0

တရုတ်ပြည် ကျေးလက် အွန်လိုင်းဈေးကွက်တွင် ၂၀၂၅ ၌ ကျွမ်းကျင်လုပ်သား လိုအပ်ချက် ၃.၅ သန်းထိရှိလာမည်

Share

တရုတ်ပြည်ရှိ စိုက်ပျိုးရေး တက္ကသိုလ်မှ ထုတ်ပြန်ချက်များအရ ကျေးလက်ဒေသများတွင် ရောင်းဝယ်ဖေါက်ကားနေသည့် အွန်လိုင်းစီးပွားရေး e-commerce market ၏ လည်ပတ်ငွေသည် ယခုနှစ်ထဲတွင်ပင် အမေရိကန်ဒေါ်လာ ၂၄၀ ဘီလျံ ပမာဏ ရောက်ရှိမည်ဟု သိရသည်။

အွန်လိုင်းတွင် ဈေးဝယ်ရောင်းပြုလုပ်၍ ရသည့် ပလက်ဖေါင်း app တစ်ခုဖြစ်သော Pinduoduo သည်လည်း အကြီးဆုံးဈေးကွက်ပလက်ဖေါင်း တစ်ခုဖြစ်လာနေသည်ဟု တက္ကသိုလ်မှ သုတေသီများက ပြောသည်။

ယခုအခါတွင် တရုတ်ပြည်ရှိ အင်တာနက်ပေါ်တွင် ဈေးဝယ်ရောင်းနိုင်သော မိုဘိုင်း Platform ဈေးကွက်သည် ကျေးလက်ဒေသများသို့ ချဲ့ထွင်လာလျက်ရှိပြီး (တရုတ်ပြည်ရှိမြို့များကိုလည်း အဆင့် ၆ ဆင့် 6 Tiers ထိ ခွဲထားရာ) အဓိက မြို့ကြီးများဖြစ်သည့် ပေကျင်း နှင့် ရှန်ဟိုင်းမြို့များတွင် ကျွမ်းကျင်လုပ်သားများ ရှားပါးလာသည်ကိုရင်ဆိုင်နေရခြင်းကြောင့် အဆင့်နိမ့်သတ်မှတ်ထားသော မြို့ငယ်များသို့ ဈေးကွက်ကို ချဲ့ထွင်လာကြသည်။

အဆိုပါ စစ်တမ်းထုတ်ပြန်ချက်ကို ပေကျင်းရှိ တရုတ် စိုက်ပျိုးရေး တက္ကသိုလ် (CAU) မှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် ကျွမ်းကျင်လုပ်သား အရေအတွက် လိုအပ်ချက် ၂.၁ သန်း ရှိနိုင်ပြီး ၂၀၂၅ ခုနှစ်တွင် လိုအပ်ချက် ၃.၅ သန်းအထိရှိလာနိုင်မည်ဟု ဖေါ်ပြထားသည်။

စိုက်ပျိုးရေး ကဏ္ဍအတွက် တရုတ်ပြည်၏ အင်တာနက် ပံ့ပိုးမှုသည် ဒုတိယအဆင့်သို့ အလျင်အမြန်ရောက်ရှိလာခဲ့ပြီးနောက် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကြီးကြီးမားမားကို တွေ့ကြုံနေရခြင်းဖြစ်သည်ဟု ပါမောက္ခ Guo Pei က ပြောကြားထားသည်။

သူက ဆက်လက်၍ အစိုးရအနေဖြင့် ပိုမိုအဆင်ပြေသည့် မူဝါဒများ ထုတ်ပေးရန်လိုအပ်ပြီး ထိုမှသာ ပင်ဒိုဒို Pinduoduo နှင့် အလီဘာဘာ အုပ်စုပိုင် ထာဘောင် Taobao တို့အတွက် ကျွမ်းကျင်လုပ်သားများ ရရှိလာပြီး ကျေးလက်ဒေသအတွက် တစ်ခေတ်ဆန်းစေမည်ဟု ဆိုသည်။

အင်တာနက်ပေါ်တွင် ဈေးဝယ်ရောင်းလုပ်နေကြသော ကျေးလက်မှ ကုန်သည်အရေအတွက်သည် ၁၃ သန်းခန့်ရှိနေသည်ဟု အစိုးရပိုင် ရုပ်သံဌာနဖြစ်သည့် CCTV မှလည်း သတင်းထုတ်ပြန်ထားသည်။

တရုတ်ပြည်တွင် အွန်လိုင်း ဈေးဝယ်ရောင်း ကုမ္ပဏီ အလီဘာဘာသည် ဈေးကွက်တွင် အကြီးဆုံးဖြစ်သော်လည်း တတိယနေရာမှ ပင်ဒိုဒို Pinduoduo သည် ကျေးလက်ဒေသခံလူများအတွက် အကြီးဆုံး Platform ကြီးဖြစ်လာနေသည်။

၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သော Pinduoduo ၏ စီးပွားရေး မော်ဒယ်သည် လယ်သမားများ သူတို့၏ လယ်ယာထွက်ကုန်များကို အွန်လိုင်းမှ ရောင်းချနိုင်ရန် ကူညီပေးလျက်ရှိသည်။

လက်ရှိတွင် ပင်ဒိုဒို၌ ကျေးလက်မှ ကုန်သည်ဦးရေ ၅ သိန်း၈ သောင်းခန့်ရှိပြီး ပင်ဒိုဒိုမှ ပြုလုပ်ထားသော Duo Duo University အစီအစဉ်ကြောင့် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်လာလိမ့်မည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ်တွင် Duo Duo University အစီအစဉ်ကို စတင်ခဲ့ပြီး ရက်သတ္တပတ်ကြာမြင့်သည့် ဘဏ္ဍာရေး၊ စီးပွားရေး၊ အွန်လိုင်းဈေးကွက်ဆိုင်ရာ ပညာများကို သင်ယူနိုင်သည်။

အဆိုပါအစီအစဉ်သည် ပင်ဒိုဒို ကို အသုံးပြုသည့် ဝယ်ရောင်းပြုလုပ်သူ ၇၀% ခန့်အထိ လေ့ကျင်းသင်ကြားပေးနိုင်ခဲ့သည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။

Duo Duo University သည် ဒေသတွင်းရှိ တက္ကသိုလ်များနှင့် လည်း ပူးပေါင်း၍ လာမည့် ၅ နှစ်အထိ ကျေးလက်မှ ဈေးသည် ၁၀၀၀၀ ကို ကူညီပေးသွားဦးမည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: South China Morning Post, Pinduoduo, China Daily

%d bloggers like this: