travel

ဆီယက်တဲနှင့် ဗန်ကူးဗားခရီးစဉ်များ စင်ကာပူလေကြောင်းလိုင်း ပြန်လည်ပျံသန်းတော့မည်

ပစိဖိတ်အနောက်မြောက်ဒေသသို့ Singapore Airlines ၏ ခရီးစဉ်များရပ်နားထားသည်မှာ ၁၂ နှစ်ခန့်ရှိပြီဖြစ်သည်။
ယခုအခါတွင်တော့ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ၏ အနောက်ဘက်ကမ်း မြို့များသို့ ၁ ပတ်လျှင် လေးကြိမ် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်သည်။
အစောဆုံးခရီးစဉ်များမှာ ဒီဇင်ဘာလ အစတွင် ဖြစ်နိုင်ကြောင်း စင်ကာပူလေကြောင်းက ထုတ်ပြန်ထားသည်။
Singapore Airlines သည် Airbus ကုမ္ပဏီထုတ် A350 လေယာဉ်ကြီးများကို အသုံးပြုသွားမည်ဖြစ်ပြီး ခရီးသည် ၂၅၃ ယောက် တင်ဆောင်နိုင်မည်ဖြစ်သည်။

Singapore Airlines (SIA) သည် လေယာဉ်လက်မှတ်အမျိုးအစားများကို
Business Class – ၄၂ ခုံ
Premium Economy Class – ၂၄ ခုံ နှင့်
Economy Class – ၁၈၇ ခုံဟူ၍ သတ်မှတ်ထားမည်ဟုဆိုသည်။

ကနေဒါ – ဗန်ကူးဗား ခရီးစဉ်သည် ၁၄ နာရီ ကြာမြင့်မည်ဖြစ်ပြီး ဗန်ကူးဗားခရီးသည်များကို လေယာဉ်မှချပြီးလျှင် ဆီယက်တဲ-တာကိုးမား နိုင်ငံတကာလေဆိပ်သို့ ဆက်လက်ထွက်ခွါမည်ဟု သိရသည်။
စင်ကာပူ – ချန်ဂီလေဆိပ်သို့ ပြန်လည်ထွက်ခွါလျှင်လည်း ဆီယက်တဲမှ ခရီးသည်များကို ဦးစွာတင်ဆောင်ပြီးမှ ကနေဒါဘက်ခြမ်း ဗန်ကူးဗားသို့ ကူးမည်ဖြစ်သည်။
ပုံမှန်အားဖြင့် ဤသို့ အရှေ့နှင့် အနောက်ကမ္ဘာခြမ်းတို့ကို သွားသည့်ခရီးစဉ်မှာ အရှေ့အာရှ၏ အဓိကမြို့တော်များဖြစ်သော တိုင်ပေ၊ တောင်ကိုးရီးယား၏ အင်ချွန်း၊ ဟောင်ကောင် သို့မဟုတ် တိုကျိုတို့သာ ဦးဆောင်နေခဲ့သည်။

ယခုနှစ်မကုန်မီတွင်မူ စင်ကာပူလေကြောင်းအနေဖြင့် ပြိုင်ဘက်များနှင့် ပြန်လည်ယှဉ်ပြိုင်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Simple Flying
Image: GCMap, BBC

ဘရာဇီးလုပ်ငန်း Embraer ကန်လေကြောင်း NetJets သို့ ဂျက်လေယာဉ် အစီး ၁၀၀ ရောင်းနိုင်ခဲ့

ဘရာဇီးလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကြီး Embraer သည် အမေရိကန်ဘီလျံနာ ဝါရင်းဘတ်ဖတ်ပိုင် ကော်ပိုရေးရှင်း Berkshire Hathaway ၏လက်အောက်ခံလုပ်ငန်းတခုဖြစ်သော NetJets လေကြောင်းကုမ္ပဏီအား Embraer Phenom 300E ဂျက်လေယာဉ် အစင်း ၁၀၀ ကို ရောင်းချရန် တနင်္လာနေ့ (ယမန်နေ့) က သဘောတူညီမှုရရှိခဲ့သည်။
အဆိုပါဂျက်လေယာဉ်များသည် ကိုဗစ်ကပ်ဘေးအတွင်း တကိုယ်ရေသုံးခရီးစဉ်များနှင့် လုပ်ငန်းအစည်းအဝေးများတက်ရောက်ရာတွင် အသုံးပြုမှုအလွန်မြင့်တက်လာခဲ့သည်။
NetJets သည် အသစ်ဝယ်ယူလိုက်သည့် ဂျက်လေယာဉ်များကို ဥရောပနှင့်အမေရိကန်ပြည်ထောင်စုရှိ လုပ်ငန်းများထဲတွင် အသုံးပြုသွားမည်ဖြစ်သည်။

ထပ်မံရောင်းချနိုင်ခဲ့သည့် ဂျက်လေယာဉ် အစီး ၁၀၀ သည် ၂၀၁၀ ပြည့်နှစ်က ၎င်းတို့လုပ်ငန်း ၂ ခုအကြား ချုပ်ဆိုခဲ့သည့် ပထမအရောင်းအဝယ်စာချုပ်၏ နောက်ဆက်တွဲ အပေါင်းလက္ခဏာဆောင်မှုလည်းဖြစ်သည်။
ထိုစဉ်က Phenom ဂျက် အစီး ၅၀ ကိုဝယ်ယူခဲ့ပြီး နောက်ထပ် လေယာဉ် ၇၅ စီးဝယ်ယူနိုင်ရန် သဘောတူညီချက်မျိုး ထည့်သွင်းချုပ်ဆိုခဲ့သည်။
ယခု ဂျက်လေယာဉ် အစီး ၁၀၀ ၏ တန်ဖိုးမှာ ဒေါ်လာ ၁.၂ ဘီလျံကျော်ရှိမည်ဟု ခန့်မှန်းထားကြသည်။

