iPhone 12 သည် သတ်မှတ်ထားသည့် ဓါတ်ရောင်ခြည်ထုတ်လွှတ်မှု ပမာဏကို ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ပြင်သစ်အာဏာပိုင်များက ပြီးခဲ့သည့်အပတ်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပြင်သစ်နိုင်ငံအတွင်း iPhone 12 ရောင်းချမှု ကို ခေတ္တပိတ်ပင်ထားမည်ဖြစ်ကြောင်း ကြေငြာခဲ့ပြီးနောက်အဆိုပါ ပြဿနာကို ဖြေရှင်းရန်အတွက် Apple က မကြာမီ software update ထုတ်လုပ်ပေးမည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
iPhone 12 အနေဖြင့် အခြားနိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်း အသိအမှတ်ပြုလက်မှတ်များ ရရှိထားပြီး ဖြစ်သော်လည်း ပြင်သစ်၏ မတူကွဲပြားသည့် စစ်ဆေးမှုပုံစံကြောင့် ယခုကဲ့သို့ဖြစ်ရခြင်း ဖြစ်ကြောင်းApple က ပြန်လည်ဖြေရှင်းထားသည်။
အသစ်ထွက်ရှိမည့် software update သည် ပြင်သစ်၏ စမ်းသပ်မှု ပုံစံနှင့် ကိုက်ညီစေရန် ပြုလုပ်ထားကြောင်းApple က ထုတ်ပြန်ခဲ့သော်လည်း ဥရောပနိုင်ငံများအတွင်း ယခုဖြစ်ရပ်က ခေါင်းလောင်းတီးသကဲ့သို့ဖြစ်သွားသည့်အတွက် အခြားနိုင်ငံများကပါ ၎င်းတို့အတွက် software update ထုတ်ပေးရန် တောင်းဆိုလာကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) အပါအဝင် သုတေသနများစွာတို့သည် ဆယ်စုနှစ် နှစ်စုခန့်မျှ လေ့လာမှုများပြုလုပ်ကာ မိုဘိုင်းဖုန်းများမှ ထွက်ရှိသည့် ဓါတ်ရောင်ခြည်သည် လူကို ဥပါဒ်မဖြစ်စေကြောင်း ဆုံးဖြတ်ထားခဲ့ကြသော်လည်း ပြင်သစ်၏ စံချိန်စံညွှန်းတွင်တော့ iPhone 12 အနေဖြင့် အံဝင်မနေခဲ့ဟု ဆိုနိုင်သည်။
ဂျာမနီနှင့် အီတလီတို့သည် ၎င်းတို့နိုင်ငံများ အတွက်သာမက ဥရောပသမဂ္ဂအနေဖြင့် ယခုပြဿနာကို ဖြေရှင်းခိုင်းရန်ပြင်ဆင်နေကြပြီး ပြင်သစ် အာဏာပိုင်များနှင့် Apple တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ရလဒ်ကို စောင့်ကြည့်လျက်ရှိကြသည်။
နယ်သာလန်အာဏာပိုင်များကလည်း ၎င်းတို့အနေဖြင့် အသုံးပြုသူများစွာထံမှ မေးမြန်းမှုများစွာ ရရှိခဲ့သည့်အတွက် ဂျာမနီတို့ကဲ့သို့ပင် အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး အဆင်ပြေသွားပါက ဥရောပသမဂ္ဂအတိုင်းအတာဖြင့် software updates ရရှိရန် တောင်းဆိုသွားဖွယ်ရှိသည်။
ပြင်သစ်အာဏာပိုင်များက Apple ၏ ဖြေရှင်းမှုကို လက်ခံထားပြီး update ရရှိပါက အလျှင်အမြန်စမ်းသပ်မှုများပြုလုပ်ကာ အောင်မြင်ပါက iPhone 12 အရောင်းပိတ်ပင်ထားခြင်းကို ပြန်လည်ခွင့်ပြုပေးမည်ဟု ထုတ်ပြန်ခဲ့သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN, Reuters, BBC
Photo: BBC