အိန္ဒိယတွင် လာမည့် ၅ နှစ်မှ ၇ နှစ်အတွင်း Google အနေဖြင့် ဒေါ်လာ ၁၀ ဘီလျံ (ပေါင် ၇.၉၃ ဘီလျံ) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း Google ၏ မိခင်ကုမ္ပဏီ Alphabet Inc ၏ အမှုဆောင်အရာရှိချုပ် Sundar Pichai က ကြေငြာခဲ့သည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုတွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေးကို ဒစ်ဂျစ်တယ်အသွင်သို့ပြောင်းနိုင်ရေး အကူအညီပေးရန် ရည်ရွယ်၍ ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။
မစ္စတာ ဆွန်ဒါ ပီချား (Sundar Pichai) က ယခု ဆုံးဖြတ်ချက်သည် အနာဂတ် အိန္ဒိယနှင့် အိန္ဒိယ၏ ဒစ်ဂျစ်တယ်စီးပွားရေးကို ယုံကြည်မှုရှိသည့် ပြယုဂ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံအတွင်း အင်တာနက် အမြဲတမ်း အသုံးပြုသူ သန်း ၅၀၀ ကျော် ရှိနေရာ Google အတွက် အလားအလာအရှိဆုံး ဈေးကွက်လည်း ဖြစ်လာဖွယ်ရှိနေသည်။
ရင်းနှီးမြှုပ်နှံငွေများကို ဒစ်ဂျစ်တယ်နည်းပညာတိုးတက်ရန် အဓိက နယ်ပယ် ၄ ခုတွင် သုံးစွဲရန် ရည်ရွယ်ထားသည်။
– အိန္ဒိယနိုင်ငံသားတိုင်း မိမိကိုယ်ပိုင်ဘာသာစကားဖြင့် သတင်းအချက်အလက်များကို လွယ်လွယ်ကူကူရရှိသုံးစွဲနိုင်စေရန်။
– အိန္ဒိယနိုင်ငံအတွက် မရှိမဖြစ်လိုအပ်သော ကိစ္စများအတွက် ထုတ်ကုန်သစ်များနှင့် ဝန်ဆောင်မှုအသစ်များကို ဖန်တီးတည်ဆောက်ရန်။
– နိုင်ငံအတွင်း ဒစ်ဂျစ်တယ်စနစ်သို့ သွားလိုသည့် လုပ်ငန်းတိုင်းကို အားပေးမြှင့်တင်ရန်။
– နည်းပညာနှင့် လူသားတို့ဖန်တီးသည့် ကွန်ပျူတာအသိဉာဏ် (AI – artificial intelligence) ကိစ္စရပ်များကို အများအကျိုးအလို့ငှာ တိုးမြှင့်ဆောင်ရွက်ရန်နှင့် AI ကို ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေးတို့တွင် အသုံးချနိုင်ရန် တို့ဖြစ်ကြသည်။
CEO ဖြစ်သူ ဆွန်ဒါက အိန္ဒိယနိုင်ငံ တစ်ခုလုံးကို ဒစ်ဂျစ်တယ် နည်းပညာများဖြင့် ပြုပြင်ပြောင်းလဲလိုသည့် ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) ၏ Digital India Project ကိုလည်း ထောက်ခံသွားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီက နည်းပညာကို အသုံးပြု၍ အိန္ဒိယလယ်သမား၊ လူငယ်တို့နှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်တို့၏ ဘဝများကို ပြောင်းလဲရေးအပေါ် Google စီအီးအိုဖြစ်သူနှင့် ဆွေးနွေးခဲ့ကြောင်းကိုလည်း Twitter ပေါ် ရေးသားဖြန့်ဝေခဲ့သည်။
Google ၏ အဓိက ထုတ်ကုန်တစ်ခုဖြစ်သော Youtube ကို အိန္ဒိယတွင် အသုံးပြုသူ ၂၄၅ သန်း ခန့်ရှိပြီး အိန္ဒိယက Google ၏ အဓိက ဈေးကွက်ဖြစ်ခဲ့သည်မှာလည်း ကြာမြင့်ခဲ့ပြီဖြစ်သည်။
ယခုအခါတွင် အင်တာနက် အသုံးပြုသူအရေအတွက် တိုးတက်လာစေရန်နှင့် အင်တာနက်ကို မြို့ငယ်များ၊ ကျေးရွာများမှ လူထုပါ အသုံးပြုနိုင်စေရန် သက်ဆိုင်ရာ ဒေသတွင်း အသီးသီးရှိ ဘာသာစကားများဖြင့် ပြောင်းလဲပြုလုပ်ခဲ့ပြီးနောက် မူလ အင်္ဂလိပ်ဘာသာစကားကို ကျော်လွန်ကာ အိန္ဒိယ ဒေသန္တရ စကားဖြင့် အသုံးပြုသူ ၆၆% ထိ ရောက်ရှိလာပြီဖြစ်သည်။
ယခုကဲ့သို့ Google ၏ အချိန်ကိုက် ကြေငြာချက်သည် စိတ်ဝင်စားစရာကောင်းနေပြီး အချိန်အခါမှာလည်း အိန္ဒိယက တရုတ်ပြည်မှ ဖန်တီးထားသော ဖုန်းသုံး Apps ပေါင်း ၅၉ ကို တားမြစ်အပြီးဖြစ်သည်။
အိန္ဒိယမှ တားမြစ်ပိတ်ပင်ထားသော တရုတ် ဆော့ဝဲလ်၊ Apps များတွင် TikTok နှင့် WeChat တို့လည်း ပါဝင်လျက်ရှိသည်။
Google မှ ရင်းနှီးမြှုပ်နှံငွေသည် အိန္ဒိယ ရူပီး ကုဋေ ၇၅ ၀၀၀ ခန့်ရှိသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Times Of India
Image: India Today