0

EU ကပါ ဟွာဝေးကို ဘန်းပါက Nokia နဲ့ Ericsson ကို ပြန်လည်ပိတ်ပင်ဖွယ်ရှိသည့် တရုတ်အစိုးရ

Share

ဥရောပသမ္မဂ အဖွဲ့ဝင်နိုင်ငံတွေက UK နဲ့ US ခြေရာကိုလိုက်နင်းပြီး ဟွားဝေးရဲ့ 5G project တွေကို ဥရောပကနေ ကန့်သတ်တားမြစ်မယ်ဆိုပါက ဘေဂျင်းအစိုးရအနေနဲ့ ဥရောပရဲ့ အဓိက ဆက်သွယ်ရေးကွန်ရက်သုံးပစ္စည်းများ ထုတ်လုပ်ရာကုမ္ပဏီတွေဖြစ်တဲ့ Nokia နဲ့ Ericsson တို့ကို ပြန်လည်ပတ်ပင်သွားဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာပါ။

သတင်းတွေအရတော့ အဲဒီအချိန်ကြရင် တရုတ်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဟာ Nokia နဲ့ Ericssonတို့ရဲ့ တရုတ်နိုင်ငံတွင်း တပ်ဆင်ထုတ်လုပ်တဲ့ ဆက်သွယ်ရေးသုံးပစ္စည်းမှန်သမျှကို တခြားနိုင်ငံတွေဆီ ပြန်တင်ပို့ခွင့် ပိတ်ပစ်လိုက်မှာပါလို့ သိရပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဘက်ကတော့ ဒီသတင်းဟာ တရုတ်အစိုးရအနေနဲ့ အဆိုးဆုံးအခြေအနေတွေ ဖြစ်လာမှ ပြန်လည်တုံ့ပြန်မဲ့ အစီအစဉ်အနေနဲ့ ကြိုတင်စဉ်းစားထားတဲ့ plan တစ်ခုသာ ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကတော့ EU ကနေထွက်ခွာသွားပြီးဖြစ်တဲ့ UK ဟာ သူ့ရဲ့ 5G ကွန်ရက်တည်ဆောက်မဲ့ ဆက်သွယ်ရေး အော်ပရေတာတွေကို ဟွာဝေးကထုတ်လုပ်တဲ့ ပစ္စည်းတွေ အသုံးပြုခြင်းမှ ရပ်ဆိုင်းဖို့ ထုတ်ပြန်ခဲ့ပြီး အကယ်၍ လက်ရှိ တပ်ဆင်ထားပြီးသားတွေ ရှိရင်လည်း ၂၀၂၇ နောက်ဆုံးထားပြီး ဖယ်ရှားဖို့အတွက် အကြောင်းကြားခဲ့ပါတယ်။

ဒါပေမဲ့ ဥရောပသမ္မဂကတော့ ခုချိန်ထိ ဘာမှ တုံ့ပြန်မှု မပြသေးပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက အမေရိကန်အစိုးရရဲ့ ကြေငြာချက်ကြောင့် သမ္မဂ အဖွဲ့ဝင်နိုင်ငံတွေကို ကိုယ့်သက်ဆိုင်ရာနိုင်ငံမှာ ဟွာဝေးနဲ့ ပတ်သတ်ပြီး လုံခြုံရေး စိတ်ချရမှု ရှိမရှိ ပြန်လည် စစ်ဆေးကြဖို့ အမိန့်ထုတ်ပြန်ထားတာတော့ ရှိပါတယ်။ မကြာမီမှာတော့ အဖွဲ့ဝင် နိုင်ငံ ၂၇ကနေ ပြန်လည် ဆန်းစစ်ထားတဲ့ သုံးသပ်ချက်တွေ ထုတ်ပြန်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်နေကြပါတယ်။

