travel

ကမ္ဘာ့ပထမဆုံး ဘတ်စ်-ရထား ဂျပန်တွင်စတင်ပြေးဆွဲ

DMV (dual-mode vehicle) ဟုခေါ်သည့် ဘတ်စ်ကား-ရထား ယာဉ်ပုံစံနှစ်မျိုးပြောင်းမောင်းနှင်နိုင်သော ကမ္ဘာ့ပထမဆုံး DMV ကိုဂျပန်နိုင်ငံ တိုကူရှီးမားမြို့တွင် ပထမဆုံးစတင်ပြေးဆွဲခဲ့သည်။

ဘတ်စ်ကားပုံစံတည်ဆောက်ထားသည့် ယင်းDMV မှာပုံမှန်ကားလမ်းပေါ်တွင် မောင်းနှင်နိုင်ပြီး ရထားလမ်းသို့ရောက်ရှိချိန်တွင် ယာဉ်၏အောက်ခြေမှ ရထားသံလမ်းပေါ်မောင်းနှင်နိုင်သည့် စတီးဘီးများထွက်ပေါ်လာကာ သံလမ်းပေါ်တွင် ရထားကဲ့သို့ကောင်းမွန်စွာ ဆက်လက်မောင်းနှင်နိုင်မည်ဖြစ်သည်။

ဘတ်စ်-ရထား စတင်ပြေးဆွဲသည့် Asa Coast Railway ကုမ္ပဏီ၏ CEO က ယင်းယာဉ်ငယ်မှာ သက်ကြီးရွယ်အိုများပြားပြီး လူဦးရေကျဆင်း၍ သယ်ယူပို့ဆောင်ရေးကုမ္ပဏီများက အမြတ်ဝင်ငွေ ရရှိရန်ခက်ခဲနေသည့် Kaiyo ကဲ့သို့မြို့ငယ်များအတွက် ထိရောက်စွာ ကူညီပေးနိုင်လိမ့်မည်ဟုဆိုသည်။

ဘတ်စ်-ရထားသည် ခရီးသည် ၂၁ ဦးလိုက်ပါနိုင်ပြီး ရထားသံလမ်းပေါ်တွင် တနာရီလျှင် ၆၀ ကီလိုမီတာမောင်နှင်နိုင်ပြီး ကားလမ်းပေါ်တွင် ကီလိုမီတာ ၁၀၀ အထိ မောင်းနှင်နိုင်ကြောင်း Asa Coast Railway ကဆိုသည်။ ဒီဇယ်လောင်စာဖြင့် မောင်းနှင်သည့် DMV ကို ဂျပန်နိုင်ငံတောင်ဖက် Shikoku ကမ်းရိုးတန်းမှ အခြားအထင်ကရဆိပ်ကမ်းမြို့ငယ်များစွာသို့ ဆက်သွယ်ထားသည်။ ဘတ်စ်-ရထားအား ဂျပန်သို့လာရောက်လည်ပတ်ရာတွင် ရထားဖြင့်သွားရောက်ခရီးထွက်လိုသူများအတွက်လည်း ဆွဲဆောင်မှုတခုဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း CEO ဖြစ်သူ Shigeki Miura ကဆိုသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNN Business
Photo: G

အင်ဒိုနီးရှားက ဗြိတိန်၊ နော်ဝေနှင့် ဒိန်းမတ်ခရီးသွားများကို တားမြစ်စာရင်းသွင်း

COVID-19 ကူးစက်မှုပြန်လည်မြင့်တက်လာသည့် UK ၊ နော်ဝေနှင့် ဒိန်းမတ်တို့မှ ခရီးသွားများ ဝင်ရောက်လာခြင်းကို အင်ဒိုနီးရှားက တားမြစ်လိုက်သည်။
အဆိုပါဥရောပထိပ်သီးနိုင်ငံများတွင် မျိုးဗီဇသစ် အိုမီခရွန် – Omicron ပျံ့နှံ့မှုအလွန်မြင့်မားလာခြင်းကြောင့် အရှေ့တောင်အာရှနိုင်ငံက ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ဟောင်ကောင်ကိုမူ တားမြစ်ထားသည့် စာရင်းမှ ပယ်ဖျက်လိုက်သည်ဟု ဝန်ကြီးတဦးက တနင်္လာနေ့ (ယနေ့) တွင် ကြေညာခဲ့သည်။

ဝန်ကြီး Luhut Binsar Panjaitan က အင်ဒိုနီးရှားတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပထမဆုံး Omicron ကူးစက်သူကို တွေ့ရှိပြီးနောက် ကြိုတင်သတိထားကာကွယ်သည့် အနေဖြင့် ယခုကဲ့သို့ ဝင်ခွင့်တားမြစ်သည့် နိုင်ငံစာရင်းကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒိန်းမတ်နိုင်ငံတွင် Omicron ကူးစက်မှုသစ်များသည့် ၂ ရက်လျှင် ကူးစက်မှု ၂ ဆခန့် မြင့်တက်လာလျက်ရှိသည်ဟု Statens Serum Institute မှ Troels Lillebaek က ဆိုသည်။
Omicron ကူးစက်ခံရသည့် လူနာများ၏ ၇၅% မှာ ကာကွယ်ဆေးထိုးပြီးသူများ ဖြစ်ပြီး ၉% မှာ တတိယအကြိမ်အဖြစ် ထပ်မံထိုးသော Booster Shot ပင် ထိုးနှံပြီးသူများဖြစ်သည်ဟု ဆိုသည်။

