travel

Ryanair က ဘိုးရင်း 737 MAX ၇၅ စီး ဝယ်ယူ

အိုင်ယာလန်၏ စရိတ်သက်သာ ဘတ်ဂျတ်လေကြောင်းလိုင်းဖြစ်သော ရိုင်ယန်အဲ (Ryanair) က စုစုပေါင်းတန်ဖိုး ဒေါ်လာ ၉ ဘီလျံရှိမည့် Boeing 737 MAX ဂျက်လေယာဉ်ကြီး ၇၅ စီးဝယ်ယူရန် အမှာစာပြုလုပ်ခဲ့ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့သည်။

ထို့ကြောင့် လူအသေအပျောက်များခဲ့သော လေယာဉ်ပျက်ကျမှု ၂ ခုအပြီးကတည်းက အမှာစာပိတ်သိမ်းမှုများဆက်တိုက်ရင်ဆိုင်ခဲ့ရသော ဘိုးရင်းလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီအတွက် မျှော်လင့်ချက်ရောင်ချည်သန်းလာခဲ့ပြီး လုံခြုံရေးအရ ကြီးကြပ်သူများက လ ၂၀ ကြာ အဆိုပါ လေယာဉ်အမျိုးအစားကို ပိတ်ပင်ထားခဲ့ရာမှ ယခုတဖန်ဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပြီဖြစ်သည်။

ဘိုးရင်းလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီသည် ချို့ယွင်းချက်များရှိနေသော 737 MAX အမျိုးအစားအား ပြင်ဆင်ခဲ့ပြီး ယခုနှစ် ၂၀၂၀ အတွင်း လေကြောင်းအုပ်ချုပ်ရေးဌာန (US Federal Aviation Administration) ထံမှ ပြန်လည် ပျံသန်းခွင့်ရရန် အကြိမ်ကြိမ်ကြိုးစားခဲ့ရပြီး မကြာသေးမီအချိန်အတွင်းက ခွင့်ပြုမိန့် ရခဲ့ခြင်းဖြစ်သည်။

အိုင်ယာလန်လေကြောင်း Ryanair သည် ဥရောပ၏ အကြီးဆုံး ဘတ်ဂျတ် လေကြောင်း (low-cost carrier) ဖြစ်ပြီး ဘိုးရင်းကုမ္ပဏီအတွက်လည်း အရေးအကြီးဆုံး ဖေါက်သည်များထဲတွင် ၁ ဦး အပါအဝင်ဖြစ်သည်။
အဆိုပါ လေယာဉ်မှာယူသည့် သတင်းထွက်လာအပြီးတွင် ဘိုးရင်းကုမ္ပဏီ၏ ရှယ်ယာများ ၆% အထိ တန်ဖိုးမြင့်တက်ခဲ့သည်။

ဘိုးရင်း၏ အမှုဆောင်အရာရှိချုပ် ဒေးဗစ် ကယ်ဟွန်း (David Calhoun) က “ကျွန်တော်တို့ ကုမ္ပဏီကို လေယာဉ်အမှာစာတွေ ပြန်ပြီး ရမှာလို့ ကျွန်တော် အမြဲတမ်းယုံကြည်ခဲ့ပါတယ်။ ပြီးတော့ ဒီနယ်ပယ်ကို ပြန်လာနိုင်မယ်ဆိုတာရောပေါ့” ဟု ဝါရှင်တန်တွင်ပြုလုပ်သော လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။

လေကြောင်းကြီးကြပ်ရေးမှတာဝန်ရှိသူများက လေယာဉ်မှူးအတွက်သင်တန်းစနစ်များ၊ လေယာဉ်မောင်းနှင်ခန်းများကို အကြိမ်ကြိမ်စစ်ဆေးခဲ့ပြီးနောက် ပြန်လည် ပျံသန်းရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်တော့ ဘိုးရင်းအတွက် MAX မော်ဒယ် အမှာစာများ ရောက်ရှိလာမည်ကို မျှော်လင့်နိုင်ပြီဟု ဆိုသည်။

လေယာဉ်အမြောက်အများကို မှာယူခဲ့သည့် Ryanair မှ အမှုဆောင်အရာရှိချုပ် မိုက်ကယ် အို လာရီ (Michael O’Leary) က ယခုသဘောတူညီချက်သည့် ဤရာစုနှစ်၏ အကြီးကျယ်ဆုံး လုပ်ငန်းသဘောတူညီချက်ဖြစ်သည်ဟု ရိုက်တာသို့ ပြောကြားခဲ့သည်။
Ryanair အနေဖြင့် စုစုပေါင်း ကုန်ကျသည့် စရိတ်ကို မဖေါ်ပြခဲ့ဘဲ သက်ဆိုင်ရာကျွမ်းကျင်သူများ၏ တွက်ချက်မှုဖြင့် အဆိုပါများပြားလှသည့် လေယာဉ်များအတွက် ဒေါ်လာ ၉ ဘီလျံ သို့မဟုတ် ဒေါ်လာ ၆.၇ ဘီလျံ စသည်ဖြင့် တွက်ချက်ခဲ့ခြင်းဖြစ်ပြီး ၎င်းထဲတွင် ဈေးလျှော့ချထားမှုများကိုလည်း ထည့်သွင်းစဉ်းစားထားသည်။

အချို့သော သတင်းရင်းမြစ်များက Ryanair အနေဖြင့် လေယာဉ်စုစုပေါင်း၏ ၃ ပုံ ၂ ပုံခန့်ကို အလွန်ကောင်းမွန်သည့် လျှော့ဈေးဖြင့် ရရှိခဲ့လိမ့်မည်ဟု ဆိုသည်။
ယခုအကြိမ်မှာယူသည့် လေယာဉ် ၇၅ စီး မတိုင်မီ Ryanair တွင် ခရီးသည်ခုံ ၁၉၇ ပါဝင်သော MAX 200 များကိုလည်း အစီးရေ ၁၃၅ စီးမှာယူထားခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

နောက်လာမည့် ၁၈ လအတွင်း 737 MAX မော်ဒယ်များကို ထပ်မံမှာယူမည့် အစီအစဉ်လည်း ရှိနေသည်ဟုဆိုရာ ကပ်ဘေးအပြီးတွင် ခြေလှမ်းကျဲကျဲဖြင့် လေယာဉ်ခရီးသွားလောကကို ဦးဆောင်မည့် Ryanair ၏ လှုပ်ရှားမှုများကို မြင်တွေ့ရမည်ဖြစ်သည်။
Ryanair ၏ အမှုဆောင်အရာရှိချုပ် အိုလာရီက “ဒီလေယာဉ်တွေနဲ့ဆိုရင်တော့ ဘယ်လေကြောင်းလိုင်းကမှ ကျွန်တော်တို့နဲ့ ယှဉ်နိုင်တော့မှာမဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters, The Guardian, CNN, NPR
Image: euractiv

ကိုဗစ်ကာကွယ်ဆေးနှင့်အတူ ပြန်လည်နိုးထရန် မျှော်လင့်နေသည့် ခရီးသွားကဏ္ဍ

ကိုဗစ်၏ ထိုးနှက်မှဒဏ်ကို အပြင်အထန်ခံစားထားရသည့် ခရီးသွားကဏ္ဍအတွက်တော့ မကြာသေးမီက ထွက်ရှိလာသော ကာကွယ်ဆေးသတင်းများသည် မျှော်လင့်ချက် ရောင်ခြည်လေး တစ်စွန်းတစ်စ ဖြစ်လျက်ရှိသည်။

