တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးသည် Aito အမှတ်တံဆိပ်အဖြစ် လျှပ်စစ်ကားများကို ထုတ်လုပ်သွားနိုင်ရန် တရုတ်ကားလုပ်ငန်းကြီးများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဘေဂျင်းတွင်ပြုလုပ်သည့် လျှပ်စစ်ကားဖိုရမ်တွင် ကြေညာခဲ့သည်။
ဟွာဝေး၏ Smart Car ပိုင်းဆိုင်ရာ အမှုဆောင်ချုပ် ရစ်ချက် ယု (Richard Yu) က ကုမ္ပဏီသည် ချယ်ရီ – Cherry Automobile, BAIC ကားထုတ်လုပ်ရေး၊ Anhui Jianghuai Automobile Group ခေါ် JAC တရုတ်ကားထုတ်လုပ်ရေးလုပ်ငန်းကြီးများနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။
ဟွာဝေး၏ ဥက္ကဌဖြစ်သူ အဲရစ် ဆု (Eric Xu) က ကုမ္ပဏီသည် ၎င်းတို့သီးသန့် ကားများကို ထုတ်လုပ်မည်မဟုတ်ဘဲ အခြားကားထုတ်လုပ်ရေးလုပ်ငန်းကြီးများ ပိုမိုကောင်းမွန်သော ယာဉ်များ တည်ဆောက်သွားနိုင်ရန် ကူညီသည့် ပုံစံသာဖြစ်သည်ဟု သောကြာနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။
လက်ရှိတွင် ဟွာဝေး၏ တင်ပို့ကုန်များကို အမေရိကန်၊ ဝါရှင်တန်အစိုးရ၏ တင်းကြပ်မှုများ ကြုံတွေ့နေရပြီး အနောက်နိုင်ငံများ၏ မဟာမိတ်နိုင်ငံများတွင် ဟွာဝေးနည်းပညာသုံး ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးကွန်ယက်များကို တားမြစ်ခံရမှုများ ပြီးခဲ့သည့် ၂ နှစ်အတွင်း ဆက်တိုက် ရင်ဆိုင်နေရသည်ဟု မစ္စတာ ဆုက ဆိုသည်။
လွန်ခဲ့သည့် ၃ နှစ်က ဟွာဝေးပိုင်ရှင်သူဌေး၏ သမီးဖြစ်သူ ဘဏ္ဍာရေးအမှုဆောင်ချုပ် မစ္စမန့်ဝမ်ကျိုးကို ကနေဒါနိုင်ငံတွင် (အမေရိကန်အစိုးရ၏ တောင်းဆိုမှုဖြင့်) အဖမ်းခံခဲ့ရဖူးပြီး လွှဲပြောင်းပေးရန် တရားရုံးကြားနာမှုများကို ရုံးချိန်းတက်ခဲ့ရသည်။
ဟွာဝေး၏ Aito လျှပ်စစ်ကားကို အရောင်းမြင့်တင်သည့်အနေဖြင့် ဈေးနှုန်းလျှော့ချပေးမှုများ ပြီးခဲ့သည့် ၂၀၂၂ နှစ်ကတည်းက ပြုလုပ်နေပြီး တရုတ်ပြည်တွင်းဈေးကွက်တွင် အမေရိကန်လျှပ်စစ်ကား Tesal ထက် ယွမ်ငွေ ၁၀၀ ပိုသက်သာသည်ဟူသော ကြော်ငြာဖြင့် ရောင်းချမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ပြုလုပ်ခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Money US News, Gizmochina, South China Morning Post, Reuters Business
Image: Chinapev