Embraer Jets

NetJets လေယာဉ်ပိုင်ဆိုင်မှုရေးရာစီမံဌာန ဒုဥက္ကဌ ဒေါက်ဟန်နာဘယ်ရီ (Doug Henneberry) က “Embraer Phenom 300E တွေဟာ NetJets ရဲ့ အစိတ်အပိုင်းလို တသားတည်ဖြစ်နေတာ နှစ်ပေါင်းတော်တော်ကြာပါပြီ။ ခုမှာယူလိုက်တဲ့ ဂျက်လေယာဉ်တွေနဲ့ ကျွန်တော်တို့ရဲ့ ဖေါက်သည်တွေ၊ ပိုင်ရှင်တွေကို ဘယ်သူနဲ့မှမတူတဲ့ အတွေ့အကြုံသစ်တွေ ပေးသွားမှာပါ။ Embraer နဲ့အတူတည်ဆောက်ထားတဲ့ စီးပွားဖက်ဖြစ်မှုကိုလည်း ဆက်လက်တည်မြဲသွားဖို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

ဘရာဇီးလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကြီးသည် အမေရိကန်လေကြောင်းများနှင့် လက်တွဲရာတွင်အခြေအနေကောင်းလျက်ရှိသည်။
အမေရိကန်ပြည်ထောင်စု၊ ယူတားအခြေစိုက် SkyWest လေကြောင်းသည်လည်း Embraer E175 ဂျက်လေယာဉ် ၂၄ စီး မှာယူထားရာ အဆိုပါလေယာဉ်များကို တင်ပို့နိုင်ရန် Brazilian Development Bank (BNDES) ကဘဏ္ဍာရေးဆိုင်ရာထောက်ပံ့မှုများ ပြုလုပ်သွားဦးမည်ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, US Money News, Asian Aviation, AviatonPROs
Image: REUTERS/Paulo Whitaker, Embraer

အော့ကလန်လော့ဒေါင်းကြောင့် နယူးဇီလန်လေကြောင်း ရုန်းကန်နေရ

ဩစတေးလျနယ်စပ်ဖြတ်ကျော်ခွင့်ပြန်ဖွင့်လျှင် ခရီးသွားလုပ်ငန်းတဟုန်ထိုးတိုးတက်မည်ဆိုသည်ကိုလည်း သံသယရှိ

Air New Zealand သည် ၎င်း၏ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဝန်ဆောင်မှုပေးနိုင်သည့်ပမာဏ၏ ၃ ပုံ ၁ ပုံ ထက်ပင်လျော့နည်းသော အရေအတွက်ဖြင့် ပြေးဆွဲနေရသည်။
နယူးဇီလန်၏အကြီးဆုံးမြို့ဖြစ်သော အော့ကလန်အား ကိုဗစ်-၁၉ ကြောင့် အသွားအလာကန့်သတ်သည့် လော့ဒေါင်းချထားသည်မှာ ရက် ၅၀ ကျော်လာခဲ့ပြီဖြစ်သည်။
Auckland နှင့် Waikato မြို့၏ နေရာအတော်များများအား သတိပြုရန်အဆင့် ၃ အဖြစ် အစိုးရက သတ်မှတ်ထားသည်။

ထို့ပြင် ဩစတေးလျနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ခွင့်များ ပြန်လည်ခွင့်ပြုမည့်အချိန်တွင် စီးပွားရေးလုပ်ငန်းများ လည်ပတ်လာပြီး ခရီးသွားလာမှု တဟုန်ထိုးပြန်လည်မြင့်တက်မည်ဆိုသော Travel Bubble ယူဆမှုများအား ယုံကြည်မှုနည်း၍ သံသယရှိနေသည်ဟု Air New Zealand ၏ အမှုဆောင်အရာရှိချုပ်က ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။

“ကျွန်တော်တို့က အော့ကလန်မြို့ကလွဲလို့ တခြားနေရာတွေမှာပဲ ၁၀၀% အလုပ်လုပ်နေရပါတယ်။ အဆင်ပြေတဲ့ လုပ်ငန်းလည်ပတ်မှုဆိုပေမယ့် အော့ကလန်က ပြည်တွင်းလေကြောင်းခရီးရဲ့ ၃ ပုံ ၂ ပုံ စာ ကွန်ယက်ဆက်သွယ်နေတဲ့ မြို့ပါ။ အဲ့တော့ Auckland ကို ချန်ထားရတဲ့အခါ လုပ်ငန်းအပေါ် ထိခိုက်မှုက တော်တော်လေး များပါတယ်” ဟု အမှုဆောင်အရာရှိ ဂရက်ဖိုရန် (Greg Foran) က ဆိုသည်။

