travel

ပဋိပက္ခဖြစ်ပွားရော နယ်စပ်ဒေသသို့ အပျော်ခရီးစဉ်များ အိန္ဒိယရထားလုပ်ငန်း ရေးဆွဲကြေညာ

လာဒခ် (Ladakh) ဒေသသည် အိန္ဒိယနိုင်ငံ၊ ကတ်ရှမီးယားဒေသ၏ အစိတ်အပိုင်းဖြစ်ပြီး အိန္ဒိယ၊ တရုတ်နှင့် ပါကစ္စတန်တို့ထိစပ်ရာ နယ်စပ်ဒေသလည်းဖြစ်သည်။
ယမန်နှစ်အတွင်းက လာဒခ်တွင် အိန္ဒိယနှင့်တရုတ်စစ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့ဖူးပြီး အိန္ဒိယဘက်မှ စစ်သားအယောက် ၂၀ ခန့် သေဆုံးခဲ့သည်။
လက်နက်ကိုင်ဆောင်ခွင့်မရှိသော အဆိုပါနယ်စည်းမျဉ်းအကြား ခိုက်ရန်ဖြစ်ပွားမှုတွင် တရုတ်ဘက်မှလည်း စစ်သားအများအပြားသေဆုံးခဲ့သည်ဟု အိန္ဒိယသတင်းဌာနများကထုတ်ပြန်ခဲ့သော်လည်း တရုတ်က အရေအတွက်ကို မဖေါ်ပြချေ။
သို့သော်လည်း တရုတ်စစ်သား ၄၃ ယောက်ခန့် သေဆုံးခဲ့သည်ဟု သတင်းဌာနအချို့က ဖေါ်ပြခဲ့သည်။

ယခင်ဇွန်လတွင် အငြင်းပွားမှုများရှိရာ နယ်စပ်သို့ အိန္ဒိယတပ်ဖွဲ့ဝင် ၅၀,၀၀၀ ထပ်မံစေလွှတ်ခဲ့ခြင်းကြောင့် နယ်စပ်လုံခြုံရေးအတွက် အိန္ဒိယတပ်ဖွဲ့ဝင်ပေါင်း ၂ သိန်း (၂၀၀,၀၀၀) ခန့်ရှိလာခဲ့သလို ဂျက်တိုက်လေယာဉ်များပါဝင်သော လေတပ်အဖွဲ့ကို အဓိကနယ်ခြားစည်းမျဉ်း ၃ နေရာတွင်ဖြန့်ကျက်ထားခဲ့သည်။
ဤသို့အန္တရာယ်များရှိနေသည့် နေရာ လာဒခ်သို့ အိန္ဒိယမီးရထားဝန်ကြီးဌာနလက်အောက်ရှိ IRCTC (Indian Railway Catering and Tourism Corporation) က ၆ ညအိပ် ၇ ရက် အပျော်စီးခရီးစဉ်များကို ရေးဆွဲ ကြေညာခဲ့သည်။
ခရီးစဉ်အတွက် လူ ၁ ယောက်လျှင် ရူပီး ၃၂,၀၀၀ ကျသင့်မည်ဖြစ်ကာ အန္တရာယ်များသော်လည်း ရေခဲတောင်များ၊ တောင်ကုန်းများ၊ နှင်းခဲများဖြင့် လှပလွန်းနေသည့် လာဒခ်ဒေသကို ခရီးသွားများ ခံစားနိုင်မည်ဖြစ်သည်။
ဟိမဝန္တာတောင်တန်းပေါ်တွင် တည်ရှိသည့် လာဒခ်ခရီးစဉ်သည် ကိုဗစ်-၁၉ ကို မထိန်းချုပ်နိုင်သည့် အိန္ဒိယအစိုးရအတွက် နောက်ထပ် ဝေဖန်မှုများကို ဖန်တီးပေးမည်လား စောင့်ကြည့်ရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုများကို အိန္ဒိယအစိုးရက ၄ သိန်းခန့် (၄၂၀,၀၀၀) ခန့်ကြေညာထားသော်လည်း လေ့လာသူများက အမှန်တကယ်မြေပြင်ရှိဂဏန်းအရေအတွက်မှာ ၄ သန်း ခန့်ဖြစ်နေသည်ဟု ဆိုသည်။
အိန္ဒိယစီးပွားရေး နာလန်ပြန်ထူရန် ခရီးသွားလာရေးလုပ်ငန်းပြန်လည်ဖွင့်လှစ်သည်မှန်သော်လည်း ကိုဗစ်-၁၉ မျိုးကွဲ၊ မျိုးစိတ်သစ်များက အိန္ဒိယကျန်းမာရေးကို အကြီးအကျယ်ခြိမ်းခြောက်နေဆဲဖြစ်သည်။

လာဒခ်ခရီးစဉ် (Ladakh Tour) ရူပီး ၃၂,၀၀၀ တွင် လေယာဉ်လက်မှတ်ခ၊ အဲကွန်းမပါဝင်သော ရှုခင်းကြည့်ယာဉ်စီးနင်းလှည့်လည်ခွင့်၊ နားခိုရန်နေရာ၊ အစားအသောက် ၃ နပ်စာ၊ ခရီးသွားအာမခံ၊ ဧည့်လမ်းညွှန်ခ၊ အခွန်၊ Nubra တောင်ကြားရှိ နေရာများသို့ လည်ပတ်ခွင့်၊ အရေးပေါ် အောက်ဆီဂျင်ဗူးများ စသည်တို့ပါဝင်သည်ဟု IRCTC က ကြေညာထားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Business Today India, Economic Times: India Times, Business Standard, Bloomberg, BBC Business, Ladakh.NIC.IN
Image: Tripoto