ဥရောပ သမ္မဂရဲ့ အင်အားကြီး နိုင်ငံဖြစ်တဲ့ ဂျာမနီကတော့ ဟွာဝေးရဲ့ 5G ဆက်သွယ်ရေးကွန်ရက်အပေါ် ခွင့်ပြုရမလားဆိုတာကို အစောဆုံးအနေနဲ့ စက်တင်ဘာလလောက်မှပဲ ဆုံးဖြတ်ချက်ချနိုင်မှာလို့ သိရပါတယ်။

တရုတ်အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနကတော့ သူတို့အနေနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ အခွင့်အရေးတွေကို ဥပဒေကြောင်းအရ အပြည့်အဝကာကွယ်ပေးသွားမှာ ဖြစ်ကြောင်း UK နဲ့ ဟွားဝေး ပြဿနာကို ရည်ညွှန်းပြီး ပြောကြားသွားပါတယ်။ ဒါပေမဲ့ ဥရောပသမ္မဂအပေါ် ဒီလိုတုံ့ပြန်ဖို့ သတင်းထွက်နေတဲ့အကြောင်း မေးမြန်းရာမှာတော့ မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။

စီးပွားရေးအကြံပေးနဲ့ အကျိုးတော်ဆောင် ကုမ္ပဏီ APCO Worldwide ရဲ့ ဥက္ကဋ္ဌ ဂျင်မဂ္ဂရီဂေါ်ကတော့ တရုတ်အစိုးရအနေနဲ့ ဒီလိုသတင်းမျိုးထွက်လာတာ ကိုယ့်ရူးကိုယ်ပတ်အောင်လုပ်နေသလိုပဲလို့ ဝေဖန်ခဲ့ပါတယ်။ ခုလက်ရှိ တရုတ်နိုင်ငံတွင်းမှာ လည်ပတ်နေတဲ့ ကုမ္ပဏီ အများစုက တရုတ်ကနေထွက်ပြီး တခြားနိုင်ငံကို ရွှေ့ပြောင်းဖို့ စဉ်းစားနေတဲ့ အချိန်မှာ ဒီသတင်းက လောင်စာထိုးပေးလိုက် သလိုပဲဖြစ်နေလို့ပါ။ ဘယ်စီးပွားရေးသမားကမှတော့ ဒီလိုမျိုး ပထဝီဝင်နိုင်ငံရေး အရှုပ်အထွေးတွေ ကြားထဲမှာ ရင်တမမနဲ့ အလုပ်မလုပ်ချင်ကြဘူးလို့ သူက ဆိုပါတယ်။

ခု နိုင်ငံအများအပြားက အပြိုင်အဆိုင်တပ်ဆင်နေတဲ့ 5G ကွန်ရက်ဟာ သူ့အောက် 4G ကွန်ရက်ထက် အဆ ၁၀၀လောက် ပိုမြန်ဆန်ပြီး ကုန်ထုတ်လုပ်မှုတွေနဲ့ သယ်ယူပို့ဆောင်ရေးတွေ၊ နည်းပညာကဏ္ဍတွေမှာ ရှေ့တန်းကရောက်အောင် လုပ်ပေးနိုင်မှာ မို့လို့ပါ။ ဟွာဝေးဟာ ခုလက်ရှိ ကမ္ဘာပေါ်မှာ 5G ဆက်သွယ်ရေး ကွန်ရက်သုံး ပစ္စည်းတွေကို ထုတ်ပေးနိုင်တဲ့ အကြီးဆုံး ကုမ္ပဏီဖြစ်ပြီး သူ့ကို ယှဉ်နိုင်တာက Nokia နဲ့ Ericsson ပဲရှိပါတယ်။ Nokia ကတော့ ဖင်လန်နိုင်ငံအခြေစိုက်ဖြစ်ပြီး Ericsson ကတော့ ဆွီဒင်အခြေစိုက်ဖြစ်ကာ နှစ်နိုင်ငံလုံးက ဥရောပသမ္မဂ အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Fox Business
Photo: Asia Time/Twitter

%d bloggers like this: