ဝါရှင်တန်မြို့ထဲမှာ ထူးထူးဆန်းဆန်းအရာတစ်ခုဟာ လမ်းမကြီးတွေပေါ်မှာ လျှောက်သွားနေပါတယ်။ ပုံစံက ဖုန်စုပ်စက်အကြီးစား တစ်ခုလိုလို၊ ထမင်းပေါင်းအိုး အကြီးစားတစ်ခုကို ဘီးတပ်ထားတဲ့ ပုံလိုလိုပါ။ သူသွားမဲ့လမ်းကြောင်းမှာရှိတဲ့ မီးပွိုင့်တွေ၊ ကားတွေကို သေချာရှောင်ကွင်းပြီး ရပ်တန်ရပ်၊ ကွေ့တန်ကွေ့နဲ့ သတ်မှတ်ထားတဲ့ နေရာကို ရောက်အောင်သွားနေပါတယ်။ ဒီအရာ ဝတ္ထုလေးဟာ ၃ဘလောက်အကွာလောက် ဆက်သွားအပြီးမှာတော့ ဂျိတ်ဝီလီယံနဲ့ သူရဲ့ ၃နှစ်အရွယ်သမီးငယ် အေမီလီယာ တို့စောင့်နေတဲ့ ရှေ့ကိုရောက်လာပါတယ်။ ဂျိတ်ဝီလီယံဟာ သူ့ဖုန်းထဲက အပလီကေးရှင်းတခုကို နှိပ်လိုက်တဲ့အခါမှာတော့ ခုနက အရာဝတ္ထုလေးရဲ့ အဖုံးဟာပွင့်သွားခဲ့ပြီး အထဲမှာပါတဲ့ ပီဇာရယ်၊ သစ်သီးတွေရယ်၊ ပြင်သစ်ပေါင်မှန့်ချောင်းအရှည်တွေကို သူ့သမီးလေးက ပျော်ရွှင်စွာပဲ လှမ်းယူလိုက်ပါတော့တယ်။
ဒီလိုမျိုး ဗိုက်ထဲမှာ စားစရာတွေ၊ ပစ္စည်းတွေ သယ်ဆောင်ပြီး လမ်းမထက်တွေမှာ လိမ့်လိမ့် လိမ့်လိမ့်နဲ့ လျှောက်သွားနေတာကတော့ အမေရိကန် နည်းပညာကုမ္ပဏီ Starship ရဲ့ Delivery Robort လေးတွေပဲဖြစ်ပါတယ်။ အပေါ်ကပြောပြခဲ့တဲ့ မစ္စတာ ဝီလီယံတို့မိသားစုဆိုရင် ဝါရှင်တန်မြို့ရဲ့ Lock Down ကာလမှာ Starship Robot တွေကတဆင့် အစားအသောက်တွေ ဝယ်ယူနေတာ အခေါက်ပေါင်း မနည်းတော့ပါဘူး။ မစ္စတာ ဝီလီယံ ကတော့ ဒီရိုဘော့လေး လာပြီဆိုရင် သူ့သမီးလေးက အရမ်းသဘောကျတဲ့အတွက် တခါတလေ တရက်ကို ၂ခါလောက် မှာပေးရတာမျိုးတောင် ရှိပါတယ်တဲ့။
ဝါရှင်တန်ဒီစီမှာ ဧပြီလအစလောက်က စပြီး ကုန်စုံဆိုင်တွေကို social distancing လုပ်ဖို့ လုံလောက်တဲ့ နေရမရှိဘူးဆို ဆိုင်တွေအားလုံးကို Delivery ပဲရောင်းချဖို့ အမိန့်ပေးတာခံခဲ့ရပါတယ်။ အဲဒီမှာပဲ ဆိုင်တွေ တော်တော်များများဟာ Starship ကုမ္ပဏီနဲ့ လက်တွဲမိကြပြီး Broad Brand Market ဆိုင်ဆိုရင် ရိုဘော့ ၁၀ခုလောက်က Delivery ပို့ဆောင်ပေးနေပြီး ၁ရက်ကို အခေါက် ၅၀၊ ၆၀ သွားပို့နေရပါတယ်လို့ ဆိုင်ပိုင်ရှင် ထရေစီကပြောပါတယ်။ ဒါပေမဲ့ ဒီရိုဘော့လေးတွေဟာ သူတို့ သယ်နိုင်တဲ့ ပမာဏ အကန့်အသတ်ရှိနေပြီး ပုံမှန် Delivery သမားတွေရဲ့ နေရာကို လုံးဝအစားဝင်ယူဖို့တော့ မဖြစ်နိုင်သေးပါဘူး။ Starship ကုမ္ပဏီကတော့ အမေရိကန်မှာ ကပ်ရောဂါပိုပြင်းထန်လာပြီးနောက်ပိုင်း လူတွေက စားစရာအတွက် အပြင်ထွက်ရရင် စွန့်စားခန်းဖွင့်ရသလို သွားလာနေရပြီး ဆိုင်ကဝန်ထမ်းတွေကလည်း ဈေးလာဝယ်တဲ့သူတွေဆီက ရောဂါကူးစက်မှာကို စိုးရိမ်နေတဲ့အတွက် သူတို့ရဲ့ ရိုဘော့တွေကို အသုံးပြုဖို့ အမှာစာတွေ အများအပြား လက်ခံရရှိနေပါတယ် လို့ဆိုပါတယ်။
ဟူစတန်ပြည်နယ်မှာတော့ ဆီလီကွန်ဗယ်လီအခြေစိုက် Nuro ကုမ္ပဏီက Nuro R2 ဆိုတဲ့ မောင်းသူမဲ့ Delivery ကားလေးတွေနဲ့ စတင်စမ်းသပ်ပြေးဆွဲနေပါတယ်။ တခြားတဘက်မှာလဲ အမေရိကန်နည်းပညာ ထိပ်တန်းဦးဆောင်သူဖြစ်တဲ့ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ကလည်း Delivery Drome တွေနဲ့ ပစ္စည်းပို့ပေးတာကို စတင်စမ်းသပ်နေပြီး လောလောဆယ်မှာတော့ အမေရိကန်ပြည်နယ် အနည်းငယ်မှာပဲ အသုံးပြုလို့ရပါသေးတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: BangkokPost
Photo: TechBoys/AFP/Alex Wong