Delta Variant ကိုဗစ်ပိုးသစ်ကြောင့် ဩဇီ နာလန်ထူရေးအစီအစဉ်များမရေရာ

ကိုဗစ်-၁၉ မျိုးဗီဇသစ် COVID-19 Delta Variant သည် အိန္ဒိယတွင် စတင်တွေ့ရှိခဲ့သော်လည်း မကြာသေးမီအတောအတွင်း ဩစတေးလျတွင် တွေ့ရှိမှုမြင့်တက်လာရာ အာဏာပိုင်များ ပိုးအသစ်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေရသည်။
ကိုဗစ်-၁၉ ပိုးစတင်တွေ့ရှိသည့်အချိန်မှ ယခုအထိ Positive လူနာ စုစုပေါင်း ၃၁,၀၀၀ ခန့်သာကူးစက်တွေ့ရှိရခြင်းမှာ ဩစတေးလျအနေဖြင့် လူအများ ခပ်ခွာခွာနေရန်စည်းမျဉ်းများချမှတ်ခြင်း၊ နိုင်ငံဖြတ်ကျော်ခရီးသွားခြင်းများကို ကန့်သတ်ထားခြင်း၊ အစောပိုင်းကာလများတွင် ပြည်နယ်အချင်းချင်းပင် သွားလာခွင့်ပိတ်ပင်ခြင်း စသည်တို့ ပြုလုပ်နိုင်ခဲ့၍ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဆစ်ဒနီ အပါအဝင် ဩဇီအဓိက မြို့ကြီးတော်တော်များများကို သွားလာခွင့်ကန့်သတ်သည့် lock downs များ ချထားခဲ့ပြီး ထိုအထဲတွင် နယူးဆောက်ဝေးလည်း ပါဝင်ခဲ့သည်။
တနင်္လာနေ့၌ နယူးဆောက်ဝေးတွင် ကိုဗစ်-၁၉ Positive လူနာသစ် ၃၅ ယောက်တွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များက လူတဦးချင်းနှင့် လုပ်ငန်းများကိုပါ ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဩစတေးလျအစိုးရအဖွဲ့သည် ဇူလိုင်လ ၁၄ ရက်ကျော်လျှင် နိုင်ငံရပ်ခြားမှ ဝင်ရောက်လာသူများ၏ ဦးရေအား ထက်ဝက်လျှော့ချရန်ကြေညာခဲ့သည်။

ဝန်ကြီးချုပ် စကော့ မောရစ်ဆင်က အချို့သော ကာကွယ်ဆေးထိုးပြီးသား ခရီးသွားများကိုမူ နိုင်ငံအတွင်းရောက်ရှိပါက အိမ်များတွင် သီးခြားနေထိုင်လျှင် ခွင့်ပြုရန် အစီအစဉ်အား စမ်းသပ်သွားမည်ဟု ဆိုသည်။
ဩစတေးလျ၏ နိုင်ငံတဝှမ်း စီးပွားရေးပြန်လည်ထူထောင်ရေးအစီအစဉ်မှာ အဆင့် ၄ ဆင့်ဖြင့် သတ်မှတ်ဖေါ်ဆောင်မည်ဖြစ်ပြီး ယခုအချိန်သည် ပထမဆုံး အဆင့်တွင်သာ ရှိနေသေးသည်။
ဆက်လက်ဆောင်ရွက်သွားမည့် အဆင့်များမှာ post-vaccination ဟုခေါ်သည့် လူတိုင်း ကာကွယ်ဆေးထိုးပြီးသည့် အခြေအနေ၊ Consolidation ဟုခေါ်သည့် ကိုဗစ်-၁၉ အား အခြား အဖျားတုပ်ကွေးများကဲ့သို့ပင် ကိုင်တွယ်နိုင်သွားကာ lock downs များ လုံးဝပယ်ဖျက်သည့်အဆင့်နှင့် နောက်ဆုံးအဆင့်မှာ The reopening of borders နယ်စပ်ဝင်ပေါက်၊ လေဆိပ်များအား ပြန်လည်ဖွင့်လှစ်ပေးသည့်အဆင့်တို့ ဖြစ်ကြသည်။

ယခုအခါ ပထမအဆင့်ဖြစ်သည့် Vaccination, prepare and Pilot ကာကွယ်ဆေး အားလုံးထိုးနှံနိုင်ရေးသာဖြစ်ရာ အခြားသော အဆင့်များ အကောင်အထည်ဖေါ်နိုင်မှုမှာ ဗီဇများ ပြောင်းလဲလာသည့် ပိုးသစ်အခြေအနေများကြောင့် ရေရာမှုဝေးကွာနေသည်။
အစိုးရအနေဖြင့် ပိုမိုတိကျသည့် အစီအစဉ်များ၊ သေချာမှုများ၊ လုပ်ငန်းပိုင်းကိစ္စများတွင် မည်သည့်နယ်ပယ်များကို ပြန်လည်လုပ်ကိုင်ရန် ခွင့်ပြုခြင်းများ စသည့် အကြောင်းအရာတို့လိုအပ်နေသည်ဟု Business Council of Australia ၏ အမှုဆောင်အရာရှိချုပ် ဂျနီဖာ ဝက်စတာကော့ Jennifer Westacott က ပြောကြားခဲ့သည်။

“ကျွန်မတို့အနေနဲ့ ကျွမ်းကျင်လုပ်သားတွေရဖို့ ၂၀၂၂ အထိ စောင့်မနေနိုင်ပါဘူး” ဟု သူမက ဆိုသည်။

မြောက်အမေရိက နှင့် ဥရောပနိုင်ငံများကဲ့သို့မဟုတ်ပဲ ဩစတေးလျ၏ ကာကွယ်ဆေးထိုးနှံသည့် အစီအစဉ်မှာ ဗရုတ်သုတ်ခများဖြင့် ပြည့်နှက်နေသည်ဟု ဆိုသည်။
ကာကွယ်ဆေးထိုးရန် Pfizer-BioNtech နှင့် Oxford-AstraZeneca ၂ မျိုးကိုသာ ခွင့်ပြုထားခြင်းဖြစ်ရာ အဆိုပါ ဆေး ၂ မျိုးစလုံးမှာ ကိုယ်ခံအားထွက်ပေါ်၍ ရောဂါပိုးကို တိုက်ခိုက်နိုင်ရန် ၂ ကြိမ် ထိုးရသည့် ဆေးများသာဖြစ်သည်။
Our World In Data အဖွဲ့အစည်းမှ အချက်အလက်များအရ ကာကွယ်ဆေးကို ၂ ကြိမ် အပြည့်ထိုးခံရသည့် လူဦးရေမှာ ၇.၁% သာ ရှိသေးသည်ဟု သိရသည်။

Curtin University ၏ ကျန်းမာရေးသိပ္ပံဌာနမှ အာချီ ကလိမန့် Archie Clements က ကာကွယ်ဆေးနှင့် ပတ်သက်၍ နိုင်ငံအတွင်းပြဿနာများစွာဖြစ်ပေါ်နေသည်ဟုဆိုသည်။
ဆေးမလုံလောက်မှုမှာ အဓိက ပြဿနာဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ လုပ်သင့်တာက လူတိုင်းကို ကိုယ်နဲ့ တွေ့တဲ့ ကာကွယ်ဆေးကို တန်းထိုးကြဖို့တိုက်တွန်းရမှာပါ။ AstraZeneca ပဲဖြစ်ဖြစ်၊ Pfizer ပဲဖြစ်ဖြစ်၊ ရှိတာကို ထိုးဖို့ပါပဲ” ဟု သူက ပြောကြားခဲ့သည်။