ကျွမ်းကျင်သူများကတော့ ကမ္ဘာ့ခရီးသွား ကဏ္ဍသည် ကာကွယ်ဆေးများ ထွက်ပေါ်အပြီးတွင် ပြန်လည် ထမြောက်လာမည် ဖြစ်သော်လည်း မူလအခြေအနေသို့ရောက်ရန် ၂နှစ် ၃နှစ်ခန့် အချိန်ယူရလိမ့်ဦးမည်ဟု သတိပေးထားသည်။

မည်သို့ပင် ဖြစ်စေ ကာကွယ်ဆေး ထွက်ရှိလာခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိလူများ ခြေချုပ်မိရာအခြေအနေမှ မကြာမီလွတ်မြောက်တော့မည့် ရှေ့ပြေးလက္ခဏာများဖြစ်သည့်အတွက် ခရီးသွားရပ်ဝန်းအတွက်တော့ ရသလောက် မျှော်လင့်ထားရမည်သာဖြစ်သည်။

InsuranceQuotes.com တွင် ဈေးကွက်သုတေသနအဖြစ် တာဝန်ယူထားသည့် ဘရိုင်ယန် အိုကော်နဲက လာမည့်နှစ်အစပိုင်းတွင် ကာကွယ်ဆေး သန်းနှင့်ချီ၍ ထုတ်လုပ်နိုင်စေကာမူ ခရီသွားကဏ္ဍအနေဖြင့် ၂၀၂၁ နှစ်လယ်လောက်အထိ ကောင်းကောင်းပြန်လည်ပတ်နိုင်ဦးမည် မဟုတ်ဟု မှတ်ချက်ပြုသည်။

ခရီးသွားကဏ္ဍအတွက် လေယာဉ်လက်မှတ်၊ ဟော်တယ်၊ ကားအငှါး စသည်များကို သီးသန့်ရှာဖွေရေး ဝန်ဆောင်မှုပေးသည့် metasearch engine တစ်ခုဖြစ်သော KAYAK.com ၏ CEO ဖြစ်သူ စတိဟာဖ်နာက လက်ရှိအခြေအနေသည် ခရီးသွားလုပ်ငန်းများက ပြန်လည်ရုန်းထချင်နေသလို ပြည်သူများကလည်း ခရီးသွားရန်အတွက် ကာကွယ်ဆေး သတင်းကို စောင့်နေကြသည်ဟု ပြောကြားသွားခဲ့သည်။

သူပြောခဲ့သလိုပင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ရက်နေ့တွင် အမေရိကန် ဆေးကုမ္ပဏီ Pfizer က ၎င်းတို့၏ ကာကွယ်ဆေးသည် ၉၅ ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း ကြေငြာချက်အပြီး၌ KAYAK.com တွင် ခရီးသွားရန်အတွက် ဝင်ရောက်ရှာဖွေမှုများ ၂၇ ရာခိုင်နှုန်းအထိမြင့်တက်သွားသည်ကို တွေ့မြင်ခဲ့ရသည်။

စတိဟာဖ်နာကတော့ ယခုကဲ့သို့ ဝင်ရောက်ရှာဖွေမှုများ မြင့်တက်လာခြင်းသည် ခရီးသွားကဏ္ဍအတွက်တော့ မင်္ဂလာသတင်းပင်ဖြစ်ကြောင်းဆိုသည်။ သူကပင် ဆက်လက်၍ လာမည့် ၂၀၂၁တွင် ဒုတိယသုံးလပတ်ဖြစ်သည့် ဧပြီ၊ မေ လောက်၌ ခရီးသွားလုပ်ငန်းများ ကောင်းကောင်းပြန်စနေသည်ကို မြင်တွေ့ရဖွယ် ရှိကြောင်း ခန့်မှန်းခဲ့ပြီး ကံကောင်းပါက ပထမသုံးလပတ်မှာပင် ခရီးတွေပြန်သွားနေသည်ကို မြင်တွေ့နိုင်ကြောင်း ပြောကြားခဲ့သည်။

ခရီးသွား အာအခံလုပ်ငန်းတစ်ခုဖြစ်သည့် Allianz ကတော့ ၎င်းတို့ထံမှ ဝန်ဆောင်မှု ဝယ်ယူထားသည့် ဖောက်သည် အယောက် ၄၃၀၀ကို အွန်လိုင်း စစ်တမ်းကောက်ယူကြည့်ရာ (၄၉) ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးနှံပြီးပါကာ ခရီးသွားရန် ရည်မှန်းထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားကြသည်။

သို့သော် (၄၂) ရာခိုင်နှုန်းကတော့ ကျန်းမာရေးဌာနက တရားဝင် ခရီးသွားနိုင်ကြောင်း ခွင့်ပြုမိန့်ထွက်မှသာ သွားဖို့ စဉ်းစားမည်ဖြစ်ကြောင်း ဖြေကြားထားသည်ကို တွေ့ရသည်။

ခရီးသွား အကြံပေးများကတော့ အကယ်၍သာ ကာကွယ်ဆေးထိုးနှံပြီးပါက ခရီးသွားများအနေဖြင့် ယခင်ကကဲ့သို့ တစ်ဦးနင့် တစ်ဦး ခပ်ခွာခွာနေထိုင်ရန် လိုအပ်တော့မည်မဟုတ်သော်လည်း ဟိုတယ်နှင့် တည်းခိုခန်းများကတော့ စိန်ခေါ်မှု အသစ်များနှင့် ရင်ဆိုင်ရနိုင်သည်ဟု ခန့်မှန်းကြသည်။

အကြောင်းမှာ ကိုဗစ်ကာလအတွင် အချိန်ရှိသမျှလက်ဆေး၊ ကိုင်တွယ်သည့်အရာဝတ္ထုမှန်သမျှ ပိုးသတ်ကာ နေလာကြသည်အတွက် ၎င်းအမူအကျင့်များက ခရီးသွားများထံတွင် စွဲမြဲနေနိုင်ကာ ဟိုတယ်နှင့် တည်းခိုခန်းတာဝန်ရှိသူများကို ယခင်ကထက် သန့်ရှင်းရေးနှင့်ပတ်သက်၍ စောဒကတက်မှုများ ပိုများလာနိုင်ကြောင်း ထောက်ပြကြသည်။

ယင်းအဆိုကို ထောက်ခံသည့်အနေဖြင့် ပြီးခဲ့သည့် အောက်တိုလာကတွင် Tripadvisor ကပြုလုပ်ခဲ့သည့် စစ်တမ်း၌ ၆၃ ရာခိုင်နှုန်းသော ဖြေဆိုသူတို့က ၎င်းတို့သည် နောင်တစ်ချိန်ခရီးသွားမည်ဆိုလျှင် ဟိုတယ်၊ တည်းခိုခန်းတို့၏ သန့်ရှင်းမှုနှင့် ကျန်းမာရေးကာကွယ်မှုများကို ယခင်ကထက် ပိုမိုအလေးပေးရွေးချယ်သွားမည်ဟု ဖြေဆိုသောကြောင့်ဖြစ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source:CNBC
Photo: Escape

ဘိုးရင်း 737 Max ကို ဇန်နဝါရီတွင် ဥရောပ၌ ပြန်လည်ပျံသန်းခွင့်ပြုရန် တာဝန်ရှိသူများ စဉ်းစားနေ

