အကြီးဆုံး အွန်လိုင်း လက်လီအရောင်းဆိုင် Amazon က ပထမဆုံး cashier-less (ငွေရှင်းကောင်တာမဲ့) supermarket များကို စတင် ဖွင့်လှစ်လိုက်ပါတယ်။ ဈေးဝယ်သူတွေက နွားနို့၊ကြက်ဥ၊ ပေါင်မုန့်တွေကို ငွေရှင်းဖို့ ပိုက်ဆံအိတ် ဖွင့်စရာမလို၊ တန်းစီစောင့်ဆိုင်းရန်မလိုပဲ ဝယ်ယူပြီးတာနဲ့ချက်ချင်း ပစ္စည်းတွေကိုယူပြီး ဆိုင်ထဲက ထွက်သွားနိုင်ပါတယ်။ ဒါဟာ Amazon က သူ့ရဲ့ဘီလျံ ၈၀၀ တန်လက်လီ လုပ်ငန်းကြီးအတွက် တပ်လှန့်လိုက်တဲ့ သဘောလဲ ဖြစ်ပါတယ်။
ပထမဆုံးဆိုင်ကိုတော့ Amazon ရဲ့ဇာတိဖြစ်တဲ့ Seattle မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဈေးဝယ်သူတွေဟာ ဆိုင်ထဲကို ဝင်ဝင်ချင်း ဖုန်းနဲ့ scan ဖတ်ရမှာဖြစ်ပြီး ဆိုင်ထဲမှာတပ်ဆင်ထားတဲ့ camera နဲ့sensor တွေက စင်ပေါ်မှာ ရှိသမျှ ကုန်ပစ္စည်းတွေကို လေ့လာ ထောက်လှမ်းပေးနေတာ ဖြစ်ပါတယ်။ ပစ္စည်းကိုယူပြီး ဆိုင်ထဲကထွက်ခွါသွားတာနဲ့ အလိုအလျောက်ဝယ်သူရဲ့ Amazon account ကတဆင့် ငွေချေသွားတာ ဖြစ်ပါတယ်။
Amazon Go Grocery ဟာ၂ နှစ်သားသက်တမ်းရှိပြီးဖြစ်တဲ့ Amazon Go Convenience stores တွေရဲ့ ချဲ့ထွင်မှုတစ်ခု ဖြစ်ပြီး ၅ ဆပိုကျယ်ဝန်းပါတယ်။ Amazon ကိုပြိုင်ဆိုင်ဖို့အခြား retailers နဲ့startups တွေလဲ ငွေရှင်းကောင်တာမဲ့ စနစ်ကို store ဆိုင်တွေမှာ ထည့်သွင်းဖူးကြပါတယ်။ 7-Eleven ကလဲ ဒီနည်းပညာကို Texas မှာ စမ်းသပ်နေပြီ ဖြစ်ပါတယ်။
ဈေးဝယ်သူတွေက ပစ္စည်းဝယ်ပြီး ငွေရှင်းဖို့တန်းစီစောင့်ဆိုင်းစရာ မလိုတော့တာကြောင့် ကျေနပ်နေကြပေမဲ့ ငွေရှင်းကောင်တာ မရှိတဲ့စနစ်က အကောင်းဆုံး နည်းလမ်းတော့ မဟုတ်ပါဘူး။ ဒီစနစ်က ငွေကိုင်သူ မလိုအပ်တာကြောင့် Cashier အလုပ်အကိုင်တွေ ပျောက်ဆုံးသွားပါတယ်။ နောက်ပြီး ဈေးဝယ်သူအနေနဲ့ ပစ္စည်းတွေ ဝိုင်းကူထည့်ပေးမဲ့ သူလဲမရှိတော့တာကြောင့် ဝယ်သူကပဲ အားလုံးလုပ်ဆောင်ရပါတယ်။ နောက်ပြီး ဒီစတိုးဆိုင်မှာ အခြားဆိုင်တွေလို delivery counter တို့၊ ငါးနဲ့အသား လှီးပေးတဲ့သူတို့လဲမရှိတော့ပါဘူး။ Amazon ရဲ့တာဝန်ရှိသူတဦးကတော့ “လူတွေက အရင်ကလို ဈေးဝယ်ရတဲ့ feeling နဲ့မတူညီတော့ပေမဲ့ technology ပါဝင်လာတဲ့ experience ရယ်၊ နောက်ပြီး ဘယ်လိုမြန်မြန်ဝယ်ပြီး မြန်မြန်ပြန်ထွက်နိုင်မလဲ ဆိုတဲ့ အချက်တွေကြောင့်ပဲ ရွေးချယ်ဆုံးဖြတ်ကြမှာပါ” လို့မှတ်ချက်ပေးထားပါတယ်။ ဒီစနစ်ကို သိပ်သဘောမကျတဲ့သူ တချို့ကတော့ “ဒါဟာ credit card နဲ့bank account မရှိသူတွေအတွက် လူတန်းစားခွဲခြားထားသလိုပဲ” လို့ဝေဖန်ထားပါတယ်။
Source: Japan Today