ကူးယူဖေါ်ခြင်းခွင့်မပြုပါ။
Source: CNBC Business, 9 News Australia, DailyMail UK, National Cabinet Statement | Prime Minister of Australia
Image: CNA

လေယာဉ်အမြောက်အများအော်ဒါမှာအပြီး ဝန်ထမ်း ၂၅,၀၀၀ ခန့်အပ်ရန် United Airlines ပြင်ဆင်

အမေရိကန်ပြည်ထောင်စု၏ အဓိကလေကြောင်းလိုင်းကြီးတခုဖြစ်သော United Airlines သည် ၂၀၂၆ ခုနှစ်အထိ အလုပ်အကိုင်အသစ် ၂၅,၀၀၀ ခန့်အပ်သွားရန် စီစဉ်ထားကြောင်း ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ရောဂါကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း မကြုံစဖူး အဆိုးရွားဆုံးအခက်အခဲများခံစားခဲ့ရပြီးနောက် အခြေအနေပြန်လည်ကောင်းမွန်စပြုလာချိန်တွင် United Airlines သည် ဂျက်လေယာဉ်သစ်အမြောက်အများကိုလည်း အော်ဒါမှာယူခဲ့သည်ဟု ကြေညာခဲ့သည်။

လေကြောင်းကုမ္ပဏီသည် ဂျက်လေယာဉ်အသစ် အစင်း ၅၀၀ ကိုလည်း အော်ဒါမှာယူထားပြီး ၎င်းတို့ထဲတွင် Boeing 737 Max အစင်း ၂၀၀ ၊ Airbus A321 neo အစင်း ၇၀ နှင့် ကိုယ်ထည်ကျဉ်း၍ အတွင်းပိုင်းခန်းနားစွာ ပြင်ဆင်ထားသော လေယာဉ်များ ပါရှိသည်။
မြောက်အမေရိကတဝိုက်ပျံသန်းမည့် လေယာဉ်များတွင် အထူးခုံ Premium Seats ၇၅% ပျမ်းမျှပါဝင်မည်ဟု သိရပြီး ခြေဆန့်လက်ဆန့်ကျယ်ဝန်း၍ ဖျော်ဖြေရေးပိုင်းအထူးပြင်ဆင်ထားသည့် ထိုင်ခုံများဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် United လေကြောင်းသည် ဝန်ထမ်း ၆၈,၀၀၀ ခန့်ရှိနေပြီး အလုပ်အကိုင်အသစ် ခန့်အပ်မည့်အရေအတွက်ကြောင့် အလုပ်သစ် ၃၆% တိုးတက်လာခြင်းဖြစ်သည်။
အလုပ်အကိုင်သစ်နေရာများအတွက် Newark, New Jersey တွင် ၅,၀၀၀ ၊ ဆန်ဖရန်စစ္စကိုတွင် ၄,၀၀၀ ၊ ဝါရှင်တန်၊ ချီကာဂို၊ ဒန်ဗာနှင့် လော့အိန်ဂျလိစ်တို့တွင် ၃,၀၀၀ ခန့်စီ အသီးသီးလျာထားလျက်ရှိသည်။
United အပါအဝင် လေကြောင်းကုမ္ပဏီကြီးများသည် ကန်အစိုးရထံမှာ ကိုရိုနာဗိုင်းရပ်စ်ကာလ ထောက်ပံ့ကြေး စုစုပေါင်း ဒေါ်လာ ၅၄ ဘီလျံခန့် ရရှိခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအား အတိုင်းအတာတခုအထိ ပြန်လည်တွန်းလှန်လာနိုင်ပြီဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင် လေကြောင်းခရီးစဉ်များ နောက်ကျခြင်း၊ ခရီးသည်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ ဝန်ထမ်းမလုံလောက်သည့် နေရာများ များပြားလာခြင်းတို့ကြောင့် United သည် လေယာဉ်အသစ်မှာယူခြင်းများအပါအဝင် ဝန်ထမ်းသစ်ခေါ်ယူရေးကိုလည်း အရှိန်မြှင့် လုပ်ဆောင်လာခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ နေရာအချို့တွင် နှာခေါင်းစည်း Mask ချွတ်၍ပင် ပြည်သူများ သွားလာနေကြပြီး ယမန်နေ့ ဇူလိုင် ၄ ရက် – အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးနေ့တွင် အိမ်ဖြူတော်ကလည်း မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရန်၊ ကာကွယ်ဆေးထိုးရန် စသည့် ထုတ်ပြန်ချက်များ မပြုလုပ်ခဲ့ချေ။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business News, United Airlines News Room, The Guardian
Image: Chicago Tribune

လစာမဲ့ခွင့်ဖြင့် ဝန်ထမ်း ၁၄,၀၀၀ ရပ်နားခံနိုင်ရကြောင်း United လေကြောင်းထုတ်ပြန်

အမေရိကန်ပြည်ထောင်စုရှိ United Airlines သည် နောက်ထပ် ဝန်ထမ်း ၁၄,၀၀၀ ကို လစာမဲ့ခွင့်ဖြင့် ရပ်နားရမည့် အခြေအနေရောက်လာကြောင်း သောကြာနေ့က ထုတ်ပြန်ခဲ့သည်။
ကုမ္ပဏီသည် သမ္မတသစ် ဂျိုးဘိုင်ဒင်နှင့် ကန်လွှတ်တော်အား နောက်ထပ် ဒေါ်လာ ၁၅ ဘီလျံကို အစိုးရအထောက်အပံ့ဖြင့် ကူညီရန်တောင်းပန်ထားပြီး ထိုအကူအညီရမှသာ ဝန်ထမ်းများကို လာမည့် စက်တင်ဘာ ၃၀ အထိ ဆက်လက်အလုပ်ပေးထားနိုင်မည်ဟု ဆိုသည်။

