစရိတ်မြင့်တက်မှုများကြောင့် ဝန်ထမ်းလျှော့ချမှုများ ပြုလုပ်ရန် စီစဉ်နေသလို ယခုအစီအစဉ်သည်လည်း ကုန်ကျစရိတ်လျှော့ချမှုအစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ပါဝင်ခြင်းဖြစ်သည်။
Google အနေဖြင့် Smartglass လောကမှ ခြေတစ်လှမ်းဆုတ်လိုက်သော်လည်း အခြားကုမ္ပဏီများဖြစ်သည့် Snapchat အနေဖြင့် ၎င်းတို့၏ smartglass ကို ဈေးကွက်အတွင်း ရေပန်းစားမှု ရရှိစေရန် ဆက်လက်ကြိုးပမ်းနေပြီး Appleကလည်း AR မျက်မှန်များကို စမ်းသပ်နေကြောင်း သိရသည်။
၎င်းတို့အပြင် Facebook ၏ မိခင်ကုမ္ပဏီ Meta နှင့် Microsoft တို့လည်း AR (Augmented Reality) glass များနှင့် VR (Virtuality Reality) glass များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စမ်းသက်လျက်ရှိကြပြီး မကြာမီနှစ်များအတွင်း ဈေးကွက်သို့ အချောသတ်ဝင်ရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNBC, CNN Business
Photo: WIRED