0

နေရောင်ခြည်စွမ်းအင်ထုတ် လုပ်ငန်းတွေရဲ့ အနာဂတ်ကိုမျှော်ကြည့်ခြင်း

Share

        ပြီးခဲ့တဲ့ ဧပြီလ ၂၀ရက်နေ့တုန်းဟာ အင်္ဂလန်နိုင်ငံရဲ့ မိုးလေဝသဌာနမှတ်တမ်းအရ ဧပြီလအတွင်း နေရောင်ခြည်အားအပြင်းဆုံးရက် ဖြစ်ကြောင်းသိရပါတယ်။ အဲဒီနေ့မှာပဲ အင်္ဂလန်နိုင်ငံရဲ့ နေရောင်ခြည်စွမ်းအင်အသုံးချရေးအဖွဲ့က နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံတွေကနေ ထုတ်လုပ်တဲ့ ၁ရက်စာ လျှပ်စစ်ဓါတ်အားပမာဏဟာ စံချိန်သစ်အနေနဲ့ ၉.၆၈ ဂစ်ဂါဝပ် (၉၆၈၀ မဂ္ဂါဝပ်) ထိရောက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ခုဧပြီလနေရောင်ခြည်ကြောင့် အကျိုးကျေးဇူးရတာ သူတို့ချည်းပဲမဟုတ်ပါဘူး။ မြောက်အိုင်ယာလန်နိုင်ငံက ဘရိုင်ယန်မက်ကယ်လီယွန် ဆိုသူ့အိမ်ခေါင်မိုးပေါ်မှာ ဆိုလာပြား ၁၆ပြားတပ်ထားခဲ့ပြီး ဒီဧပြီလရဲ့ နေရောင်ခြည်ကနေ မီတာခအများကြီး သက်သာခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ဒီဆိုလာပြားတွေကို တပ်ခဲ့တာ ၅နှစ်ရှိပြီဖြစ်ပြီး တစ်နှစ်ကို မီတာခ ပေါင် ၁၀၀၀ (၁၅သိန်း) လောက်သက်သာတယ်လို့ ပြောပါသေးတယ်။
        တကယ်တော့ ဒီလို ဆိုလာပါဝါအကြောင်းပြောမယ်ဆို ဒီနေရာလေးပဲ ကွက်ပြီးပြောလို့မရပါဘူး။ ဆန်ဖရန်စစ္စကိုကနေစလို့ တရုတ်နိုင်ငံ ရှန်ကျန်းအထိ ကမ္ဘာတစ်လွှားမှာ ဆိုလာပါဝါဟာ သန့်ရှင်းတဲ့စွမ်းအင်အဖြစ် ပိုမိုနေရာယူလာနေပါပြီ။ ဒီနေ့ခေတ် ပုံမှန်ဆိုလာပြားတွေဟာ သူ့ဆီရောက်လာတဲ့ အလင်းစွမ်းအင်ရဲ့ ၁၇ရာခိုင်နှုန်းကနေ ၁၉ရာခိုင်နှူန်းအထိကို လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးနေတာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀နှစ်တုန်းကဆိုရင်တော့ ၁၂ရာခိုင်နှုန်းကိုပဲ ပြောင်းလဲပေးနိုင်ခဲ့ပြီး ခုဆိုရင် ဆိုလာပြားထုတ်လုပ်သူတွေဟာ ၃၀ရာခိုင်နှုန်းအထိ လျှပ်စစ်စွမ်းအင်ပြောင်းလဲပေးနိုင်မဲ့ နည်းပညာတွေကို ရှာဖွေနေကြပါပြီ။ ဆိုလာနည်းပညာဟာ ခုဆိုရင်အရှိန်အဟုန်နဲ့ တိုးတက်နေပြီး အရင်ဆယ်နှစ်တုန်းကဆို တစ်ကမ္ဘာလုံးမှာရှိတဲ့ ဆိုလာဓါတ်အားပေးစက်ရုံစုစုပေါင်းက ထုတ်တဲ့ ဓါတ်အားပမာဏဟာ ၂၀ ဂစ်ဂါဝပ်ပဲရှိပါတယ်။ ခုဆိုရင် ပြီးခဲ့တဲ့နှစ်ကုန် မှတ်တမ်းတွေအရ ကမ္ဘာတစ်ဝှမ်းက ဆိုလာဓါတ်အားထုတ်လုပ်မှုပေါင်းဟာ ၆၀၀ ဂစ်ဂါဝပ်ကို ရောက်ရှိခဲ့ပါပြီ။ ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရတော့ ဒီနှစ်ကုန်ရင် နောက်ထပ် ၁၀၅ ဂစ်ဂါဝပ်လောက် ထပ်မံထုတ်လုပ်နိုင်မယ်လို့လည်း သိရပါတယ်။