ချီကာဂိုအခြေစိုက် လေကြောင်းကုမ္ပဏီသည် လစာပေးချေရန် အစိုးရမှ ထောက်ပံ့ကြေးရရှိခဲ့မှုများသည် ဧပြီ ၁ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်းကိုလည်း သတိပေးထားခဲ့ဖူးသည်။
လေကြောင်းနယ်ပယ်အား ကပ်ဘေးကြောင့် ထိခိုက်ခဲ့မှုများ၏ အကျိုးဆက်အနေဖြင့် သိသာသော အလုပ်လျှော့ချမှုများကို ထပ်မံလုပ်ဆောင်ရန် ဖိအားများပြားနေခဲ့သည်ဟု ဆိုသည်။
ကန်အစိုးရက လေကြောင်းလုပ်ငန်းများအား ဒေါ်လာ ၁၅ ဘီလျံ ထောက်ပံ့သည့် အချိန်တွင် United လေကြောင်းသည် ၎င်း၏ လစာမဲ့ခွင့်ဖြင့် နားနေရသော ဝန်ထမ်း ၁၃,၀၀၀ ကို ပြန်လည်ခေါ်ယူကာ လစာငွေပေးချေနိုင်ခဲ့သော်လည်း ယင်းမှာ လာမည့် မတ်လ အထိသာ ခံမည်ဖြစ်သည်။

ကာကွယ်ဆေးများ ဖြန့်ချိနေခြင်းများ ဆက်လက်ပြုလုပ်နေသည်မှာမှန်သော်လည်း လေကြောင်းခရီးသွားများ၏ လက်မှတ်ဝယ်ယူမှုများ တိုးတက်လာခြင်းမရှိဟု United က ဆိုသည်။
ကန်အစိုးရသည် ယခင် ဒေါ်လာ ၁၅ ဘီလျံ ထောက်ပံ့မှုကို ပြီးခဲ့သည့် ဒီဇင်ဘာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ လေကြောင်းကုမ္ပဏီများရှိ ဝန်ထမ်းပေါင်း ၃၂,၀၀၀ ခန့်ကို ပြန်လည် လစာငွေပေးချေနိုင်ခဲ့သည်။
အလုပ်သမားသမဂ္ဂ ၂ ခုမှ ခေါင်းဆောင်များသည် ၎င်းတို့၏ လေယာဉ် မောင်၊မယ်ပေါင်း ၇၅,၀၀၀ ကို ကိုယ်စားပြု၍ လစာရရှိနိုင်ရန် ထောက်ပံ့မှုများဆက်လက်ပြုလုပ်ပေးဖို့ လွှတ်တော်သို့ စာပေးပို့ အကူအညီတောင်းခံခဲ့သည်။
ယခုတကြိမ် ဒေါ်လာ ၁၅ ဘီလျံ ထောက်ပံ့ပါက လာမည့် စက်တင်ဘာလအထိ ငွေပေးချေနိုင်မည်ဟုလည်း ရှင်းလင်းခဲ့သည်။

အလုပ်သမားသမဂ္ဂများမှ ခေါင်းဆောင်များဖြစ်သည့် Sara Nelson နှင့် Julie Hedrick တို့က ဧပြီလမှ စတင်၍ အလုပ်လျှော့ချမှုများကို အကြီးအကျယ်တွေ့မြင်ရတော့မည်ဟု ပြောကြားခဲ့သည်။
အခြား လေကြောင်းလိုင်းတခုဖြစ်သော American Airlines သည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ဝန်ထမ်းပေါင်း ၁၉,၀၀၀ ကို လစာမဲ့ခွင့်ဖြင့် ရပ်နားစေခဲ့သည်။
Hawaiian Airlines လေကြောင်းသည် ၎င်း၏ ဝန်ထမ်း ၉၀၀ ကို လစာမဲ့ခွင့်ဖြင့် အနားပေးခံရနိုင်ကြောင်း သတိပေးစာများ ထုတ်ပြန်ပြီးဖြစ်သည်ဟု သိရသည်။

American Airlines မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါက် ပါကား (Doug Parker) က ဧပြီလ ၁ ရက်နေ့သည် နီးကပ်လာပြီဖြစ်ကြောင်း၊ လက်မှတ်ရောင်းအား တက်လာသည်ကို မမြင်ရသေးကြောင်း၊ ထို့ကြောင့် ဤပြဿနာကို ဖြေရှင်းရန် သေချာပေါက်လိုအပ်ပြီဖြစ်ကြောင်းများကို ကြာသပတေးနေ့က ပြောကြားခဲ့သည်။
၎င်းတို့အနေဖြင့် အကူအညီအထောက်အပံ့များရရှိရန် လွှတ်တော်ရှိတာဝန်ရှိသူများကို စတင်ပြောကြားနေပြီဖြစ်သည်ဟု ဆိုသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, CNBC Business
Image: WSJ

2021 နှစ်ကုန်တွင် ခရီးစဉ်အားလုံးနီးပါး ပျံသန်းပြေးဆွဲရန်မျှော်လင့်ထားကြောင်း AirAsia ဆို

နိုင်ငံအချို့တွင် Covid-19 ကာကွယ်ဆေးများ စတင်ထိုးနှံပေးနေပြီဖြစ်သောကြောင့် နိုင်ငံတကာလေကြောင်းလိုင်းလုပ်ငန်းများ ပြန်လည်ဦးမော့လာရန်မျှော်လင့်ထားကြောင်း AirAsia လေကြောင်းလိုင်းသူဌေးကြီး Tony Fernandes ကဆိုသည်။

AirAsia သည် ထိပ်တန်း Budget လေကြောင်းလိုင်းတခုဖြစ်ပြီး ၂၀၂၁ နှစ်ကုန်လောက်တွင် လေကြောင်းလိုင်းခရီးစဉ်အများစုသို့ ပြန်လည်ပြေးဆွဲနိုင်မည်ဟု မျှော်မှန်းထားသည်။ သို့သော်လည်း ခရီးသွားဦးရေမှာ ၂၀၂၃ အထိ မူလကိုဗစ်မတိုင်ခင် အခြေအနေလောက် မရောက်ရှိနိုင်သေးကြောင်း Fernandes ကဆိုသည်။

အရေးအကြီးဆုံးအချက်မှာ Demand များစွာရှိနေသော်လည်း သက်ဆိုင်ရာဒေသ၊ နိုင်ငံများက ဝင်ရောက်ခွင့်ပြုသည်အထိ စောင့်ဆိုင်းရန်လိုအပ်ကြောင်း၊ AirAsia သည် ပြည်တွင်းရော ပြည်ပမှာပါ ခိုင်မာသောဈေးကွက်ကြီးရှိနေသောကြောင့် Border များပြန်လည်ဖွင့်လှစ်ပေးလိုက်ပါက လေကြောင်းလိုင်းလုပ်ငန်းများမှာ အစောဆုံး ပြန်လည်ဦးမော့လာမည့်စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း သူကဆိုသည်။