ဆိုးရွားသည့် လေယာဉ်ပျက်ကျမှု နှစ်ကြိမ်တိုင်ဖြစ်ပွားခဲ့ပြီးနောက် ဘိုးရင်း 737 Max လေယာဉ်များကို အမေရိကန် လေကြောင်းညွှန်ကြားရေးဌာနမှ လ ၂၀ ကြာ ပျံသန်းခွင့် ပိတ်ပင်ထားခြင်းသည် နိုဝင်ဘာလတွင် ပြီးဆုံးသွားပြီဖြစ်သည့်အတွက် ဥရောပမှ တာဝန်ရှိသူများသည်လည်း လာမည့် ဇန်နဝါရီတွင် ပြန်လည် ခွင့်ပြုပေးရန် စဉ်းစားနေခြင်းဖြစ်သည်။

ဥရောပသမ္မဂ လေကြောင်းလုံခြုံရေး ညွှန်ကြားမှု အေဂျင်စီ (EASA) က ဘိုးရင်း 737 Max လေယာဉ်များသည် ယခုအခါ အားနည်းသည့် ဒီဇိုင်းပိုင်းများကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကာ ပျံသန်းရန် ရာနှုန်းပြည့်စိတ်ချရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် စနေနေ့က ပြောကြားသွားခဲ့သည်။

ဘိုးရင်း 737 Max လေယာဉ်များသည် ၂၀၁၈ နှင့် ၂၀၁၉ အကြား ငါးလတာကာလအတွင်း နှစ်ကြိမ်တိုင် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၄၆ ယောက်ကို အသက်ဆုံးရှုံးစေခဲ့ခြင်းဖြစ်သည်။

ပါရီလေကြောင်းဖိုရမ်တွင် EASA ၏ ညွှန်ကြားရေမှူးဖြစ်သူ ပက်ထရစ်ကိုင်က မိမိတို့အနေဖြင့် အဆိုပါလေယာဉ်များအတွက် အမေရိကန်နှင့် မသက်ဆိုင်ဘဲ သီးခြား စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် ဒီဇိုင်းပြင်ဆင်ချက်များအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး စမ်းသပ်ချက်များ၊ အစမ်းမောင်းနှင်မှုများ ပြုလုပ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ်ချက်၊ စစ်ဆေးချက်များကို အခြေပြု၍ နောက်ဆုံးမှတ်ချက်အနေဖြင့် ဘိုးရင်း 737 Max လေယာဉ်များသည် လေထဲသို့ ပြန်သွားရန် စိတ်ချရသည်ကို တွေ့ရှိရသဖြင့် လာမည့် ဇန်နဝါရီလောက်တွင် တရားဝင် ပျံသန်းခွင့်ပြုသည့် အမိန့်စာ ထုတ်ပေးသွားနိုင်မည်ဟု မျှော်လင့်ကြောင်း ထပ်မံရှင်းလင်းပြောကြားသွားခဲ့သည်။

EASA အနေဖြင့် လာမည့် တစ်ပတ် နှစ်ပတ်အတွင်း ဘိုးရင်း 737 Max လေယာဉ်များအတွက် စစ်ဆေးတွေ့ရှိချက်နှင့် ပျံသန်းခွင့် ပိတ်ပင်ခြင်းအား ဖျက်သိမ်းသည့် စာကြမ်းကို ထုတ်ပြန်ရန်ရှိနေပြီး ကန့်ကွက်ခြင်းများအတွက် ရက် ၃၀ စောင့်ဆိုင်းမည်ဖြစ်ကြောင်း၊ အကယ်၍ တတိယအဖွဲ့အစည်းများနှင့် ဥရောပသမ္မဂ အဖွဲ့ဝင်နိုင်ငံများမှ ကန့်ကွက်ခြင်းမရှိပါက ဇန်နဝါရီတွင် အပြီးသတ်အမိန့်ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

ဘိုးရင်း 737 Max လေယာဉ်များ အမှန်တကယ် ပြန်လည်ပြေးဆွဲခြင်းမှာတော့ ဇန်နဝါရီထက်နောက်ကျနိုင်ကြောင်း သိရပြီး ပိုင်းလော့များ လေ့ကျင့်ခြင်းနှင့် လေကြောင်းလိုင်းများ အနေဖြင့် EASA မှ ချမှတ်ထားသည့် လုံခြုံရေးကာကွယ်မှု စီမံချက်များ ပြီးစီးပါမှသာ လေယာဉ်များအနေဖြင့် လေထဲသို့ ပြန်ရောက်မည်ဖြစ်သည်။

သို့သော် အမေရိကန်တွင်တော့ အဆိုပါလေယာဉ်များသည် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စတင်ပျံသန်းမည်ဖြစ်ပြီး ၎င်းသည် အမေရိကန်လေကြောင်းညွှန်ကြားမှုဌာနက ပျံသန်းခွင့်ပိတ်ပင်ခြင်း သက်တမ်းကုန်ဆုံးသည့် နိုဝင်ဘာလမှ စရေတွက်လျှင် ၆ပတ်အကြာတွင်ဖြစ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ။

Source: Reuters
Photo: Conde Nast Terveler

လက်မှတ်ဝယ်လိုအားကျဆင်းမှုကြောင့် ဒီဇင်ဘာ လန်ဒန်ခရီးစဉ်များကို American Airlines ဖျက်သိမ်း

ကပ်ဘေးအတွင်း လက်မှတ်ဝယ်လိုအားကျဆင်းသည်ဆိုသည့် အကြောင်းရင်းများကြောင့် လာမည့် ဒီဇင်ဘာလအတွင်း လန်ဒန်သွားခရီးစဉ်များကို ဖျက်သိမ်းရန်စီစဉ်ခဲ့သည်ဟု American Airlines က ကြေညာခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန် ၂ နိုင်ငံစလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအရေအတွက် မြင့်တက်လာခဲ့သောကြောင့် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ခဲ့ကြပြီး အကျိုးအမြတ်ပိုမိုများပြားသည့် နိုင်ငံတကာခရီးစဉ်လက်မှတ်များကို ဝယ်ယူမှုလည်း ကျဆင်းခဲ့သည်။

အမေရိကန်လေကြောင်းအနေဖြင့် ၎င်းတို့နိုင်ငံအတွင်း လေဆိပ်များဖြစ်သည့် Charlotte, နယူးယောက်မှ John F. Kennedy လေဆိပ်၊ ချီကာဂိုရှိ O’Hare တို့မှနေ၍ လန်ဒန် ဟိသရိုးလေဆိပ်သို့ လာမည့်လအတွင်း ပျံသန်းမည့် ခရီးစဉ် ၁၆ ခုကို မပြုလုပ်တော့ဟု ဆိုသည်။

သို့သော်လည်း ကုန်သယ်လေယာဉ်များကိုမူ ချီကာဂို၊ နယူးယောက်နှင့် လန်ဒန်တို့အကြား ပြေးဆွဲနေဦးမည်ဖြစ်သည်။

အဆိုပါ American Airlines အနေဖြင့် ဗြိတိန် လန်ဒန်ခရီးစဉ်များကို ပယ်ဖျက်ခဲ့သော်လည်း ဥရောပသို့ပြေးဆွဲရန်ရှိသည်များကိုမူ ဆက်လက်ပြေးဆွဲဦးမည်ဖြစ်သည်။

ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦးက “ကျွန်မတို့ရဲ့ ခရီးစဉ်ကွန်ယက်တွေအပေါ် ပြန်လည်ဆန်းစစ်မှုတွေ အမြဲလုပ်နေပါတယ်။ ဝယ်လိုအား၊ ရောင်းလိုအား ကိုက်ညီမှုတွေရှိရဲ့လားဆိုတာတွေကို ချိန်ညှိပြီး ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ မတ်လကတည်းက စီစဉ်လာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်မှတ်ဝယ်လိုအား အပြောင်းအလဲဖြစ်လာတဲ့အပေါ် ခရီးစဉ်ရေးဆွဲထားတာတွေ လျှော့ချပြီး လုပ်ငန်းကို လည်ပတ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

အခြားလေကြောင်းလိုင်းဖြစ်သည့် United Airlines သည်လာမည့်လအထိ ဆန်ဖရန် စစ္စကိုမှ မြူးနစ်သို့ ခရီးစဉ်များ၊ ချီကာဂိုမှ အမ်စတာဒမ်သို့ခရီးစဉ်များကို ယာယီရပ်ဆိုင်းထားဦးမည်ဟု ဆိုသည်။
သို့သော်လည်း အဆိုပါလေကြောင်းအနေဖြင့် ဘယ်ဂျီယံ၊ ဘရပ်ဆဲလ်သို့ ခရီးစဉ်များကိုမူ ၁ ပတ်လျှင် ၅ ကြိမ်အထိ ပြေးဆွဲနေသည်။

အခြားလေကြောင်းလိုင်းတခုဖြစ်သည့် Delta လေကြောင်းကမူ ပြောင်းလဲမည့် အစီအစဉ်များကို မပြောကြားခဲ့ချေ။

အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်ရှိ ၂ ဘက်စလုံးမှ လေကြောင်းများဖြစ်သော American Airlines နှင့် British Airways တို့သည် အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော်ခရီးစဉ်များအတွက် အစားထိုးလုပ်ဆောင်ရမည့်ကိစ္စများ၊ ဥရောပနိုင်ငံများမှ အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားများဝင်ရောက်ခြင်းကို တားမြစ်ထားသည့်ကိစ္စများနှင့် အမေရိကန်မှ ဗြိတိန်သို့ဝင်ရောက်လာသည့် ခရီးသည်များအား ရက်အကန့်အသတ် နေထိုင်ခြင်းစည်းမျဉ်းများ (quarantine requirements) ၊ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခြင်းကိစ္စများ စသည်တို့အတွက် သက်ဆိုင်ရာအာဏာပိုင်များနှင့် အားချင်းဆွေးနွေးရမှုများဖြစ်ပေါ်နေကြသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business
Image: Nicolas Economou | NurPhoto | Getty Images

ကပ်ဘေးအတွင်း အာရှနိုင်ငံများသို့ ခရီးသွားလုပ်ငန်းချဲ့ထွင်ရန် ဩဇီအစိုးရကြိုးပမ်း

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း နိုင်ငံအချင်းချင်း လေကြောင်းခရီးအပါအဝင် ကူးလူးဆက်ဆံမှုများအား ပိတ်ထားသည့် နိုင်ငံများတွင် ဩစတေးလျလည်း အပါအဝင်ဖြစ်သည်။

သို့သော်လည်း အနီးဆုံး ကျွန်းနိုင်ငံဖြစ်သည့် နယူးဇီလန်နှင့် လေကြောင်းခရီးဆက်သွယ်မှုများကို ခွင့်ပြုထားခဲ့သည်။

ယင်းတို့ ၂ နိုင်ငံအကြား ခရီးသွားလာမှုအနည်းငယ်ရှိခြင်းက ဩစတေးလျရှိ လေကြောင်းများအား ကောက်ရိုးမျှင်သဖွယ် အားကိုးရာအနည်းငယ်ရရှိနေခဲ့သည်။

သို့သော်လည်း ဩစတေးလျအစိုးရသည် ယခုအခါတွင် အာရှနိုင်ငံများဖြစ်သော ဂျပန်၊ တောင်ကိုးရီးယား၊ စင်ကာပူနှင့် ထိုင်ဝမ်တို့အား အစိုးရချင်းဆွေးနွေးမှုများပြုလုပ်ကာ Quarantine နေစရာမလိုသော လွတ်လွတ်လပ်လပ်ခရီးသွားနိုင်ခြင်းကို ဖေါ်ဆောင်ရန် ကြိုးပမ်းနေသည်ဟု ဩစတေးလျဝန်ကြီးချုပ် စတော့ မောရစ်ဆင် (Scott Morrison) က ပြောကြားခဲ့သည်။

သံတမန်နည်းလမ်းအရရော အစိုးရဌာနများကပါ အာရုံစိုက်လုပ်ဆောင်နေသည့် ခရီးသွားလာရေး ညှိနှိုင်းမှုများမှာ ရှာဖွေနေဆဲအချိန်ဖြစ်ပြီး ခရီးသွားများအနေဖြင့် အလုံးစုံ ပြောင်းလဲမှုမျိုးကို မျှော်လင့်မထားကြရန် သတိပေးထားကြသည်။

ကပ်ဘေးစဖြစ်သည်မှ ယခုအထိ ပထမဆုံးအကြိမ်အဖြစ် နယ်စပ်ဝင်ပေါက်များကို ဩစတေးလျက ဖွင့်လှစ်ပေးလိုက်ပြီး နယူးဇီလန်နိုင်ငံသားတို့မှာ ဩစတေးလျရှိ မည်သည့်ပြည်နယ်သို့မဆို Quarantine နေစရာမလိုဘဲ သွားလာနိုင်ပြီဖြစ်သည်။

သို့သော်လည်း လူဦးရေ ၅ သန်းခန့်သာ ရှိသော နယူးဇီလန်ကမူ ဩစတေးလျဘက်မှ ဝင်ရောက်လာမည့် ခရီးသွားများအတွက် ရောက်ရောက်ချင်း ကန့်သတ်နေထိုင်ရမည့် Quarantine စည်းမျဉ်းကို ပြဌာန်းထားဆဲဖြစ်သည်။

နယူးဇီလန်သည် ကိုဗစ်-၁၉ ကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သည့် နိုင်ငံများထဲတွင် တခု အပါအဝင်ဖြစ်သည်။

ဩစတေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ကပ်ဘေးအခြေအနေသည် ဆိုးရွားလွန်းသည့် အနေအထားတွင် ရှိနေဆဲဖြစ်ပြီး ထိုဒေသများမှ လူများအား ဩစတေးလျသို့ဝင်ခွင့်ပြုမည်ဆိုပါက စွန့်စားလွန်းရာကျပြီး အန္တရာယ်များသည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း အာရှ၏ အချို့သော ဒေသများသည် ထိုကဲ့သို့မဟုတ်ကြပဲ၊ အထူးသဖြင့် မြောက်အာရှနိုင်ငံများ၊ ထိုင်ဝမ်၊ တရုတ်နိုင်ငံ၏ ပြည်နယ်များ၊ စင်ကာပူ စသည်တို့အား ဩစတေးလျနှင့် ကူးလူးဆက်ဆံနိုင်ဖွယ်ရှိသည့် နေရာများဟု ယူဆထားလျက်ရှိသည်။

ကပ်ဘေးအန္တရာယ်အနည်းငယ်သာရှိသည်ဟု ယူဆရသည့် အာရှနိုင်ငံများမှ ခရီးသွားများအား သင့်တော်သည့် Quarantine (ကန့်သတ်နေထိုင်ရက်) အပြီးတွင် ဩစတေးလျအနှံ့သွားလိုရာကို ခွင့်ပြုပေးနိုင်ရန် စီစဉ်နေသည်ဟု ဆိုသည်။