လေကြောင်းလိုင်းသည် အော့ကလန်မြို့အား လော့ဒေါင်းစတင်ချသည့်အချိန်မှစ၍ တလလျှင် နယူဇီလန်ဒေါ်လာ ၂၅ သန်းမျှ ဆုံးရှုံးနေသည်ဟု ဆိုသည်။
ပစိဖတ်ဒေသရှိ ကျွန်းနိုင်ငံငယ်ကလေးသည် ပြီးခဲ့သည် ကပ်ဘေးတလျှောက်လုံး ကိုဗစ် ကူးစက်မှု သုညအထိ လျှော့ချနိုင်ခဲ့သည့် နိုင်ငံများထဲတွင် အပါအဝင်ဖြစ်ခဲ့သည်။
သို့သော်လည်း မျိုးဗီဇကွဲ အသစ် ဒယ်တာ ပေါ်လာပြီးနောက်ပိုင်း ဩဂုတ်လလယ်ခန့်မှစ၍ ကူးစက်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည်။

ယင်းမတိုင်ခင်က ကပ်လျက်အိမ်နီးချင်း ဩစတေးလျနှင့် လေကြောင်းခရီး အနည်းငယ်အလုပ်ဖြစ်နေပြီး ကိုဗစ် ဒယ်တာ ဝင်လာချိန်မှစ၍ လေကြောင်းလိုင်းသည် နယူဇီလန်ဒေါ်လာ သန်း ၂၀ မှ ၂၅ သန်း အထိ လစဉ်ထိခိုက်ခဲ့သည်။
ကုမ္ပဏီသည် ဇွန်လ ၃၀ တွင်ကုန်ဆုံးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွက် ဝင်ငွေပိုင်းနှင့်ပတ်သက်သော ညွှန်ကြားချက်များကို စိန်ခေါ်မှုများရှိနေသော ဈေးကွက်အခြေအနေကြောင့် ယာယီဆိုင်းငံ့ထားသည်ဟု သိရသည်။

(ကန် ၁ ဒေါ်လာ လျှင် နယူဇီလန် ၁.၄၄၅၃ ဒေါ်လာ ပေါက်ဈေးရှိနေသည်။)

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Money US News, COVID19 Government NZ, The Conversation
Image: An Air New Zealand passenger jet taxis at Sydney’s airport September 17, 2001. Mark Baker/File PhotoREUTERS

အိန္ဒိယ IPO တွင် လုပ်ငန်းတန်ဖိုး ဒေါ်လာ ၁၂ ဘီလျံသတ်မှတ်ခံရရန် Oyo ရည်ရွယ်

Multinational Conglomerate အဆင့်ရှိ ဂျပန်လုပ်ငန်း SoftBank Group ၏ ငွေရေးကြေးရေးရင်းနှီးမြှုပ်နှံမှု ကျောထောက်နောက်ခံရထားသည့် အိန္ဒိယ၊ Gurgaon အခြေစိုက် OYO Rooms (OYO Hotels and Homes) လုပ်ငန်းသည် အများပြည်သူသို့ ရှယ်ယာထုတ်မရောင်းရသေးသည့် Private လုပ်ငန်း တခုဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ဟိုတယ်နှင့် အိမ်ခန်းငှားရမ်းခြင်းများကို လုပ်ကိုင်နေသော OYO သည် ရှယ်ယာများ စတင်ထုတ်ရောင်းမည့် Initial Public Offering(IPO) ကို စဉ်းစားနေပြီး စစချင်း အချိန်တွင် လုပ်ငန်းတန်ဖိုး ဒေါ်လာ ၁၀ ဘီလျံ မှ ၁၂ ဘီလျံအကြား သတ်မှတ်ခံရရန်ကြိုးစားနေသည်ဟု သိရသည်။

OYO ကုမ္ပဏီအား ရှယ်ယာများထုတ်ရောင်းရန် ဂျပန်လုပ်ငန်း SoftBank Group က ကပ်ဘေးမတိုင်မီ ၂၀၁၉ ကတည်းက မျှော်လင့်ခဲ့ဖူးသည်။
ယခုအချိန်တွင် ခရီးသွားလာရေးလုပ်ငန်းများနှင့် အားလပ်ရက်အပျော်ခရီးစဉ်များအတွက် ကပ်ဘေးစည်းမျဉ်းသတ်မှတ်ချက်များကို ဖြေလျှော့ပေးလာသည်ဖြစ်ရာ ရှယ်ယာထုတ်ရောင်းရေး IPO ကို ပြန်လည်း စဉ်းစားလာနေသည်။

ဟိုတယ်အခန်းများငှားသည့် OYO သည် Oravel Stays အမည်ဖြင့် လုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်ပြီး ရှယ်ယာထုတ်ရောင်းရန် တင်ပြရသော IPO စာရွက်စာတမ်းများထဲတွင် လုပ်ငန်းသည် ကော်ပိုးရေးရှင်းအဖြစ်ပြောင်းပြီးနောက်ပိုင်း အရှုံးပေါ်နေသည်ဟု ဆိုသည်။
ကုမ္ပဏီအနေဖြင့် IPO တင်ရန် စတင်စဉ်းစားသည့် ၂၀၁၉ နောက်ပိုင်း ကပ်ဘေး ထိခိုက်မှုများကြောင့် အမြတ်ရရှိရန် နှောင့်နှေးနေရခြင်းဖြစ်သည်ဟုလည်း သိရသည်။