ကိုဗစ်ကြောင့်လေကြောင်းလိုင်းလုပ်ငန်းများမှာ စီးပွားရေးအခြေအနေဆိုးများနှင့်တွေ့ကြုံခဲ့ရပြီး ၂၀၂၀ ခုနှစ်တွင် ဒေါ်လာ ၁၁၈.၅ ဘီလီယံ အသားတင်ဆုံးရှုံးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၃၈.၇ ဘီလီယံဆုံးရှုံးနိုင်ခြေရှိကြောင်း နိုင်ငံတကာလေကြောင်းလိုင်းအဖွဲ့ (IATA) ကခန့်မှန်းထားသည်။

AirAsia ၏စတော့ရှယ်ယာဈေးမှာလည်း ယခုနှစ်အထိ ၂၂% ကျဆင်းသွားခဲ့သည်။

လာမည့် နွေရာသီအတွက် EasyJet ကြိုတင်လက်မှတ်အရောင်း ၂၅၀% မြင့်တက်

ဗြိတိန်၊ လူတန်တောင်း အခြေစိုက် EasyJet သည် လာမည့် ဇွန်လအကုန်တွင် ကျရောက်မည့် နွေရာသီကာလအတွက် ကြိုတင်လက်မှတ်ရောင်းချရမှု ယခင်နှစ်နှင့်ယှဉ်လျှင် ၂၅၀% မြင့်တက်ခဲ့သည်။
ဤအချင်းအရာကြောင့် ဗြိတိန်နှင့် အခြားသော ဥရောပနိုင်ငံများအကြား အသွားအလာကန့်သတ်ထားမှုများ ဖြေလျော့ချိန်တွင် လေကြောင်းခရီးသွားလုပ်ငန်းအတွက် မျှော်လင့်ချက်ရှိစရာအဖြစ်လာသည်။
EasyJet ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Johan Lundgren က ကိုရိုနာဗိုင်းရပ်အလွန်ကာလတွင် ခရီးသွားလုပ်ငန်းများအဆင်ပြေလာမည်ဟု ယုံကြည်နေသည်ဟု ဆိုသည်။

“အခြေအနေပေးပြီဆိုတာနဲ့ လူတွေက အားလပ်ရက် ခရီးတွေသွားကြတော့မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု သူက ဆိုသည်။
မေလ သည် အားလပ်ရက်များအတွက် ရေပန်းအစားဆုံး ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။
ဥရောပနိုင်ငံများအကြား အသွားအလာထိန်းချုပ်ထားသော စည်းမျဉ်းများတင်းကြပ်ခြင်း၊ လေကြောင်းခရီးစဉ်များပိတ်သိမ်းထားခြင်း၊ ဥရောပမှ ခွဲခွာပြီးဖြစ်သည့် ဗြိတိန် စသည့်အကြောင်းအရာများကြောင့် ဗြိတိန်လေကြောင်းကုမ္ပဏီများမှာ ၂၀၂၁ စသည်နှင့်ပင် ဖိအားများ စုပြုံနေသည်။

ပြီးခဲ့သည့် နှစ်တွင် British Airways, Virgin Atlantic, EasyJet စသည့် လေကြောင်းလိုင်းများအားလုံး ဝန်ထမ်ဦးရေ ထောင်နှင့်ချီ လျှော့ချခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင်ပင် Norwegian Airline သည် ဝန်ထမ်း ၁ ထောင် လျှော့ချခဲ့ပြီး ခရီးရှည်ပျံသန်းသည့် ခရီးစဉ်များကိုလည်း ဖျက်သိမ်းပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

မစ္စတာ လန်ဂရမ် (Lundgren) က ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်သည်သာ ခရီးသွားလာရေးလုပ်ငန်းပြန်လည်စတင်ရန် အဓိကကျသည့် အရာဖြစ်လာသည်ဟု ပြောကြားခဲ့သည်။
လေယာဉ်ပေါ်မတက်မီ ကိုရိုနာဗိုင်းရပ် ဆေးစစ်မှုများသည်လည်း ပုံမှန်လုပ်ငန်းစဉ်ထဲတွင် ပါဝင်လာပြီး အတားအဆီးဖြစ်စေသည့် အရာများထဲတွင် ပါဝင်နေသေးသည်ဟု ဆိုသည်။
ပိုးစစ်ဆေးရာတွင် နေရာအများစု၌ ၇၅ ပေါင် ခန့် ကုန်ကျနေပြီး အချို့သောနေရာများတွင် ပေါင် ၁၅၀ ခန့်ပင် စရိတ်ရှိနေရာ အလွန်ဈေးကြီးနေဆဲ အခြေအနေဖြစ်သည်။
ဗြိတိန်အတွင်းဝင်ရောက်လာသည့် ခရီးသည်များသည် ၇၂ နာရီအတွင်း ကိုရိုနာဗိုင်းရပ်ပိုးကင်းစင်ကြောင်း စစ်ဆေးထားခြင်းကို ပြသရန်လိုအပ်ပြီး ဗြိတိန်အတွင်း ရောက်ရှိပြီးချိန်တွင်လည်း အများဆုံး ၁၀ ရက်ခန့် တကိုယ်တည်း နေထိုင်ရမည်ဖြစ်သည်။

လန်ဒန်မြို့ ဟိသရိုးလေဆိပ်တွင် ဆိုက်ရောက်ချိန်၌ ပတ်စပို့ ကြီးကြပ်ရေးများကို အချိန်ယူလုပ်ဆောင်နေသောကြာင့် ကြာမြင့်ချိန် ၁ နာရီနှင့် အထက် စောင့်ဆိုင်းရမှုများ ရှိနေသည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, EasyJet
Image: Reuters

ခရီးသွားလုပ်ငန်းစတင်လည်ပတ်လာတော့မည်ဟုရည်မှန်း၍ Qantas လေကြောင်းလိုင်းလက်မှတ်များစတင်ရောင်းချ

တကမ္ဘာလုံး၏ ခရီးသွားလုပ်ငန်းများပြန်လည်နိုးထလာတော့မည်ဟု မျှော်မှန်းထားသည့် Qantas လေကြောင်းလိုင်းသည် သတ်မှတ်ထားသည့်ကာလထက် နှစ်လစော၍ လေကြောင်းလိုင်းလက်မှတ်များ ရောင်းချပေးလျက်ရှိသည်။