သို့သော်လည်း ဆုံးဖြတ်ချက်ချမည့်ကိစ္စများကို သတိနှင့်ယှဉ်၍သာ ပြုလုပ်သွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် မစ္စတာ မောရစ်ဆင်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် လာမည့် သောကြာနေ့တွင် အဆိုပါကိစ္စအား ဆွေးနွေးသွားမည်ဟု သိရသည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: ABC Australia, The Economic Times
Image: Compare The Market

၂၀၂၁ နှစ်စတွင်ပင် လက်ထဲငွေကုန်သွားနိုင်သည်ဟု နော်ဝေလေကြောင်းထုတ်ပြန်

Norwegian Air အနေဖြင့် ကပ်ဘေးကြောင့် လာမည့် ၂၀၂၁ ပထမ ၃ လပတ်ကာလတွင် လည်ပတ်ရန် ငွေကုန်သွားနိုင်သည်ဟု ယနေ့ (Tuesday) တွင် ကြေညာခဲ့သည်။

Bærum, Norway အခြေစိုက် အဆိုပါလေကြောင်းလိုင်းသည် နော်ဝေနိုင်ငံတွင် အကြီးဆုံးလေကြောင်းလိုင်း ကုမ္ပဏီလည်းဖြစ်ပြီး စရိတ်သက်သာ Low-cost ခရီးသည်ဈေးကွက်အတွက် ပျံသန်းနေသော ကုမ္ပဏီလည်းဖြစ်သည်။

ရံပုံငွေ အသစ်ဖြည့်တင်းနိုင်မှုသာ မရရှိပါက ကြေညာချက်အတိုင်းဖြစ်လာတော့မည်ဟု အဆိုပါ ဘတ်ဂျတ်လေကြောင်းလိုင်းက ကြေညာခဲ့သည်။
စက်တင်ဘာလမတိုင်မီအထိ လေကြောင်းကုမ္ပဏီ၏ လက်ထဲတွင် ငွေသား နော်ဝေကရောင်း(ခရိုနာ) ၃.၄ ဘီလျံ (ဒေါ်လာ ၃၇၆ သန်း) ခန့် ကျန်ရှိနေခဲ့သည်။

နော်ဝေအစိုးရက ထောက်ပံ့ကြေးဆက်လက်ပေးအပ်ရန် ငြင်းဆိုမှုကို တနင်္လာနေ့က ပြုလုပ်ခဲ့ပြီး အဆိုပါ လေကြောင်းအား ဆက်လက်ထောက်ပံ့ရန်မှာ စွန့်စားရလွန်းအား ကြီးနေသည်ဟု ဆိုသည်။

Norwegian Air က မကြာမီအချိန်အတွင်း ဝန်ထမ်း ၁၆၀၀ ခန့်အား လစာမဲ့ခွင့်ဖြင့် အလုပ်နားစေကာ အလုပ်လုပ်နေသည့် နေရာပေါင်း ၆၀၀ ခန့်သာ ကျန်ရှိတော့မည်ဟု ဆိုသည်။

လုပ်ငန်းဆက်လက်လည်ပတ်ရန် ငွေဖြည့်တင်းမှုရရှိနိုင်သည်နည်းလမ်းများမှာ အကြွေးများ ပိုမိုရယူခြင်း၊ လေယာဉ်အချို့နှင့် အချို့သော ပိုင်ဆိုင်မှုများကိုရောင်းချခြင်းနှင့် အချို့သော အကြွေးများအား ရင်းနှီးမြှုပ်နှံသူများကို ပြန်လည်ရောင်းချ၍ Debt to Equity အဖြစ်ပြောင်းလဲခြင်းများသာ ကျန်ရှိတော့မည်ဟု ဆိုသည်။

ယခု ၂၀၂၀ တတိယ ၃ လပတ် (ဇူလိုင် – စက်တင်ဘာ) ကာလတွင် ကပ်ဘေး၏ ရိုက်ခတ်မှုကို တောင့်ခံနိုင်သည့်အင်အားမှာ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိလာသည်ဟု အမှုဆောင်အရာရှိချုပ် ဂျေကော့ဘ် (Jacob Schram) က ပြောကြားခဲ့သည်။

Norwegian Air သည် အခြား ဘတ်ဂျတ် (စရိတ်သက်သာ) လေကြောင်းများနှင့် မတူဘဲ လက်မှတ်ခ သက်သက်သာသာဖြင့် ခရီးရှည်သွားသည့် ဈေးကွက်ကို ဖေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

များသောအားဖြင့် ဘတ်ဂျတ်လေကြောင်းများမှာ လက်မှတ်ခ သက်သာသလို Point to Point ဟု ခေါ်သည့် လေဆိပ်တခုမှ အခြားတခုသို့ အကွာအဝေးအား အနီးဆုံး၊ အတိုဆုံး ထားကာ လုပ်ငန်းကို လည်ပတ်ကြခြင်းဖြစ်သည်။

ကပ်ဘေးမတိုင်မီက Norwegian Air အနေဖြင့် လေယာဉ်ပေါင်း ၁၀၀ ကျော်ဖြင့် ဥရောပတခွင် ခရီးရှည်များကို ပျံသန်းခဲ့ကြသည်။
၎င်းတွင် ခရီးတို ခရီးစဉ်များလည်း ရှိပြီး ကိုရိုနာဗိုင်းရပ်စ်မဖြစ်ခင်က ဗြိတိန်တွင် လူကြိုက်များသော ခရီးတိုလေကြောင်းလိုင်းပြေးဆွဲသူလည်းဖြစ်ခဲ့သည်။

ယခုအခါတွင်မူ Norwegian Air အနေဖြင့် ဆက်လက်ရှင်သန်ရန် အာမ မခံနိုင်တော့ကြောင်းနှင့် ၂၀၂၀ ပထမ ၆ လ အတွင်းတွင်ပင် နော်ဝေ ခရိုနာ ၅.၃ ဘီလျံ ဆုံးရှုံးခဲ့ပြီးဖြစ်သည်ဟု သိရသည်။

အစိုးရ၏ ထောက်ပံ့မှုဆက်လက်လုပ်ဆောင်ရန် ငြင်းဆန်အပြီးတွင် လေကြောင်းလိုင်း၏ ရည်မှန်းချက်များဆက်လက်ရှင်သန်ရန် ခက်ခဲတော့မည်ဖြစ်ကြောင်း ဥရောပ သတင်းစာများ၊ အနောက်နိုင်ငံနှင့် လေကြောင်းနယ်ပယ်မှ သတင်းများက ခေါင်းစဉ်အမျိုးမျိုးဖြင့် ဖေါ်ပြခဲ့ကြသည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, The Guardian, Financial Times
Image: Norwegian

ကပ်ဘေးအရှိန်ရှိနေသော်လည်း ဘတ်ဂျတ်လေကြောင်းလိုင်းရှယ်ယာများ ဈေးမြင့်တက်

နိုင်ငံတကာ လေကြောင်းခရီးသွားလုပ်ငန်းနယ်ပယ်တွင် ငွေကြေးဆုံးရှုံးမှုများ မြင့်တက်နေဆဲဖြစ်သော်လည်း လေကြောင်းလက်မှတ်ဈေးနှုန်းသက်သာမှုကိုသာ ကြည့်သည့် ခရီးသည်များကိုရည်ရွယ်သော စရိတ်သက်သာ ဘတ်ဂျတ်လေကြောင်းလိုင်းများ၏ အမှုဆောင်အရာရှိများမှာ အခြေအနေကောင်းသည့်ဘက်ကို ရှေးရှုနေသည်။

ကြာသပတေးနေ့ (ယမန်နေ့က) Spirit Airlines အနေဖြင့် အစုရှယ်ယာတန်ဖိုး ၉.၅% မြင့်တက်ခဲ့ပြီး ၁ စုလျှင် ၁၇.၀၄ ဒေါ်လာဖြင့် ဈေးကွက်ပိတ်ချိန်ကို ဖြတ်သန်းနိုင်ခဲ့သည်။

ရလာနိုင်သည့် ဝင်ငွေပမာဏကို ခန့်မှန်းတွက်ချက်ပြီးနောက် အဆိုပါ လေကြောင်းလိုင်းအနေဖြင့် ပြီးခဲ့သည့် ၃ လပတ်ကာလ အတွင်း မျှော်လင့်ထားသည့် ဆုံးရှုံးမှုများထက် လျော့နည်းနိုင်သည့်အပြင် ငွေကြေးဆုံးရှုံးမှုများလည်း ထင်ထားသည်ထက် သက်သာမည်ဟု ဆိုသည်။

Spirit လေကြောင်း၏ တတိယ ၃ လပတ် (Q3) ဝင်ငွေမှာ ဒေါ်လာ ၄၀၁.၉ သန်းရှိခဲ့ပြီး အဆိုပါပမာဏမှာ ပြီးခဲ့သည့် နှစ် ကာလတူအခြေအနေထက် ၆၀% ခန့် လျော့နည်းခဲ့သည်။

ဖလော်ရီဒါပြည်နယ်၊ မီယာမာ (Miramar) မြို့အခြေစိုက်ဖြစ်သော ထိုလေကြောင်းသည် လာမည့် စတုတ္ထ ၃ လပတ်ကာလတွင် ပြီးခဲ့သည့်နှစ် ကာလတူအခြေအနေထက် ၄၃% မှ ၄၅% ဝင်ငွေ ပိုမိုလျော့နည်းနိုင်ကြောင်း ခန့်မှန်းထားပြီး ယခင်နှစ် စတုတ္ထ ၃ လပတ် (Q4) ၏ အရောင်းပမာဏမှာ ဒေါ်လာ သန်း ၉၇၀ နီးပါးရှိခဲ့သည်ဟုဆိုသည်။

အခြားတဖက်တွင်လည်း Allegiant Air လေကြောင်း၏ မိခင်ကုမ္ပဏီဖြစ်သော Allegiant Travel Company ၏ ရှယ်ယာများသည်

ကြာသပတေးနေ့တွင် ရှယ်ယာတန်ဖိုး ၁၁% ခန့်မြင့်တက်ခဲ့ပြီး ဈေးကွက်ပိတ်သိမ်းချိန်၌ ၁ စုလျှင် ၁၃၇.၅၇ ဒေါ်လာဖြင့် ပိတ်သိမ်းနိုင်ခဲ့သည်။

ဤရာခိုင်နှုန်းမျှ မြင့်တက်ခဲ့မှုနှင့် ပေါက်ဈေးပမာဏတိုးတက်မှုမှာ ၎င်းတို့လေကြောင်းခရီးသွားနယ်ပယ်တွင် မှတ်တိုင်တခုဖြစ်ခဲ့ပြီး မျှော်လင့်ချက်ရောင်ခြည်ဖြာနေသော မြင်ကွင်းဟု သတ်မှတ်ခဲ့ကြသည်။

လေကြောင်းခရီးသွားနယ်ပယ်အတွက် ဈေးကွက်ကျွမ်းကျင်သုံးသပ်သူဖြစ်သော Cowen & Co. (ကိုဝင်နှင့်ရောင်းရင်းများ) ကုမ္ပဏီမှ ဟယ်လင် ဘက်ကာ (Helane Becker) က Allegiant ၏ လေဆိပ် တခုမှ တခု (ခရီးတို) သွား ပြည်တွင်း အပန်းဖြေဈေးကွက်အပေါ် အာရုံစိုက်ခဲ့မှုက

Allegiant အား ဈေးကွက်အတွင်း အခြားသူများထက် ပုံမှန်အခြေအနေသို့ လျင်လျင်မြန်မြန်ရောက်ရှိစေခဲ့သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် လျှောက်လှမ်းနေပြီဖြစ်သော်လည်း ကပ်ဘေးအခြေအနေကြောင့် လေကြောင်းလိုင်းများ၏ အခြေအနေမှာ မရောမှုများရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့် တတိယ ၃ လပတ် (Q3) တခုတည်းတွင် အမေရိကန်လေကြောင်းလိုင်းများ၏ ဆုံးရှုံးမှု တန်ဖိုးစုစုပေါင်း ဒေါ်လာ ၁၁ ဘီလျံ ခန့်ရှိခဲ့ပြီး ထိုတတိယ ၃ လပတ်သည် ပုံမှန်အခြေအနေတွင် လက်မှတ်အရောင်းရဆုံး နွေရာသီခရီးသွားကာလ အချိန်လည်းဖြစ်ခဲ့သည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, Investing.Com
Image: Ethan Miller | Getty Images

ဟောင်ကောင်လေကြောင်း Cathay Pacific စံချိန်တင် အလုပ်လျှော့ချကာ အခွဲလုပ်ငန်း Cathay Dragon အား အပြီးဖျက်သိမ်း

ဟောင်ကောင်လေကြောင်းလိုင်းကြီးဖြစ်သော Cathay Pacific သည် ဆယ်စုနှစ် ၃ ခုအတွင်း အများဆုံး အလုပ်လျှော့ချမှုအနေဖြင့် ဝန်ထမ်း ၅,၃၀၀ ကို အလုပ်အကိုင်ဆုံးရှုံးစေတော့မည်ဖြစ်ပြီး ကပ်ဘေးကြောင့် ထိခိုက်ခဲ့ရမှုများကို ပြန်လည်ပြင်ဆင်သည့် ကုမ္ပဏီလည်ပတ်ပုံအသစ် (Restructuring Attempt) ကြောင့်လည်း ကုန်ကျစရိတ်များ ထပ်မံမြင့်တက်လာတော့မည်ဖြစ်သည်။

ဝန်ထမ်းများ၏ စိတ်ထိခိုက်မှုနှင့် စိုးရိမ်ပူပန်မှုတို့ကို ဖြစ်စေခဲ့ခြင်းကြောင့် အဆိုပါ ခရီးသွားလေကြောင်းလိုင်းက တောင်းပန်ခဲ့ပြီး Cathay Pacific အုပ်စုကြီး တခုလုံးအနေဖြင့် အလုပ်အကိုင် ၈,၅၀၀ ကို လျှော့ချမည်ဖြစ်ရာ ယခင်က နဂါးလေကြောင်း (DragonAir) ဟု နာမည်ကျော်ခဲ့သော

လေကြောင်းလုပ်ငန်းခွဲ Cathay Dragon ကိုမူ လုံးဝပိတ်သိမ်းသွားတော့မည်ဟု သိရသည်။

Cathay Pacific (ကသေး ပစိဖစ်) ရှိ ကသေး ဟူသောအမည်မှာ ဥရောပသား၊ အနောက်အာရှသားတို့က တရုတ်အား ခေါ်ဆိုသည့် သမိုင်းဝင်နာမည်ဖြစ်ပြီး မာကိုပိုလို၏ စာအုပ်တွင်လည်း တရုတ်ပြည်အား အဆိုပါ ‘ကသေး’ နာမည်ကို အသုံးပြု၍ မှတ်တမ်းများ ရေးသားခဲ့သည်။

ယခုလျှော့ချမည့်အလုပ်အကိုင်များတွင် လေယာဉ်မောင်မယ် ၄,၀၀၀ ၊ လေယာဉ်မှူး ၆၀၀ ဦးနှင့်အတူ လေယာဉ်ကွင်းအတွင်း ဝန်ထမ်းနှင့် ရုံးဝန်ထမ်း ၇၀၀ ကျော်လည်း ပါဝင်လာမည်ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေး အစီအစဉ် (Restructuring) ကြောင့် ကုန်ကျစရိတ်လည်း ဟောင်ကောင်ဒေါ်လာ ၂.၂ ဘီလျံ (ကန်ဒေါ်လာ ၂၈၄ သန်း) လည်း ရှိလာမည်ဖြစ်သည်။

ကသေးပစိဖိတ် လေကြောင်းအုပ်စု၏ ဥက္ကဌ ပက်ထရစ်ဟယ်လေ (Patrick Healy) က ယခုဖြစ်ရပ်အား အသည်းနှလုံးကိုဖျစ်ညှစ်ထားသည်နှင့်တူကြောင်း၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများထိခိုက်မှုအတွက် အမှန်တကယ်ဝမ်းနည်းရကြောင်းများကို ထုတ်ဖေါ်ပြောကြားသွားခဲ့သည်။
တည်ထောင်ခဲ့သည့် သက်တမ်း ၇၄ နှစ်ကျော်လာပြီဖြစ်သည့် ကုမ္ပဏီရှေ့ဆက်နိုင်ရန် မဖြစ်မနေလုပ်ဆောင်ခဲ့ရသည့် ဆုံးဖြတ်ချက်များသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဤအစီအစဉ်၏ တစိတ်တပိုင်းအဖြစ် Cathay Dragon (မူလအမည် နဂါးလေကြောင်း) အားလည်း လုပ်ငန်းလည်ပတ်မှုကို ရပ်တန့်ကာ ပိတ်သိမ်းသွားတော့မည်ဟု ဆိုသည်။

နဂါးလေကြောင်းလိုင်းမှ လေယာဉ်မှူး ၁၀ ဦးမှာ ကံကောင်းစွာဖြင့် အလုပ်ဆက်လက်ပေးထားမည်ဖြစ်ကာ Single Aisle Aircraft (ကိုယ်ထည်သေးငယ်သည့်လေယာဉ်များ) လေ့ကျင့်မောင်းနှင်ရေးတွင် နည်းပြများအဖြစ် တာဝန်ပေးထားမည်ဖြစ်သည်။

ယခုကဲ့သို့ အလုပ်အကိုင် ၅,၃၀၀ မှ ၈,၅၀၀ အတွင်း လျှော့ချမှုသည် ဆယ်စုနှစ် ၃ ခုအတွင်း လေကြောင်းခရီးသွားနယ်ပယ်၌ အများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

ကသေးပစိဖိတ် (Cathay Pacific) မှာ ကပ်ဘေးကြောင့် ၁ လလျှင် ဟောင်ကောင်ဒေါ်လာ ၂ ဘီလျံခန့် လစဉ်ဆုံးရှုံးနေခဲ့သည်။
ယခုကဲ့သို့ အလုပ်လျှော့ချလိုက်မှုများကြောင့် လစဉ် ဟောင်ကောင်ဒေါ်လာ သန်း ၅၀၀ ခန့်သက်သာသွားမည်ဟု ဆိုသည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: South China Morning Post, Travel Daily Media, Aero Time News Hub,
Image: Felix Wong

ချင်းမိုင် ခရီးသွားကဏ္ဍ၏ အေးစက်စက် အနာဂတ်

ယခင်တုန်းက အထဲဝင်ရန် စီတန်းလျက်ရှိသော လူတန်းများဖြင့် စည်ကားနေလေ့ရှိသည့် ချင်းမိုင်မြို့၏ ဝတ်ဖရာဆင်း ရွှေကျောင်းတော်ကြီးမှာ ယခုချိန်တွင် တိတ်ဆိတ်ခြောက်ကပ်လျက်ရှိသည်။ ယင်းကျောင်းတော်ကြီး၏ အရှေ့ဘက်တွင်တော့ တက္ကစီ ဆရာ သုမ်တမ် တစ်ယောက် ခရီးသည်တစ်ယောက်တစ်လေများ လာလိမ့်နိုးနိုးဖြင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းလျက်ရှိသည်။

များသောအားဖြင့် ခရီးသည်များသည် ဝတ်ဖရားဆင်း ကျောင်းတော်ကြီးမှ တစ်ဆင့် ဒွိုင်စုတက် တောင်ပေါ်သို့ အသွားအပြန် အော်ဒါများ ငှါးလေ့ရှိကြသည်။ ယင်းတောင်တန်းနေရာသည် ချင်းမိုင်မြို့ကို အပေါ်စီးမှ မိုးထားသဖြင့် ရှုခင်းသာနေရာများ ပေါများပြီး ထိုင်းအစိုးရမှ သဘာဝဥယျဉ်နေရာအဖြစ် သတ်မှတ်ထားကာ ချင်းမိုင်သို့ လာပါက ၎င်းတောင်ထိပ်သို့ မတက်ဘူလျှင် မပြည့်စုံဟု ပြောစမှတ်ပြုကြသည်။

တက္ကစီ ဆရာသည် ကပ်ရောဂါမဖြစ်ခင် အချိန်များတုန်းက တစ်နေ့လျှင် ဝတ်ဖရားဆင်းနှင့် ဒွိုင်စုတက်ကို အသွားအပြန် အော်ဒါ ၅ကြောင်းခန့် ဆွဲရလေ့ရှိသည်။ ယခုအခါတော့ တစ်နေ့ တစ်ကြောင်း ရလျှင်ပင် ကျေနပ်ရမည့် အခြေအနေ ဖြစ်နေလေသည်။ မစ္စတာ သုမ်တမ်သည် ကပ်ရောဂါကြောင့် အခြေအနေဆိုးရွားခဲ့ရသည့် ချင်းမိုင်ဒေသရှိ မရေမတွက်နိုင်သော ခရီးသွားကဏ္ဍ လုပ်ငန်းများမှ နမူနာ တစ်ခုသာဖြစ်တော့သည်။

စာရင်းများအရ ချင်းမိုင်သည် ပြီးခဲ့သည့် ၂၀၁၉ တွင် ခရီးသွား ၁၀.၈ သန်းခန့်လာရောက်လည်ပတ်မှုရှိခဲ့ပြီး ဝင်ငွေအားဖြင့် ထိုင်းဘတ် ဘီလီယံ ၁၀၀ ခန့်ရှိလေသည်။ ခရီးသွား အများစုမှာ ထိုင်းလူမျိုးများဖြစ်ကြပြီး ၇၀ ရာခိုင်နှုန်းခန့်ရှိကာ နိုင်ငံတကာ ခရီးသွာများမှာ ၃၀ ရာခိုင်နှုန်းသာ ရှိသည်။

နှစ်စဉ်နှစ်တိုင်းတွင် မြောက်လေပြန်သည့် ရာသီရောက်တိုင်း ဤမြောက်ပိုင်းပြည်နယ်သည် ခရီးသွားများဖြင့် ပြည့်နှက်လေ့ရှိပြီး နယ်ခံများအတွက်လည်း အလွန်အလုပ်များသော ကာလဖြစ်သည်။ သို့သော် ဒီနှစ်တွင်တော့ ချင်းမိုင်သည် အထီးကျန်ရပေတော့မည်။ ထိုင်းအစိုးရသည် ယခုအချိန်အထိ နိုင်ငံတကာ ခရီးသွားများကို နိုင်ငံတွင်းသို့ ဝင့်ခွင့်ပိတ်ပင်ထားသေးသောကြောင့် ဖြစ်သည်။