မတ်လ ၂၀၂၁ တွင် အဆုံးသတ်သော ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ကုမ္ပဏီသည် ရူပီး ၃၃.၈၂ ဘီလျံ ဆုံးရှုံးခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် ၂၀၂၀ တွင်မူ ရူပီး ၁၀၅.၈၆ ဘီလျံအထိ ဆုံးရှုံးမှု ရှိခဲ့သည်။
အိန္ဒိယတွင် ရှယ်ယာဈေးကွက်တိုးတက်နေမှုများ ရှိလာနေပြီး ၂၀၁၃ တွင် စတင်တည်ထောင်ခဲ့သော OYO သည်လည်း ရှယ်ယာဈေးကွက်အတွင်း ဝင်ရောက်ရန် ကြိုးစားနေသော အိန္ဒိယနည်းပညာနှီးနွယ်လုပ်ငန်း ၃၀ တွင် တခု အပါအဝင်ဖြစ်လာခဲ့သည်။
အစားအသောက်ပို့ဆောင်သောလုပ်ငန်း Zomato ၊ တရုတ်အလီဘာဘာလုပ်ငန်းကြီး၏ ဘဏ္ဍာရေးလုပ်ငန်းခွဲ Ant Group ကျောထောက်နောက်ခံရှိသည့် Paytm နှင့် အွန်လိုင်းအလှကုန်ရောင်းဝယ်ရေး Nykaa တို့သည်လည်း ယခုနှစ်အတွင်း ရှယ်ယာဈေးကွက်အရာင်းတင် စာရင်းဝင်ရန် ပြုလုပ်ခဲ့သည်။

OYO သည် ၎င်း၏ ပြိုင်ဘက် Zostel နှင့် လွန်ခဲ့သော ၆ နှစ်ခန့်က လုပ်ငန်းပူးပေါင်းခြင်းဆိုင်ရာ ဥပဒေကိစ္စများအတွက်လည်း ယခုအခါတရားရင်ဆိုင်နေရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, The Economic Times: India Times
Image: TheEconomicTimes:IndiaTimes

အဲအေးရှားလေကြောင်း ဒုတိယ ၃ လပတ်ဆုံးရှုံးမှု ဒေါ်လာ ၅.၈၈ ဘီလျံရှိ

မလေးရှားအခြေစိုက် ဘတ်ဂျတ်လေကြောင်းလိုင်းကြီး Air Asia သည် ယခုနှစ် ဧပြီ-ဇွန် ၃ လပတ်ကာလတွင် ကပ်ဘေးကြောင့် ဆုံးရှုံးနစ်နာမှု ဒေါ်လာ ၅.၈၈ ဘီလျံ ရှိခဲ့သည်ဟု တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။
ယင်းပမာဏမှာ ယခင်နှစ်ကာလအတူ အချိန်ကဖြစ်ပေါ်ခဲ့သော ဆုံးရှုံးမှုထက် ၈ ဆမျှ ပိုမိုမြင့်တက်လာသည်ဟု သိရသည်။
တဆက်တည်းမှာပင် ကပ်ဘေးကာလအတွင်း ၉ လ ဆက်တိုက် အရှုံးပေါ်နေခြင်းလည်း ဖြစ်သည်ဟု AirAsia Group Bhd က ကြေညာခဲ့သည်။

လေကြောင်းလိုင်းသည် အကြွေးလျာထားချက်ကို ဒေါ်လာ ဘီလျံများစွာသတ်မှတ်ထားခဲ့ပြီး ယင်းကပင် ပျံသန်းရေးအတွက် လုပ်ငန်းလည်ပတ်စရိတ်ကို ပိုမိုမြင့်တက်စေခဲ့သည်။
လေကြောင်းလိုင်း၏ဝင်ငွေသည်လည်း ၂၀.၉% ကျဆင်းကာ မလေးရှား ရင်းဂစ် ၇၂.၃ သန်းသာ ရရှိခဲ့သည်။

ကုမ္ပဏီသည် ပျံသန်းမည့် လေယာဉ်အရေအတွက်ကို လျှော့ချလိုနေပြီး စရိတ်သက်သာရေးအတွက် ပိုလျှံနေသော လေယာဉ်များကို အငှားကုမ္ပဏီများသို့ ပြန်အပ်လိုနေသည်။
အနာဂတ်အတွက် လေယာဉ်ငှားရမ်းမှုစာချုပ်များကိုလည်း ပြန်လည် ပြင်ဆင်လိုနေပြီး သက်ဆိုင်ရာ အငှားကုမ္ပဏီများနှင့် ဆွေးနွေးရန် စီစဉ်နေသည်ဟု သိရသည်။
အကြွေးများနှင့် ပတ်သက်၍ ကုမ္ပဏီဖွဲ့စည်းပုံပြင်ဆင်ရာတွင် ကုန်ကျမည့် မလေးရှားရင်းဂစ် ၆၄.၁၅ ဘီလျံ အား ပင်မချေးငွေ ရင်းဂစ် ဘီလျံ ၂၀၀ ထဲသို့ ပေါင်းစည်းရန်လည်း အဆိုပြုထားသည်ဟု ကုမ္ပဏီက ထုတ်ပြန်ခဲ့ပြီး ဆွေးနွေးမှုများ အဆင်ပြေနေသည်ဟု ဆိုသည်။

ကုမ္ပဏီသည် ဘဏ္ဍာရေးနှစ်အား ဇန်နဝါရီမှ ဒီဇင်ဘာအကုန် အထိ သတ်မှတ်ထားခြင်းမှ ဇွန် ၃၀ အား ဘဏ္ဍာရေးနှစ်ကုန်ဆုံးရက်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Money US News, The Edge Markets, Deal Street Asia, ASEAN Now, Investopedia
Image: AirAsia Newsroom

