ဒီရင်းနှီးမြှပ်နှံမှုဟာ Facebook နဲ့အိန္ဒိနိုင်ငံရဲ့ အကြီးဆုံး မိုဘိုင်းအော်ပရေတာတို့ရဲ့ ဒီဂျစ်တယ်နည်းပညာလောကကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားလိုက်တဲ့ ပထမဆုံး ခြေလှမ်းပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကြေငြာခဲ့တဲ့ ဒီသဘောတူညီချက်မှာ Facebook ဟာ အိန္ဒိယရဲ့ Jio Platform အတွင်း ရှယ်ယာ ၉.၉၉ ရာခိုင်နှုန်းအတွက် ဒေါ်လာ ၅.၇သန်း ရင်းနှီးမြှုပ်နှံမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။ ဒီ Jio Platform ဟာ အိန္ဒိယရဲ့ ဘီလီယံနာ သူဌေးကြီး Mukesh Ambani ရဲ့ Reliance Coporation ကပိုင်ဆိုင်တာဖြစ်ပြီး သူ့ထဲမှာ နည်းပညာနဲ့ ပတ်သတ်တဲ့ ဝန်ဆောင်မှုတွေ အမြောက်အများပါဝင်ပါတယ်။ သူ့ထဲမှာပါတဲ့ Reliance Jio ဆိုတဲ့ မိုဘိုင်းနက်ဝက်ဆိုရင် စတင်ခဲ့တာ ၄နှစ်ပဲရှိသေးပေမဲ့ သုံးစွဲသူပေါင်း သန်း ၃၉၀ နီးနီးရှိနေပါပြီ။ စတင်လိုင်းဖွင့်ပေးကတည်းက သုံးစွဲသူတွေကို ဖုန်းကတ်၁ကတ်ဝယ်ရင် မြန်နှုန်းမြင့် 4G အင်တာနက်ကို ၆လ အလကားပေးခဲ့တာကြောင့် သူ့အရင်ရှိနှင့်ပြီးသား မိုဘိုင်းအော်ပရေတာတွေကို အလဲထိုးနိုင်ခဲ့သလို တချို့ ကုမ္ပဏီတွေဆိုရင် ဆက်လက်ရပ်တည်ဖို့ ခက်ခဲတာကြောင့် ၂ခု ၃ခု ပူးပေါင်းလိုက်ရတာတွေတောင်ရှိပါတယ်။ နောက်ပိုင်းမှာတော့ အိန္ဒိယက သုံးစွဲသူများတဲ့ video streaming app တွေ၊ online shopping app တွေ၊ သတင်း app တွေဟာလည်း Jio Platform ရဲ့အောက်ကို ရောက်သွားခဲ့ရပါတော့တယ်။
အခု Facebook နဲ့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တာကတော့ Facebook ကပိုင်ဆိုင်တဲ့ WhatsApp ကို Jio Platform မှာ စတင်သုံးစွဲနိုင်မှာဖြစ်ပြီး Facebook အနေနဲ့လည်း သန်း ၄၀၀လောက် နီးနီးရှိတဲ့ အသုံးပြူသူတွေကို တပြိုင်နက်ရရှိသွားမှာပါ။ ဒီသဘောတူညီမှုဟာ အိန္ဒိယရဲ့ နည်းပညာလောကအတွက်တော့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ဝင်ရောက်လာဖို့ ကြီးမားတဲ့ ခြေလှမ်းအစဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အရင်ကဆို နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ သုံးစွဲသူတရိပ်ရိပ်နဲ့ တက်လာတဲ့ အိန္ဒိယနည်းပညာလောကကို မျက်စိကျနေပေမဲ့ မတည်ငြိမ်တဲ့ ဥပဒေတွေကြောင့် လက်ရှောင်နေခဲ့တာပါ။ အခုအခါမှာတော့ Facebook ရဲ့ CEO မာ့ဇူကာဘက်ရဲ့ အဆိုအရ အိန္ဒိယဟာ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းပေါင်း သန်း ၆၀လောက်ရှိနေတဲ့နိုင်ငံပါ။ ဒါပေမဲ့ သူတို့မှာ စီးပွားရေးလုပ်ငန်းအခြင်းခြင်းဆက်သွယ်ဖို့၊ ဒါမှမဟုတ် သူတို့ရဲ့ စားသုံးသူတွေနဲ့ ဆက်သွယ်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေးနည်းပညာ အားနည်းနေပါတယ်။ ဒီကွက်လပ်ကို Facebook က သူတို့ရဲ့ WhatsApp အပလီကေးရှင်းနဲ့ ကူညီပေးမှာပါလို့ ပြောသွားခဲ့တာပါ။
Reliance ရဲ့သူဌေး Ambani ကတော့ နောက်လာမဲ့နှစ်တွေမှာဆိုရင် သူတို့ရဲ့ အွန်လိုင်းငွေပေးချေမှု platform ဖြစ်တဲ့ JioMart နဲ့ WhatsApp တို့တွဲပြီး အိန္ဒိယနိုင်ငံတွင်းမှာရှိတဲ့ စတိုးဆိုင်ငယ်တွေနဲ့ စားသုံးသူတွေကို ချိတ်ဆက်ပေးဖို့ ဆက်လက်ဆောင်ရွက်သွားဦးမယ်လို့ ပြောသွားပါတယ်။ ဒါသာအကောင်အထည်ပေါ်လာရင် စားသုံးသူတွေအနေနဲ့ သူတို့ရဲ့ အနီးဆုံး စတိုးဆိုင်တွေကနေ လိုတာတွေကို ထိုင်ရမထ လွယ်လွယ်ကူကူနဲ့ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ Facebook အနေနဲ့လည်း ဒီသဘောတူညီမှုကနေ အတွေ့အကြုံတွေအများကြီး စုဆောင်းနိုင်တယ်လို့ ထောက်ပြထားပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်နိုင်ငံမှာဆိုရင် WeChat အပလီကေးရှင်းဟာ ဟင်းရွက်ကန်စွန်းရောင်းတာကစလို့ ဆေးခန်းဆရာဝန်နဲ့ ဘွတ်ကင်လုပ်တာကနေပြီး ငွေလွှဲပြောင်းလုပ်တာတွေအထိကို အများကြီး ဖြန့်ကျက်ပြီး ဝန်ဆောင်မှုပေးနေတာပါ။ ဒါကြောင့် Facebook အနေနဲ့လည်း WeChat ကိုအတုယူပြီး သူ့ရဲ့ WhatsApp ကို အိန္ဒိယရဲ့ သန်း၄၀၀သော သုံးစွဲသူတွေကြားမှာ ဈေးကွက်သုတေသနတွေ အများကြီးလုပ်လို့ ရတယ်လို့ ထောက် ပြထားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN
Photo: selectyourdeals.com
0