ချင်းမိုင်မြို့ ဟော်တယ်နှင့် ခရီးသွားလာရေးရုံး ညွှန်ကြားရေးမှူးဖြစ်သူ မစ္စစ် ပါ့နန် ဝင်နစ်ချိုင်းက ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ဖူးခက်တွင်ဖြစ်ပွားခဲ့သော အပျော်စီးလှေ မတော်တဆမှုအပြီးတွင် ခရီးသွားကဏ္ဍသည် ယုံကြည်မှုကျဆင်းခြင်းကို ခံခဲ့ရကာ ချင်းမိုင်လည်း ယင်းအဖြစ်အပျက်၏ ရိုက်ခတ်မှုမှ မလွတ်ခဲ့ကြောင်း ပြောပြခဲ့သည်။ အထူးသဖြင့် တရုတ်ခရီးသွားများ အဝင်ကျဆင်းသွားခဲ့ရပြီး ယင်းတို့သည် နိုင်ငံတကာခရီးသွားများ၏ သုံးပုံတစ်ပုံခန့်ကို နေရယူထားသူများဖြစ်သည်။

ထိုင်းအစိုးရသည် ယခုအခါ နိုင်ငံတွင်း အချိန်ကြာကြာနှင့် ခရီးရှည်သွားလိုသော တရုတ်ခရီးသွားများထံမှ အထူးခရီးသွားဗီဇာထုတ်ပေးရန် အကြောင်းကြားချက်ကို လက်ခံရန် စဉ်းစားနေပြီဖြစ်ကြောင်း သိရသည်။

သို့သော် ယင်းအစီအစဉ်သာ အထမြောက်ခဲ့ပါက ထိုင်းရှိ ပြည်နယ်တော်တော်များများကဲ့သို့ပင် ချင်းမိုင်သည်လည်း အကျိုးအမြတ်ရရှိမည် မဟုတ်ပေ။ အကြောင်းမှာ ယင်းခရီးသွားများ ဝင်ရောက်လာပါက ကွာရန်တင်းထားရှိရန် သတ်မှတ်စံချိန်စံညွှန်များနှင့် ညီညွတ်သော ဟိုတယ်များ ချင်းမိုင်တွင် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မျှော်လင့်စရာအနေဖြင့် ယင်းခရီးသွားများ အခြားပြည်နယ်များသို့ ရောက်ရှိကာ ကွာရန်တင်းဝင်ပြီး လည်ပတ်ပြီးသည်နှင့် ဒုတိယရွေးစရာအဖြစ် မိမိတို့ဆီ လာရောက် လည်ပတ်ရန်ဖြစ်သည်။

မစ္စစ် ပါ့နန်၏ အဆိုအရ ခရီးသွားကဏ္ဍသည် ဤဒေသ၏ ၆၈ ရာခိုင်နှုန်းသော GDP ကို ဖြည့်စည်းပေးလျက်ရှိပြီး ယခုကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် အထိနာသူများတွင် ခရီးသွားကဏ္ဍတင်မဟုတ်ဘဲ တနွယ်ငင်တစင်ပါဆိုသလို အခြားစီးပွားရေးများပါ ရိုက်ခတ်လာခဲ့ကြောင်း သိရသည်။

ခရီးသွားတွေ ပြန်လာမယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာ ကြိုကြဖို့ နယ်ခံတွေက အရမ်းကို မျှော်လင့်တောင့်တနေပါတယ်ဟု မစ္စစ်ပါ့နန်က နိဂုံးအနေနှင့်ပြောကြားသွားခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Bangkok Post
Photo: Chiang Mai on Three Wheel

 

‘Golden Week’ အားလပ်ရက် ပထမ ၄ ရက်အတွင်း တရုတ်ခရီးသွားလုပ်ငန်းများ ဒေါ်လာ ၄၅.၉ ဘီလျံခန့်ဝင်ငွေရှိ

၂၀၂၀ ခုနှစ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ‘Golden Week’ အားလပ်ရက်သီတင်းပတ်ကာလကို အောက်တိုဘာ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ တစ်ပတ်အကြာသတ်မှတ်ပေးထားသည်ဖြစ်ရာ တရုတ်ပြည်သူများ နိုင်ငံအတွင်း ခရီးသွားလည်ပတ်မှုများ အမြင့်ဆုံးဖြစ်ခဲ့သည်။

တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (Ministry of Culture and Tourism) က အောက်တိုဘာ ၁ မှ ၄ အတွင်း တရုတ်လမ်းမကြီးများအပေါ်၌ တရုတ်ပြည်သူ သန်းပေါင်း ၄၂၅ သန်းခန့်အထိ ရှိနေခဲ့ကြောင်းကို တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည်။

ထို ‘ရွှေ သီတင်းပတ်’ အားလပ်ရက်ကာလအား တရုတ်ပြည်သူများက ၇ ရက် သို့မဟုတ် ၈ ရက်အကြာမျှ ကျင်းပလျက်ရှိရာ ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ ပထမ ၄ ရက်တာ ကာလအတွင်းတွင်ပင် တရုတ်နိုင်ငံအတွင်းရှိ ခရီးသွားလုပ်ငန်းများ၏ ဝင်ငွေမှာ ယွမ်ငွေ ၃၁၂ ဘီလျံ (ကန်ဒေါ်လာ ၄၅.၉ ဘီလျံ) အထိ ဝင်ငွေရရှိခဲ့သည်ဟု သိရပြီး ယင်းပမာဏမှာ ပြီးခဲ့သည့် နှစ် ကာလတူအချိန်ထက် ၃၁% ခန့်ပင် လျော့ကျနေခဲ့သည်ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်းမှ ရုန်းထွက်နိုင်ခဲ့အပြီးနောက် တရုတ် ပြည်သူများ၏ အသုံးစရိတ်များ ပိုမိုတိုးတက်စွာ သုံးစွဲလာနိုင်ခဲ့ကြခြင်းဖြစ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးရှိရာ နိုင်ငံ၏ စီးပွားရေးအခြေအနေအတွက် ကာမိလာနိုင်ပြီဟု ဆိုရမည်ဖြစ်သည်။

ယခု ၈ ရက်တာ အားလပ်ရက်ကာလအတွင်း ပထမ ၄ ရက်၌ပင် ဒေသတွင်း ခရီးစဉ်ပေါင်း ၄၂၅ သန်း အထိရှိခဲ့ပြီး တနင်္ဂနွေနေ့ တစ်ရက်တည်း၌ပင် ခရီးသွားပေါင်း သန်း ၁၁၀ ခန့်ရှိပြီး ခရီးသွားလုပ်ငန်းဝင်ငွေ ယွမ် ၈၀.၈ ဘီလျံ ရရှိခဲ့သည်။

တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွား ဝန်ကြီးဌာနက မြို့ကြီးများနှင့် အနီးဆုံး ဒေသများ၊ ကျေးလက်ဒေသများနှင့် ပန်းခြံများမှာ လက်ကျန် ၄ ရက်အတွင်း လူကြိုက်များမှု မြင့်တက်နေဦးမည်ဟု ထုတ်ပြန်ထားသည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: South China Morning Post, CGTN China
Image: DFN Online