ကိုဗစ်ကူးစက်မှုမြင့်တက်နေသော်လည်း”Vaccinated Travel Lane”စင်ကာပူဖွင့်လှစ်

စင်ကာပူအစိုးရက နိုင်ငံစီးပွားရေးပြန်လည်တိုးတက်လာစေရန်ရည်ရွယ်၍ ခရီးသွားစည်းမျဉ်းအသစ် “vaccinated travel lane”  ကိုဗစ်ကာကွယ်ဆေးအပြည့်အစုံထိုးနှံပြီးသူများအား ကွာရန်တင်းဝင်စရာမလိုပဲ နိုင်ငံအတွင်းသို့ဝင်၊ထွက်ခွင့်ကို ဗုဒ္ဓဟူးနေ့ကဖွင့်လှစ်ပေးခဲ့သည်။

လက်ရှိတွင် တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်အပါအဝင် ကိုဗစ်ကူးစက်မှုနည်းပါးသောနိုင်ငံများမှ ခရီးသွားများမှာ ကွာရန်တင်းဝင်ရန်မလိုပေ။ သို့သော် အခြားနိုင်ငံများအား ဆေးထိုးနှံပြီးလျှင်လည်း ကွာရန်တင်း ၁ပတ် (သို့မဟုတ်) ၂ ပတ်ဝင်ရမည်ဟု စည်းကမ်းထုတ်ထားသည်။

အသစ်ထုတ်လိုက်သည့် “Vaccinated Travel Lane” မှာ ဂျာမနီ၊ ဥရောပနှင့် ဘရူနိုင်း ခရီးသွားများအတွက် အကြုံးဝင်မည်ဖြစ်သည်။ ဂျာမနီသံရုံးစာရင်းအရ စင်ကာပူတွင် ဂျာမန်ကုမ္ပဏီ ၂၀၀၀ နီးပါးရှိပြီး ဂျာမန်လူမျိုး ၈၀၀၀ နီးပါးနေထိုင်လျက်ရှိသည်။ Semiconductor ထုတ်လုပ်သူ Infineon Technologies ၏ရုံးချုပ်မှာ စင်ကာပူတွင်တည်ရှိနေပြီး နှစ်နိုင်ငံအကြား business travel များကို လာမည့် ၃လအတွင်း အချင်းချင်းဖြေလျှော့ပေးနိုင်ရန် မျှော်လင့်လျက်ရှိသည်။

သို့သော် စင်ကာပူတွင် နေထိုင်သူ ၈၀% မှာ ကိုဗစ်ဆေးအပြည့်အဝထိုးနှံပြီးဖြစ်သော်လည်း ကိုဗစ်ကူးစက်မှုများမှာ မြင့်တက်လျက်ရှိနေသည်။ ထို့အကြောင့်အစိုးရက ကူးစက်စေနိုင်သည့် အပြုအမူများ၊ လူစုလူဝေးအခမ်းအနားများ၊ လုပ်ငန်းခွင်တွင် လူအချင်းချင်းထိတွေ့မှုများကို နောက်ထပ်၂ ပတ်မပြုလုပ်ရန် ပြည်သူများကို တိုက်တွန်းထားသည်။

Source: Nikkei Asia
Photo: Getty Images

Ryanair လေကြောင်းလိုင်း ဩဂုတ်လတွင် ခရီးသည် ၁၁.၁ သန်းရရှိခဲ့

အိုင်ယာလန်၊ ဒဗ္ဗလင်အခြေစိုက် ကမ္ဘာ့အကြီးဆုံး ဘတ်ဂျတ်လေကြောင်းလိုင်း Ryanair သည် ဩဂုတ်လအတွင်း ခရီးသည်ပေါင်း ၁၁.၁ သန်း ရရှိခဲ့သည်ဟု ယမန်နေ့ ကြာသပတေးနေ့က ကြေညာခဲ့သည်။
အမှုဆောင်အရာရှိချုပ် မိုက်ကယ် အိုလာရီ (Michael O’Leary) က ယခုနှစ် ဩဂုတ်လအတွက် ကုမ္ပဏီက ရည်မှန်းထားသည့် ခရီးသည်ပမာဏမှာ ၁၀.၅ သန်း ဖြစ်သည်ဟု ဆိုသည်။

ဩဂုတ်လအတွင်း ခရီးသည်ခုံရရှိမှုမှာ ၈၂% အထိ ရှိခဲ့ရာ လေယာဉ် ၁ စီးလျှင် ခုံအလွတ် ပျမ်းမျှ ၁၈% ခန့်သာ ရှိခဲ့သည်။
လေကြောင်းလိုင်းအနေဖြင့် ယုံကြည်မှုမြင့်မားနေပြီး လာမည့် အောက်တိုဘာလတွင် ကပ်ဘေးမတိုင်မီအခြေအနေသို့ ပြန်လည်ရောက်ရှိသင့်သည်ဟု မိုက်ကယ်အိုလာရီက ဆိုသည်။