လေကြောင်းလိုင်းကြီးက အောက်တိုဘာလအထိ အမေရိကန်နှင့် အင်္ဂလန်သို့ လေကြောင်းပျံသန်းမှုရပ်နားထားသော်လည်း ကိုဗစ်ကာကွယ်ဆေးများ အလျင်အမြန်ထွက်ပေါ်လာပြီဖြစ်သောကြောင့် ပျံသန်းခွင့်အား ဂျူလိုင်လ ၁ရက်နေ့ထိ ရှေ့တိုးသတ်မှတ်လိုက်ပြီဖြစ်သည်။

မဲလ်ဘုန်းအခြေစိုက် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်စစ်ဆေးရန်အတွက် ဖယ်ဒရယ်အစိုးရက အမေရိကန်ဒေါ်လာ ၁.၆သန်းသုံးစွဲထားပြီး သြစတြေးလျသို့ မတ်လတွင် Pfizer BioNTech မှကာကွယ်ဆေးများ ရောက်ရန်ရှိနေသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က Oxford တက္ကသိုလ်နှင့် AstraZeneca တို့မှပူးပေါင်းထုတ်လုပ်သည့် ကာကွယ်ဆေးကို ပပထမဆုံးအတည်ပြုပေးခဲ့ပြီး အမေရိကန်ကလည်း Pfizer ကာကွယ်ဆေးအသုံးပြုခွင့်ကို ပြီးခဲ့သည့်လက စတင်ခွင့်ပြုပေးခဲ့ပြီဖြစ်သည်။

ယမန်နှစ်ကပြုလုပ်ခဲ့သော အစည်းအဝေးပွဲတွင် Qantas လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိဖြစ်သူ Alan Joyce က ၂၀၂၁ ခုနှစ်မကုန်ခင်အထိ UK နှင့် US သို့နိုင်ငံတကာ လေကြောင်းလိုင်းပျံသန်းခွင့် ရရှိနိုင်ဦးမည်မဟုတ်ကြောင်းဆိုခဲ့ဖူးသည်။ သို့သော်ယခုအခါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးနေသည့် အဆင့်သို့ရောက်ရှိလာပြီဖြစ်သောကြောင့် UK နှင့် US သို့လေယာဉ်ပျံသန်းခွင့်ကို အောက်တိုဘာလမှ ဂျူလိုင် ၁ရက်နေ့အထိ တိုးမြှင့်ပေးလိုက်သည်။

သို့သော် သြစတြေးလျမှ ဟောင်ကောင်၊ ဂျပန်၊ စင်ကာပူစသည့် အာရှမြို့ကြီးများသို့ လေကြောင်းပျံသန်းခွင့်ကို မတ်လမှ ဂျူလိုင်လ ၁ရက်နေ့ထိ နောက်ဆုတ်ထားသည်။

နိုင်ငံတကာနယ်စပ်များပိတ်ထားခြင်းကြောင့် လေကြောင်းလိုင်းဝန်ထမ်းများလျှော့ချနေရပြီး ယနေ့အချိန်ထိ Qantas မှအလုပ်အကိုင်ပေါင်း ၈၅၀၀ ခန့်လျှော့ချထားပြီးဖြစ်သည်။ ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းလိုင်းလုပ်ငန်းများသာမက သြစတြေးလျ၏ ပြည်တွင်း လေကြောင်းလိုင်းဈေးကွက်ပါ အထိနာခဲ့ရသည်။

Qantas Group သည်၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံဆုံးရှုံးခဲ့ကြောင်းနှင့် တနှစ်ပတ်လုံး၏ အမြတ်ဝင်ငွေ ၂၁% ကျဆင်းခဲ့ကြောင်း ကုမ္ပဏီ၏ထုတ်ပြန်ချက်များအရ သိရှိရသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: ABC News
Photo: Getty Images

 

 

 

UK သို့ခရီးသွားခွင့် ဥရောပနိုင်ငံများပိတ်လိုက်သောကြောင့် ပေါင်စတာလင်ဈေးကျဆင်း

အာရှ၌ ဒေါ်လာဈေးကောင်းနေချိန်တွင် ဥရောပနိုင်ငံအတော်များများ UK သို့ဝင်ရောက်ခွင့် ပိတ်လိုက်သောကြောင့် ပေါင်စတင်လင်ဈေးများ ကျဆင်းလာခဲ့သည်။ ဥရောပနှင့် အင်္ဂလန်တွင် ကိုဗစ်ဗိုင်းရပ်စ် မျိုးစိပ်သစ်တမျိုး ပျံ့နှံလာခဲ့ပြီးနောက် ဗြိတိန်ငွေကြေး တန်ဖိုး ၁.၂% ကျဆင်းသွားခဲ့သည်။

ကိုဗစ်အလွန် ကုန်သွယ်ရေးဆွေးနွေးမှုကို တနင်္လာနေ့အထိ ညှိနှိုင်းသူများက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
UK နှင့် EU တို့က Brexit ကူးပြောင်းရေးကာလ နောက်ဆုံးသတ်မှတ်ရက် ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်ခင်အထိ ကုန်သွယ်ရေးသဘောတူညီမှုရရှိရန် အပြင်းအထန်ကြိုးပမ်းလျက်ရှိသည်။

လက်တလောတွင် ပေါင်စတာလင်ဈေးသည် အမေရိကန် ၁.၃၆ ဒေါ်လာထိရောက်ရှိလာခဲ့ပြီး ပေါင်ဈေးဆက်တိုက်ပြန်လည်ကျဆင်းလာခြင်းက Brexit ညှိနှိုင်းသူများထံတွင် တာဝန်ရှိနေသည်။

ပြီးခဲ့သည့်သတင်းပတ်မှစ၍ UK တွင် ကိုဗစ်ထိန်းချုပ်ရန်ခက်ခဲလာပြီးသည့်နောက် ဥရောပနိုင်ငံများက အင်္ဂလန်သို့ခရီးသွားခွင့် ပိတ်ပင်မှုများပြုလုပ်လာခဲ့သည်။ လက်ရှိတွင် UK မှ အိုင်ယာလန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်နှင့် ဘယ်ဂျီယံနိုင်ငံများအားလုံးသို့ ပျံသန်းနေသည့် လေယာဉ်များရပ်နားထားသည်။

UK ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လန်ဒန်နှင့် အင်္ဂလန်အရှေ့တောင်ပိုင်းတို့တွင် ပိုမိုတင်းကြပ်သောစည်းကမ်းများပါဝင်သည့် Tier 4 level ကိုပြီးခဲ့သည့် စနေနေ့ကချမှတ်ခဲ့သည်။

