စင်္ကာပူအခြေစိုက် Crypto.com တွင် အသုံးပြုသူ အယောက် ၄၀၀၏ အကောင့်များ ယခုအပတ် အစောပိုင်းတွင် အဟက်ခံခဲ့ရကြောင်း CEO ဖြစ်သူ ခရစ် မာဇာလက်ခ်က အတည်ပြုသွားခဲ့ပြီး လက်ရှိအချိန်အထိ အာဏာပိုင်များဘက်မှ မည်သည့် သတင်းမျှ မရရှိသေးကြောင်း သိရသည်။
ဘလွန်းဘာ့ သတင်းစာနှင့် အင်တာဗျူးတွင် မစ္စတာ မာဇာလက်ခ်က ၎င်းတို့အနေဖြင့် ယခုဖြစ်စဉ်အပေါ် သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းမေးမြန်းမှုများ ပြုလုပ်လာပါက တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားရန် ပြင်ဆင်ထားသော်လည်း လက်ရှိအချိန်အထိ မဆက်သွယ်လာသေးကြောင်း ဖြေကြားခဲ့သည်။
သို့သော် စင်္ကာပူ ငွေကြေးအာဏာပိုင် အဖွဲ့အစည်းကမူ Crypto.com ၏ မိခင်ကုမ္ပဏီဖြစ်သူ Foris DAX Asia ၏ လိုင်စင်သည် လက်ရှိအချိန်တွင် စင်္ကာပူ Payment Services Act အရ ဆိုင်းငံ့ခံထားရမည် ဖြစ်ပြီး သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ပြန်လည်ပေးအပ်မည် ဖြစ်သည်ဟု ဆိုသည်။
အွန်လိုင်းဟက်ကာများသည် ယမန်နှစ်ကလည်း ဒစ်ဂျစ်တယ်ငွေကြေး ဖလှယ်ရေး ဝဘ်ဆိုက်များကို တိုက်ခိုက်၍ ဒစ်ဂျစ်တယ်ငွေကြေးများကို ခိုးယူခဲ့ဖူးပြီး ယခု ဇန်နဝါရီ ၁၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် Crypto.com သည် နောက်ဆုံး သားကောင်ဖြစ်ခဲ့သည်။
ထွက်ပေါ်ခဲ့သည့် သတင်းများအရ Crypto.com ရှိ အကောင့်ပိုင်ရှင်များသည် ၎င်းတို့ အကောင့်အတွင်းရှိ Ethereum အပါအဝင် အခြား ဒစ်ဂျစ်တယ်ငွေကြေးများ အကောင့်အတွင်းမှ ရုတ်တရက်ပျောက်သွားခဲ့ခြင်းဖြစ်ပြီး မစ္စတာ မာဇာလက်ခ် အဆိုအရ ကုမ္ပဏီအနေဖြင့် နစ်နာသူများကို ပြန်လည် လျော်ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
မစ္စတာ မာဇာလက်ခ်က ယခုဖြစ်ရပ်ကို သင်ခန်းစာယူ၍ ၎င်းတို့ ကုမ္ပဏီ၏ လုံခြုံရေး စနစ်များကို မြှင့်တင်သွားမည်ဖြစ်ပြီး ကုမ္ပဏီ၏ ငွေကြေးအင်အားအရ ယခုဖြစ်ရပ်သည် ဆိုးဆိုးရွားရွားတော့ မဟုတ်ခဲ့ကြောင်း အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
လက်ရှိတွင် ဟက်ကာများ ခိုးယူခဲ့သည့် ငွေပမာဏ အတိအကျကို Crypto.com က ထုတ်ပြန်ခြင်း မပြုသေးသော်လည်း ဒေါ်လာ သန်းချီမည်ဟု ခန့်မှန်းနေကြပြီး မစ္စတာ မာဇာလက်ခ်က ထပ်မံရရှိသော သတင်းများကို ကုမ္ပဏီ၏ ဘလော့၌ အချိန်နှင့် တပြေးညီ တင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Strait Times, CoinDesk
Photo: PCMag