လေကြောင်းလိုင်းသည် ကပ်ဘေးမတိုင်မီက လေယာဉ် ၁ စင်းလျှင် ခရီးသည်မရရှိသော ခုံ ၇% – ၈% သာ ရှိခဲ့သည်။
ယခုနှစ် ၂၀၂၁ ထဲတွင် လက်ရှိအချိန်အထိ ကုမ္ပဏီ၏ ဝင်ငွေ ယူရို ၁.၆၃၆ ဘီလျံခန့် ရရှိနေသည်။
Ryanair သည် လေယာဉ်မှူး အယောက် ၂,၀၀၀ ခန့်အပ်သွားမည်ဟု မကြာသေးခင်က ကြေညာထားသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း သာမန် ဘိုးရင်း ၇၃၇ လေယာဉ်များထက် ခရီးသည်ပိုမိုဆန့်သည့် ဘိုးရင်း 737 MAX 8-200 ကို ပထမဆုံးအကြိမ် အော်ဒါလက်ခံရရှိခဲ့သည်။
Ryanair သည် ကပ်ဘေးဖြစ်သည့် ၂၀၂၀ မှ စတင်ကာ 737 MAX 8-200 များကို စတင်မှာယူနေပြီး ယခုနှစ် ၂၀၂၁ တွင်လည်း ဆက်လက်မှာယူနေကာ 737 MAX 8-200 စုစုပေါင်း အစီးရေ ၂၁၀ ဝယ်ယူသွားဦးမည်ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, SimplyFlying, Corporate.Ryanair
Image: Forbes

စရိတ်အကြီးအကျယ်ကုန်မည့်ကာလရောက်ပြီဟု ဗြိတိသျှလေကြောင်းသတိပေး

ကပ်ဘေးအခြေအနေကြောင့် ကမ္ဘာတဝှမ်းလေကြောင်းလိုင်းကြီးများသည် ဝန်ထမ်းများအား လစာမဲ့ခွင့်ဖြင့် အနားယူစေခြင်းနှင့် ဝန်ထမ်းလျှော့ချခြင်းများကို ၂၀၂၀ အတွင်း ဆက်တိုက်ပြုလုပ်ခဲ့ရသည်။
ခရီးသွားလာမှုလုံးဝရပ်ဆိုင်းခဲ့သည့် ကပ်ဘေးကာလတွင် ဝန်ထမ်းလျှော့ချခြင်းနှင့် လေယာဉ်များရောင်းထုတ်ခြင်း ပြုလုပ်သည့်တိုင် ဒေဝါလီခံခဲ့ရသည့် လေကြောင်းလိုင်းများလည်း ရှိခဲ့သည်။
ဗြိတိသျှလေကြောင်း – British Airways ၏ လစာမဲ့ခွင့်ဖြင့် ဝန်ထမ်းများကိုရပ်နားထားသော အစီအစဉ်သည် လာမည့် စက်တင်ဘာလတွင် ပြီးဆုံးမည်ဖြစ်ရာ လက်ရှိ ခရီးသွားလာမှုအနေအထားနှင့် အဆင်မပြေနိုင်တော့ပေ။

ဝန်ထမ်းများအတွက်ထုတ်ပြန်သော သတိပေးစာတွင် ယခုပြေးဆွဲနေသည့်ခရီးစဉ်များနှင့် ဝန်ထမ်းလစာပေးချေရန် မလုံလောက်ကြောင်း ဖေါ်ပြခဲ့သည်။
ဤပြဿနာအား ယာယီဟု British Airways အနေဖြင့် ယုံကြည်ချင်သော်လည်း အမှန်တကယ်အရေးတကြီးဖြေရှင်းရမည့်ကိစ္စဖြစ်နေသည်။
ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့တွင် ဗြိတိန်အစိုးရမှ လေကြောင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ်ပေးမည်အထင်နှင့် British Airways – BA သည် ၎င်း၏ ဝန်ထမ်းများကို အနားပေးထားရမှ ပြန်လည်ခေါ်ယူခဲ့သည်။
သို့သော်လည်း ဗြိတိန်အစိုးရက မီးစိမ်းပြ ခွင့်ပြုသော နိုင်ငံစာရင်းမှ အနည်းငယ်သာဖြစ်ခဲ့သည်။

ကိုဗစ်ကပ်ဘေးကြောင့် BA သည် ၂၀၂၀ ခုနှစ်အတွင်း ဝန်ထမ်း ၁၂,၀၀၀ အထိ လျှော့ချမည်ဟု ကြေညာခဲ့ဖူးသည်။
ကုမ္ပဏီသည် ကပ်ဘေးစတင်သည့်အချိန်မှစ၍ အစိုးရထံမှ ကူညီထောက်ပံ့ငွေ ပေါင် ၇ ဘီလျံအထိ ရရှိခဲ့သည်။
Iberia လေကြောင်းလိုင်း၊ Aer Lingus လေကြောင်း တို့ကိုလည်း ပိုင်ဆိုင်သည့် ဗြိတိသျှလေကြောင်းသည် ယခုနှစ်အတွင်း ဇွန်လကုန်အထိ ပေါင် ၁.၇ ဘီလျံမျှ စီးပွားရေးထိခိုက်မှုရှိခဲ့ကြောင်း ကြေညာထားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Centre For Aviation, iair group
Image: EPA