        ပုံမှန်အားဖြင့်ဆိုရင်တော့ ဆိုလာပြားတွေကို ဝေဖာပုံစံ ဆီလီကွန်အပြားတွေနဲ့ တည်ဆောက်ထားပြီး ကမ္ဘာပေါ်က ၇၀ရာခိုင်နှုန်းသော ဆိုလာပြားထုတ်လုပ်ရေးလုပ်ငန်းတွေဟာ တရုတ်နဲ့ ထိုင်ဝမ်မှာရှိပါတယ်။ သီဝရီအရတော့ ဆီလီကွန်လိုမျိုး ပစ္စည်းတမျိုးတည်းကထုတ်တဲ့ ဆိုလာပြားတွေရဲ့ စွမ်းအင်ထုတ်ပေးနိုင်စွမ်းဟာ ၃၇ရာခိုင်နှုန်းပဲရှိပါတယ်။ ဒါပေမဲ့ ပစ္စည်းခြောက်မျိုးလောက်ပေါင်းပြီး ထုတ်ထားတဲ့ဆိုလာပြားဆိုရင်တော့ စွမ်းအင်ထုတ်ပေးနိုင်စွမ်း ၄၇ ရာခိုင်နှုန်းအထိတက်လာပေမဲ့ ဈေးနှုန်းကြီးမြင့်တဲ့အတွက်ကြောင့် နေရောင်ခြည်ကောင်းကောင်းမရတဲ့ဒေသတွေက အရေးကြီးဌာနတွေမှာသာ အသုံးပြုပါတယ်။ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုမှာရှိတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုတေသနဌာနက ညွှန်ကြားရေးမှုး နန်စီဟေဂျယ်ကတော့ နောက်လာမဲ့ နှစ်တွေဆိုရင် အိမ်တိုင်းအိမ်တိုင်းရဲ့ ခေါင်းမိုးတွေပေါ်မှာ လူတွေ၊ ငှက်တွေ၊ အုတ်ကြွပ်တွေ မြင်ရတော့မှာမဟုတ်ဘဲ ဆိုလာပြားတွေချည်းပဲဖြစ်နေတော့မှာ မြင်ယောင်နေပြီလို့ ရယ်ပြီးပြောသွားပါတယ်.
        ခုနောက်ဆုံး နေရောင်ခြည်စွမ်းအင် အသုံးချကဏ္ဍမှာ ဆန်းသစ်ဆုံး နည်းပညာဆိုရင်တော့ perovskite ဆိုတဲ့ သဘာဝဓါတ်သတ္ထုတစ်မျိုးဖြစ်ပြီး သူ့ရဲ့ နေရောင်ခြည်ကို အံ့မခန်းစုပ်ယူနိုင်စွမ်းအားက ဆိုလာပြားတွေရဲ့ အနာဂတ်မှာ သူမပါရင် မပြီးတော့မဲ့ ပုံဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ သူဟာ ခုလက်ရှိဆိုလာပြားတွေလို အထူကြီးပုံသွင်းစရာမလိုဘဲ ပျော်ရည်ဖြစ်အောင် ဖျော်လိုက်ပြီး အလွှာပါးလေးဖြစ်အောင် သုတ်လိမ်းထားလိုက်တာနဲ့တင် စွမ်းအင်ကိုထုတ်ယူရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ခေါင်မိုး၊ တိုက်နံရံ၊ ကားဘော်ဒီ ဘယ်နေရာမှာမဆို သုတ်လိမ်းလိုက်ရုံနဲ့ စွမ်းအင်ရရှိမှာဖြစ်တာကြောင့် ခုလက်ရှိဆိုလာပြားတွေကို ခေတ်ပြောင်းတော်လှန်ရေးလုပ်မဲ့ နည်းပညာအဖြစ် ပညာရှင်တွေက ကြိုးစားနေကြပါတယ်။
        ဒီထဲမှာဦးဆောင်နေတာကတော့ ပိုလန်နိုင်ငံက Saule Technologies ကုမ္ပဏီဖြစ်ပြီး သူတို့ဟာ perovskite သတ္တုရည်ကို အသုံးပြုပြီး ဖုန်း screen guard ထက်ပါးလွှာတဲ့ ဆိုလာပြားတွေကို စမ်းသပ်အောင်မြင်ခဲ့ပါပြီ။ ဒီနည်းပညာကိုသာ ဆက်ပြီးကျယ်ကျယ်ပြန့်ပြန့် သုံးလို့ရအောင် လုပ်ဆောင်နိုင်ခဲ့မယ်ဆို များမကြာမီနှစ်တွေမှာ လမ်းမပေါ်က မီးတိုင်တွေ၊ မီးပွိုင့်တွေ၊ လေထုအရည်အသွေးတိုင်းတာစက်တွေ၊ ဝိုင်ဖိုင်လွှင့်ပေးတဲ့စက်တွေမှာ အသုံးချနိုင်မှာဖြစ်ပြီး အဲအခါကြရင် ဒီပစ္စည်းတွေဟာ စွမ်းအင်ကို အလကားရနေသလိုဖြစ်နေမှာလို့ Saule Technologies က အကြီးတန်းသိပ္ပံပညာရှင် တစ်ယောက်ကပြောပါတယ်။ ဒါအပြင် သူတို့ဟာ ဖုန်းနောက်ကျောတို့၊ လက်ပ်တော့ နောက်ကျောတို့မှာ ကပ်လို့ရတဲ့ ဒီဇိုင်းတွေကိုလည်း စဉ်းစားနေတဲ့ အတွက်နောက်ဆိုရင် ဖုန်းအားသွင်းဖို့တောင် လိုချင်မှ လိုတော့မှာပါ။ ဘာလို့လဲဆိုတော့ ဒီ perovskite သတ္တုရဲ့ အစွမ်းသတ္တိကကို ဆီလီကွန်ဆိုလာပြားတွေလို နေရောင်ခြည်ကောင်းကောင်းရဖို့မလိုဘဲ တိမ်ထူတဲ့နေ့တွေမှာတောင် အလင်းရောင်ရှိတယ်ဆိုရုံနဲ့ကိုပဲ လုံလောက်တဲ့ စွမ်းအင်ထုတ်ပေးနိုင်လို့ပါ။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC
Photo: Science in HD

%d bloggers like this: