အလိုလျောက်ယာဉ်မောင်းစနစ်များတွင် နာမည်ကျော်လာကြသော Tesla ၏ Autopilot စနစ်နှင့် General Motors မှ Super Cruise ကဲ့သို့ ခေတ်မီစနစ်များကို ယှဉ်နိုင်ရန် Ford ဖို့ဒ်ကားကုမ္ပဏီမှလည်း “Active Drive Assist” ဟု အမည်ပေးထားသည့် စနစ်သစ်ကို မိတ်ဆက်ခဲ့သည်။
အဆိုပါ စနစ်သည် မောင်းနှင်နေသည့် ယာဉ်၏ မြန်နှုန်း၊ ဘရိတ်နှင့် ယာဉ်ကို ဘယ်ညာ ယာဉ်ကြော ပြောင်းလဲမှု အလုံးစုံကို ထိန်းချုပ်ရန် ကားကင်မရာ၊ ရေဒါ နှင့် အခြား အာရုံခံကိရိယာများကို သုံး၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါရှိ မြေပုံစနစ်များကိုလည်း ကြိုတင်ထည့်သွင်းထားမည်ဟု သိရသည်။
Ford မှ ထုတ်လုပ်သော Mustang Mach-E ကားသည် လျှပ်စစ်ကားအဖြစ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ယခု စနစ်ကို ပထမဆုံးထည့်သွင်းထားသော ကားဖြစ်လာမည်ဖြစ်သည်။
‘Active Drive Assist’ ကို အဆိုပါကားတွင် ၂၀၂၁ ခုနှစ် တတိယ ၃ လပတ်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။
ဖို့ဒ် ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက ဖို့ဒ်မှ ထုတ်မည့် အခြား မည်သည့်ကားများတွင် ယခုစနစ်ကို ထည့်သွင်းပါဝင်လာမည်လဲဆိုသော မေးခွန်းများကိုမူ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
သို့သော်လည်း ဖိုဒ့်မှ အရွယ်အစားကြီးမာစွာ ထုတ်လုပ်ထားသည့် F-150 တွင် ပါဝင်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းနေကြသည်။
ဒီဇိုင်းပြန်လည် ရေးဆွဲထားသော အဆိုပါ pick up အမျိုးအစား ယာဉ်ကို လာမည့်အပတ်တွင် မိတ်ဆက်ဦးမည်ဖြစ်ရာ ယခု ယာဉ်မောင်းအကူစနစ်ကဲ့သို့ နည်းပညာမျိုးအတွက် ထည့်သွင်းရန် အဆင်ပြေသည့် ယာဉ်ဟု ခန့်မှန်းနေကြသည်။
Ford ၏ ‘Active Drive Assist’ သည် ကြိုတင်ထည့်သွင်းထားသော မြေပုံပေါ်တွင် အလုပ်လုပ်မည်ဖြစ်ရာ Tesla ၏ Autopilot စနစ်ထက် GM ၏ Super Cruise နှင့် ပို၍ ဆင်တူနေသည်ဟု သုံးသပ်ထားကြသည်။
Ford ၏ လျှပ်စစ်ကားထုတ်လုပ်ရေးဌာနအပိုင်းမှ Darren Palmer က မီဒီယာများနှင့်တွေ့ဆုံရာတွင် ယခု နည်းပညာနှင့်ပါတ်သက်၍ အကြီးအကျယ်ကြိုးစားထားကြသည်ဟု ဆိုခဲ့ပြီး၊ သူတို့အနေနှင့် ဖေါက်သည်များကို ရောင်းချရာတွင် စိတ်ရှုတ်ထွေးမှု အနည်းငယ်ဖြစ်စေနိုင်သော စနစ်များကို ပြန်လည် သုံးသပ်နေသည်ဟု ဆိုသည်။
Palmer က ယခု ယာဉ်မောင်းအကူစနစ်သည် အလွန်သိမ်မွေ့သည်ဟု ပြောကြားခဲ့ပြီး ယုံကြည်မှုတည်ဆောက်ရာတွင်လည်း အရေးပါစေမည်ဟု ဆိုသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: CNBC News, Ford, Motor1