Qantas လေကြောင်း ကပ်ဘေးကြောင့်ထိခိုက်မှု ကြီးမားနေဆဲဖြစ်

ဩစတေးလျအခြေစိုက် Qantas လေကြောင်းလိုင်းသည် ကိုရိုနာဗိုင်းရပ်ကပ်ဘေးကြောင့် စီးပွားရေးထိခိုက်နေဆဲဖြစ်ကြောင်း ဆုံးရှုံးမှုပမာဏကို ထုတ်ပြန်ခဲ့သည်။
ကုမ္ပဏီသည် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆုံးရှုံးမှု ဒေါ်လာ ၁.၇၃ ဘီလျံ အထိ ရှိခဲ့သည်ဟု ကြေညာခဲ့သည်။

အဆိုပါပမာဏမှာ ယမန်နှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆုံးရှုံးခဲ့သော ဒေါ်လာ ၁.၉၆ ဘီလျံနှင့် ယှဉ်လျှင် အနည်းငယ်သက်သာသည်ဟု ပြောနိုင်သည်။
ယခင် ဘဏ္ဍာရေးနှစ်မှာ ကပ်ဘေးကာလ အဆိုးဆုံးအခြေအနေဖြစ်ခဲ့ပြီး လေကြောင်းလိုင်းအနေဖြင့် ဆုံးရှုံးမှု သက်သာစေရန် စရိတ်လျှော့ချခြင်း၊ ဝန်ထမ်းများအား အလုပ်မှရပ်နားခြင်း စသည်တို့ကို အကြီးအကျယ်ပြုလုပ်ခဲ့ရသည်။
ကပ်ဘေးကြောင့် ကမ္ဘာတဝှမ်းစီးပွားရေးထိခိုက်ရာတွင် လေကြောင်းလိုင်းအားလုံးမှာ အဆိုးဆုံးအခြေအနေဖြစ်ခဲ့ပြီး နိုင်ငံဖြတ်ကျော်ခရီးစဉ်များ ရပ်နားခဲ့သည်။
ဩစတေးလျသည် Zero Cast Strategy ကိုဗစ် ကူးစက်မှု လုံးဝမရှိစေရန် ဆောင်ရွက်သော၊ စည်းမျဉ်းများ ပြင်းပြင်းထန်ထန်ထုတ်ပြန်သည့် နိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။

နောက်ပိုင်းမှသာ ဩစတေးလျနှင့် အနီးဆုံး နယူးဇီလန်သို့ လေယာဉ်အပြန်အလှန် ပျံသန်းခွင့်ပြုခဲ့ရာ Qantas အနေဖြင့် ကူကယ်ရာ ကောက်ရိုးတမျှင် ရရှိခဲ့သည်။
ယခုနှစ် ခရစ်စမတ်ကာလအား Qantas အနေဖြင့် အကောင်းမြင်ကာ မျှော်လင့်လျက်ရှိသည်။
လေကြောင်း၏ အမှုဆောင်အရာရှိချုပ် Alan Joyce က “နိုင်ငံတကာကို ပျံသန်းဖို့ကိစ္စက အစိုးရအပေါ် လုံးဝမူတည်နေပါတယ်။ စီးပွားရေးပြန်ဖွင့်လှစ်လိုက်ရင် ဘာပြဿနာတွေ ရှုပ်ထွေးလာမလဲဆိုတာကို ကျွန်တော်တို့အနေနဲ့ ကြိုပြင်ထားရမှာပါ” ဟု ပြောကြားခဲ့သည်။

“တချို့လူတွေက ကျွန်တော်တို့ကို အရမ်းအကောင်းမြင်လွန်းနေတယ်လို့ထင်ကြမှာပါ။ ဒါပေမယ့် ကာကွယ်ဆေးထိုးနေတဲ့ အပေါ် အခြေတည်ပြီး စဉ်းစားနေတာပါ။ ကျွန်တော်တို့ အဆင့်သင့်ဖြစ်ပြီဆိုတာ သေချာသလောက်ရှိပြီဆိုတဲ့ အခြေအနေရောက်နေပါပြီ” ဟု သူက ဆိုသည်။
နိုင်ငံတကာခရီးစဉ်များအတွက် Qantas စီစဉ်ထားသည့် ကနဦး လမ်းကြောင်းများမှာ စင်ကာပူ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ တို့ပါဝင်ပြီး နယူးဇီလန်နှင့် ခရီးစဉ်များလည်း ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်လျက်ရှိသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: ABC Australia, BBC Business
Image: Simple Flying

Dubai Expo တွင် အစ္စရေးနှင့် ဒေါ်လာ သန်း ၇၀၀ ဖိုးအထိကုန်သွယ်နိုင်ရန် UAE ခန့်မှန်း

ပြီးခဲ့သည့်နှစ်တွင် အာရပ်စော်ဘွားပြည်ထောင်စု (UAE) နှင့် အစ္စရေးတို့အကြား ပဋိပက္ခများရပ်တန့်ကာ ပုံမှန်အတိုင်း သံတမန်ရေးရာနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
မကြာမီအချိန်အတွင်း ကျင်းပတော့မည့် Dubai Expo တွင် အာရပ်စော်ဘွားပြည်ထောင်စုအနေဖြင့် ပြည်ပဧည့်သည်တော်ပေါင်း ၂၅ သန်းအထိ လာရောက်လည်ပတ်ရန်၊ ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုရန်၊ လုပ်ငန်းများနိုင်ငံတကာသို့ ချဲ့ထွင်ရန် စသော ရည်မှန်းချက်များကို ချမှတ်ထားသည်။