UK အတွက်နောက်ထပ်အရေးကြီးသည့် အချက်တစ်ချက်မှာ ငါးဖမ်းနိုင်သည့် UK ၏ရေပြင်နယ်နိမိတ်ကိစ္စဖြစ်သည်။ ငါးဖမ်းလုပ်ငန်းက နိုင်ငံ GDP ၏ ဝ.၁% ရှိနေသောကြောင့် UK ရေပြင်နယ်နိမိတ်အရေးကိစ္စသည် အရေးပါသည့် နိုင်ငံရေးကိစ္စတရပ်ဖြစ်လာခဲ့သည်။

ယခုလကုန်အထိ ကုန်သွယ်ရေးသဘောတူညီချက်များ မရရှိပါက ဗြိတိန်စီးပွားရေးလုပ်ငန်းများက WTO (World Trade Organization) ကချမှတ်ထားသည့်စည်းမျဉ်းများအတိုင်း EU နှင့်ကုန်သွယ်မှုများ ပြုလုပ်မည်ဖြစ်သည်။ အဓိပ္ပါယ်မှာ EU နှင့် ပို့ကုန်၊ သွင်းကုန်များအားလုံးသည် WTO ကချမှတ်ပေးသည့် အခွန်နှုန်းထားများအတိုင်း လိုက်နာရမည်ဖြစ်သည်။

ကုန်သွယ်ရေးသဘောတူညီမှု မရရှိပါက ပေါင်စတာလင်သည် နောက်နှစ်လယ်တွင် တစ်ပေါင်လျှင် ၁.၂၅ ဒေါ်လာထိ ကျဆင်းနိုင်ကြောင်း ငွေကြေးကျွမ်းကျင်သူများကသတိပေးထားသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC News
Photo: Getty Images

ဆိုဗီယက်ကာလနောက်ပိုင်း ပထမဆုံး ပြည်တွင်းဖြစ်အင်ဂျင်ဖြင့် ရုရှားလေယာဉ်ပျံသန်း

ရုရှားနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စုကာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းထုတ်အင်ဂျင်ဖြင့် ခရီးသည်တင်လေယာဉ် ၁ စီးကို အင်္ဂါနေ့က စတင်ပျံသန်းခဲ့သည်။
ယခုဖြစ်ရပ်သည် လေယာဉ်ထုတ်လုပ်ရေးနယ်ပယ်ရှိ ဘိုးရင်းနှင့် အဲဘတ်စ် တို့အား စိန်ခေါ်နိုင်ရန် မျှော်လင့်ချက်ရောင်ခြည်သန်းလာသည်ဟု ဆိုနေကြသည်။
ရုရှားလုပ် PD-14 Turbo Fan အင်ဂျင် ထည့်သွင်းတည်ဆောက်ထားသော အလတ်စား MC-21 လေယာဉ်သည် ဆိုက်ဘေးရီးယား လေယာဉ်ကွင်းမှ ပျံတက်နိုင်ခဲ့သည်။

အဆိုပါလေယာဉ်သည် ၂၀၁၇ ခုနှစ် မေလ က စတင်ပျံသန်းခဲ့သော်လည်း လေယာဉ်အင်ဂျင်များမှာ အမေရိကန်ထုတ် အင်ဂျင်များဖြစ်ခဲ့သည်။
MC-21 အား ရုရှားအစိုးရပိုင် လေကြောင်းနှင့် အာကာသ၊ ကာကွယ်ရေးပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းကြီး Rostec မှ ပိုင်ဆိုင်သော United Aircraft Corporation (UAC) လက်ခွဲ Irkut Corporation က တည်ဆောက်ခဲ့သည်။
အဆိုပါ လေယာဉ်အား ၁ နာရီနှင့် ၂၅ မိနစ်ခန့်ကြာအောင် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့သည်ဟု UAC က ထုတ်ပြန်ခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စု ကာလအတွင်းကမူ ဆိုဗီယက်သည် ခရီးသည်တင်လေယာဉ်များကို အဓိက ထုတ်လုပ်နိုင်ခဲ့သူဖြစ်ပြီး ၎င်း၏ ထုတ်ကုန်များကို ပြည်တွင်းတွင်သာမက မဟာမိတ်နိုင်ငံများတွင်ပါ အသုံးပြုခဲ့ကြသည်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး နောက်ပိုင်းတွင် နာမည်ကျော်ကုမ္ပဏီကြီးများဖြစ်သည့် Tupolevs နှင့် Ilyushins တို့ အနားယူခဲ့ကြပြီး ဘိုးရင်းနှင့် အဲဘတ်စ်တို့လည်း ပိုမိုအင်အားကြီးလာခဲ့ကြသည်။

ကရင်မလင် အစိုးရသည် အနောက်နိုင်ငံများမှ တင်သွင်းကုန်များအပေါ် မှီခိုနေရခြင်းကို လျှော့ချရန် တွန်းအားပေးနေခဲ့သည်မှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပိုမိုသိသာလာခဲ့သည်။
အဆိုပါနှစ်အတွင်းက ယူကရိန်းနိုင်ငံအား ရုရှား၏ စစ်ဘက်ဆိုင်ရာကျူးကျော်မှုအပေါ် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က ဘဏ္ဍာရေးပိတ်ဆို့မှုများ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။
မော်စကိုအခြေစိုက် အာဏာပိုင်များအနေဖြင့် ၂၀၁၉ ခုနှစ်ကတည်းက MC-21 အား ဖေါက်သည်များလက်ထဲအရောက် ရောင်းချရန် စီစဉ်ခဲ့သော်လည်း အမေရိကန်၏ ဆောင်ရွက်ချက်ဖြစ်သော ကုန်ထုတ်လုပ်ရေးလုပ်ငန်းရှင်များအား ရုရှားထုတ် ပစ္စည်းများအား အစားထိုးရန်ဟူသော တားမြစ်ချက်ကြောင့် ရောင်းချရန် ရက်စွဲကို နောက်ဆုတ်ခဲ့ရသည်ဟု Rostec က ထုတ်ပြန်ခဲ့သည်။