ဒူဘိုင်းအိတ်စ်ပို (Dubai Expo) ပွဲတော်သည် ၅ နှစ် ၁ ကြိမ် ကျင်းပပြီး ယခုနှစ်တွင် အောက်တိုဘာလမှ ၂၀၂၂ မတ်လအထိ ၆ လကြာမြင့်မည်ဖြစ်သည်။
UAE နှင့် အစ္စရေးတို့အကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၇၁၂ သန်းအထိ ရှိမည်ဟု ခန့်မှန်းတွက်ချက်ထားကြသည်။
ယင်းပမာဏမှာ ပြီးခဲ့သည့် ၂၀၁၉ တနှစ်တည်းတွင်ပင် UAE မှ ဆော်ဒီအာရေးဘီးယားသို့ တင်ပို့ကုန် တန်ဖိုး ဒေါ်လာ ၂၄ ဘီလျံအထိ ရှိခဲ့မှုနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးသည်။
သို့သော်လည်း အစ္စရေး အစိုးရက UAE နှင့် ကုန်သွယ်မှုမှာ နှစ်ကုန်တွင် ဒေါ်လာ ၁ ဘီလျံအထိ ရောက်ရှိလာမည်ဟု ဆိုသည်။

အစ္စရေးအစိုးရက ၎င်း၏ Twitter အကောင့်တွင် အာရပ်ဘာသာစကားဖြင့် “၃ နှစ်အတွင်း ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၃ ဘီလျံအထိ မြင့်တက်လာရန် ရည်ရွယ်ထားသည်” ဟု ရေးသားခဲ့သည်။
သမ္မတဟောင်းဒေါ်နယ်ထရမ့်လက်ထက်တွင် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အစ္စရေးတို့အကြား ကာလရှည်ပဋိပက္ခဖြစ်ပွားမှုများ အဆုံးသတ်ရန် ကြားဝင်ညှိနှိုင်းပေးခဲ့သည်။
အာရပ်စော်ဘွားပြည်ထောင်စု – UAE, ဘာရိန်းနှင့် အစ္စရေးတို့အကြား အဆင်ပြေခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို ဆူဒန်၊ မော်ရိုကိုနိုင်ငံများလည်း သဘောတူညီမှု ရရှိလာခဲ့သည်။

UAE နှင့် အစ္စရေးတို့အကြား ကုန်သွယ်မှုကြီးများကို ဖြစ်စေသော အရာများမှာ ပင်လယ်ကွေ့တလျှောက် ကုန်စည်စီးဆင်းမှု၊ ပြည်ပတင်ပို့ကုန်အသီးသီးအတွက် ကုန်စည်များ၊ သင်္ဘောနှင့် လေယာဉ်များ ကုန်ဖလှယ်ခြင်း၌ ဆုံမှတ်ဖြစ်မှု စသည်တို့က အဓိကကျပြီး ပလပ်စတစ်ပစ္စည်းများ၊ အီလက်ထရွန်းနစ်၊ ကားပစ္စည်းများနှင့် ကျောက်မျက်ရတနာကုန်သွယ်မှုတို့က ဦးဆောင်နေသည်။
၂ နိုင်ငံစလုံးသည် GDP တန်ဖိုး ဒေါ်လာ ၄၀၀ ဘီလျံ ဝန်းကျင်တွင် ရှိနေကြပြီး သမိုင်းဝင်သဘောတူညီချက်များဖြင့် စီးပွားရေးတိုးတက်မှု နည်းလမ်းအသစ်များကို ရှာဖွေလိုနေသည်။

ငြိမ်းချမ်းရေးဟု ခေါ်ဆိုရန်ထက် ပြန်လည်သင့်မြတ်ရေး – Normalisation ဟူသော ဝေါဟာရက ပိုမိုသင့်လျော်သော်လည်း အမေရိကန်အစိုးရ ပွဲစားအဖြစ်ဝင်ရောက် ညှိနှိုင်းပေးခဲ့မှုက အရေးပါခဲ့သည်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုဘယ်ဆုပင် ရနိုင်ကြောင်း ပြောဆိုမှုများ ရှိခဲ့သေးသည်။
လာမည့် နွေရာသီတွင် UAE နှင့် အစ္စရေးတို့အကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် – Free Trade Agreement များပင် ရရှိရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အစ္စရေး အစိုးရက ကြေညာခဲ့သည်။

အစ္စရေးနှင့် အရှေ့အလယ်ပိုင်းအင်အာကြီးနိုင်ငံ တခုတို့အကြား အပေါင်းလက္ခဏာဆောင်သော ကုန်စည်စီးဆင်းမှုနှင့် စီးပွားရေးတွဲဖက်လုပ်ကိုင်မှုတို့ ဖြစ်လာခဲ့သလို အစ္စရေးဘက်မှလည်း အာရပ်စော်ဘွားပြည်ထောင်စုသို့ ခေတ်မီဆက်သွယ်ရေးနည်းပညာနှင့် စက်ပစ္စည်းများကိုပါ ရောင်းချလာနေရသည်။
ကမ္ဘာ့အကြီးဆုံး စီးပွားရေးပွဲတော်ကြီး Dubai Expo တွင် အာရပ်ကမ္ဘာ၌ ဦးဆောင်သူဖြစ်ရန် ကြိုးစားနေသည့် UAE တို့၏ အကောင်အထည်ဖေါ်နေမှုများကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမည်ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Expo2020Dubai, Reuters Business, BBC Business, MAPPR
Image: Tripx Tours, The Star, Gulf Business