မွမ်းမံဖန်တီးထားသော ယခုလေယာဉ်တွင် ခရီးသည်ခုံရေ ၁၃၀ မှ ၂၁၁ ခုံသို့ တိုးမြှင့်ထားပြီး U.S Pratt & Whitney PW1400G-JM အင်ဂျင်များအစား PD-14 အင်ဂျင်များဖြင့် ပြောင်းလဲတပ်ဆင်ထားသည်ဟု UAC က ပြောကြားခဲ့သည်။
လက်ရှိတွင် လေယာဉ်အမှာစာ အစီးရေ ၁၇၅ စီးရရှိထားပြီး နိုင်ငံပိုင်လေကြောင်းဖြစ်သော Aeroflot က အစီး ၅၀ မှာယူထားသည်ဟု ဆိုသည်။
သို့သော်လည်း အဆိုပါ MC-21 အော်ဒါများ ထုတ်လုပ်ပို့ဆောင်မည့်အထဲမှ ရုရှားလုပ်အင်ဂျင်မည်မျှပါဝင်မည်ဖြစ်ကြောင်း မဖေါ်ပြထားချေ။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters
Image: SimpleFlying

ခရီးသွားကဏ္ဍမြှင့်တင်ရန် ဂျပန်အစိုးရက ဒေါ်လာ ၃.၇ ဘီလျံ သုံးမည်

ဝန်ကြီးချုပ် ယိုရှီဟိဒဲ ဆူဂါ ဦးဆောင်သော ဂျပန်အစိုးရအဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ကြောင့် ထိခိုက်ခဲ့ရမှုများနှင့် ခရီးသွားကဏ္ဍကို မြှင့်တင်ရန် ယန်း ၃၈၅.၆၂ ဘီလျံ (ဒေါ်လာ ၃.၇ ဘီလျံ) ထပ်မံသုံးစွဲသွားမည်ဖြစ်ကြောင်း ယနေ့ သောကြာနေ့တွင် ကြေညာခဲ့သည်။
ယခု သတ်မှတ်လိုက်သော ဘတ်ဂျတ်ငွေအား ခရီးသွားလုပ်ငန်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အစိုးရအနေဖြင့် “Go To Travel” ဟု အမည်ပေးထားသော ခရီးသွားကဏ္ဍမြှင့်တင်ရေး အစီအစဉ်ကို နောက်ထပ် ၅ လ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

“Go To Travel” အစီအစဉ်မှာ မူလက ဇန်နဝါရီလကုန်ပိုင်း၌ ပြီးဆုံးမည်ဖြစ်သော်လည်း ကပ်ဘေးအတွင်း ထိခိုက်ခဲ့သည့် ခရီးသွားလုပ်ငန်းနယ်ပယ်အား ဆက်လက်ထောက်ပံ့ရန် ဂျပန်အစိုးရက ဆောင်ရွက်နေဦးမည်ဖြစ်သည်။
သို့ရာတွင် အချို့သော ပညာရှင်များက မကြာသေးမီရက်များအတွင်း မြင့်တက်လာသော ပြည်တွင်းကူးစက်မှုများကြောင့် ယင်းအစီအစဉ်ကို ပြစ်တင်ဝေဖန်လျက်ရှိသည်။

ရင်သွေးကို စောင့်ရှောက်နေရသည့် တဦးတည်းနေမိဘများ (Single Mom/Single Dad) များအတွက်လည်း ယန်း ၇၃.၆၉ ဘီလျံ ထောက်ပံ့ရန် ဂျပန်အစိုးရက လျာထားလျက်ရှိသည်ဟု သိရသည်။
ဂျပန်အစိုးရသည် လာမည့်နှစ် မတ်လတွင်ကုန်ဆုံးမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အရံ ရံပုံငွေ ယန်း ၁၁.၅ ထရီလျံ (၁၁,၅၀၀ ဘီလျံ ယန်း) ကို အပိုငွေအဖြစ်ထားထားကြောင်း သိရပြီး ကပ်ဘေးမကုန်ဆုံးမီတလျှောက် ထိခိုက်ဆုံးရှုံးရမှုများအတွက် သုံးစွဲသွားမည်ဖြစ်သည်။

သောကြာနေ့ က ထုတ်ပြန်ခဲ့သော အစိုးရဆုံးဖြတ်ချက်အပြီးတွင် ရံပုံငွေ ယန်း ၆.၈၉ ထရီလျံ ကျန်ရှိနေသည်။
ဂျပန်မီဒီယာ အချို့က အစိုးရအနေဖြင့် မြင့်တက်လာသော ပြည်တွင်းကူးစက်မှုများရှိနေခြင်းကို ရပ်တန့်ရန် ခရီးသွားလုပ်ငန်းများကို ထောက်ပံ့နေမှုအား ရပ်ဆိုင်းပစ်နိုင်သည်ဟု ဖေါ်ပြထားကြသည်။


အဆိုပါ သတင်းများနှင့် ပတ်သက်၍ ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးလည်းဖြစ်သူ ကဆုနိုဘု ကာတို (Katsunobu Kato) က “ထွက်နေတဲ့ သတင်းတွေက မမှန်ပါဘူး။ ကျွန်တော်တို့အနေနဲ့ သင့်လျော်တဲ့ နည်းတွေအသုံးပြုပြီး လည်ပတ်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ ကူးစက်မှုတွေကိုလည်း တဖက်က ကာကွယ်ရင်းနဲ့ပေါ့” ဟု ပြောကြားခဲ့သည်။

ကြာသပတေး ၁ ရက်တည်းတွင် ဂျပန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂,၈၄၈ ဦး ရှိခဲ့ပြီး ကပ်ဘေးစတင်သည့်အချိန်မှစ၍ တရက်တည်းအများဆုံး ကူးစက်မှုဖြစ်သည်ဟု ဆိုသည်။
ဂျပန်ရိုးရာနှစ် ကုန်ဆုံးချိန်နှင့် လာမည့် အနောက်တိုင်းပြက္ခဒိန်နှစ်၏ နှစ်သစ်ကိုကြိုဆိုမည့် အချိန်များတွင် လူအများ ထိတွေ့မှုပိုမိုများပြားကာ ကူးစက်မှုမြင့်လာမည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။

မစ္စတာ ကာတိုက “နိုင်ငံသားတွေ ပူးပေါင်းကူညီတဲ့အနေနဲ့ နှစ်ကုန်အချိန်ကို တိတ်တိတ်ဆိတ်ဆိတ်လေး ဖြတ်သန်းပေးဖို့က အရေးကြီးပါတယ်” ပြောကြားခဲ့သည်။
ဂျပန်သည် Pfizer Inc, AstraZeneca Plc, Moderna Inc ကုမ္ပဏီများထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးပေါင်း သန်း ၂၉၀ မှာယူထားပြီး ၎င်းဆေးဝါးများကို အေးခဲသိမ်းဆည်းရန် ရေခဲသေတ္တာပေါင်း အလုံး ၁၀,၅၀၀ ဝယ်ယူရန် စီစဉ်ထားသည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Kyodo News, News18
Image: Kyodo News, AP News