ဗြိတိန်တွင် ဒီဇင်ဘာ ၁၆ ရက်နေ့ ၁ ရက်တည်းတွင် ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၈၈,၃၇၆ ဦးရှိခဲ့ပြီး အိုမီခရွန်မျိုးကွဲသစ်ကူးစက်သူမှာ ၁၆၉၁ ယောက်ရှိလာခဲ့သည်။
ဗြိတိန်တွင် အိုမီခရွန်ကူးစက်သူအရေအတွက်မှာ ၁၂,၀၀၀ ကျော်ရှိလာနေပြီဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters, ITV, Center for Infestious Disease Research and Policy – University of Minnesota
Image: Reuters

ခရီးသွားမြင့်တက်နိုင်ဖွယ်ရှိ၍ American Airlines က ဝန်ထမ်း ၁၈,၀၀၀ ခေါ်ယူမည်

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ Fort Worth အခြေစိုက် လေကြောင်းလိုင်း American Airlines သည် လာမည့် ၂၀၂၂ တွင် လေကြောင်းမှခရီးသွားများ ပြန်လည်တိုးတက်လာဖွယ်ရှိခြင်းကြောင့် ကမ္ဘာတဝှမ်းရှိ ၎င်းတို့ရုံးခွဲများရှိရာနေရာများတွင် ဝန်ထမ်း ၁၈,၀၀၀ ကို ခေါ်ယူသွားရန် စီစဉ်နေသည်။
ကန်အစိုးရက အကူအညီပေး ထောက်ပံ့မှုများပြုလုပ်ခဲ့သော်လည်း ခရီးစဉ်များ ဖျက်သိမ်းခြင်း၊ ကမောက်ကမဖြစ်ခြင်းနှင့် ဝန်ထမ်းရေးရာပြဿနာများ ပေါ်ပေါက်နေမှုများအတွက် လွှတ်တော်ကော်မတီ၊ ရှေ့နေနှင့် တရားသူကြီးများထံ လေကြောင်းလိုင်း၏ အမှုဆောင်ချုပ် Doug Parker အနေဖြင့် ဖြေရှင်းချက်လည်း ပေးရမည့်အချိန်တွင် ယခုအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဥပဒေရေးရာမှ ဆိုင်ရာအရာရှိများနှင့် တွေ့ဆုံဖြေရှင်းရမည့် အမှုဆောင်ချုပ်များမှာ American Airlines တခုတည်းမဟုတ်ပဲ United Airlines, Southwest Airlines, Delta Airlines တို့လည်း ပါဝင်သည်ဟု ဆိုသည်။
ကန်အစိုးရသည် လေကြောင်းလိုင်းကဏ္ဍသို့ ဒေါ်လာ ၅၄ ဘီလျံခန့် ကူညီထောက်ပံ့ခဲ့သည်။

American Airlines နှင့် Southwest Airlines တို့သည် ခရီးစဉ်ရာနှင့်ချီကို ဖျက်သိမ်းခဲ့ခြင်းများပြုလုပ်ခဲ့သည်။
ဝန်ထမ်းမလုံလောက်ခြင်း၊ ရာသီဥတုဆိုးရွားခြင်းများကြောင့် ရုန်းကန်ခဲ့ရသည်ဟု စီအန်ဘီစီက ဖေါ်ပြထားခဲ့သည်။

ကပ်ဘေးကာလအတွင်း လေကြောင်းလိုင်းများသည် စရိတ်များသက်သာစေရန် အလုပ်သမားနှင့် ဝန်ထမ်းများအား ၎င်းတို့ ဆန္ဒအလျောက် နှုတ်ထွက်ကြရန်လည်းကောင်း၊ လစာမဲ့ခွင့် ယူကြရန်လည်းကောင်း တိုက်တွန်းခဲ့ကြသည်။
American Airlines တွင် ဝန်ထမ်းစုစုပေါင်း ၁၃၃,၀၀၀ ကျော် ရှိပြီး ယခုနှစ် ၂၀၂၁ အတွင်း ဝန်ထမ်း ၁၆,၀၀၀ ကျော် ကို ခေါ်ယူခဲ့သည်။
ကပ်ဘေးအတွင်း လေကြောင်းလိုင်းများအားလုံး ဆုံးရှုံးမှုများသာ ရှိခဲ့ခြင်းက ဝန်ထမ်းထုတ်ပယ်ခြင်းများသာ အကြိမ်ကြိမ်ဖြစ်ပွားစေခဲ့သည်။

အမှုဆောင်ချုပ် ဒေါ့ပါကားက “ကျွန်တော်တို့အနေနဲ့ ဒီလို အပေါင်းလက္ခဏာဆောင်တဲ့ အရှိန်လေးကို လာမယ့်နှစ်အထိ ဆက်ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။ နောက်ထပ် ဝန်ထမ်း ၁၈,၀၀၀ ထပ်ပြီး ခန့်ထားဖို့လည်း ရည်မှန်းချက် ချထားပါတယ်” ဟု ပြောကြားခဲ့သည်။

အခြားလေကြောင်းလိုင်းဖြစ်သော Southwest Airlines သည်လည်း ယခုနှစ်အတွင်း ဝန်ထမ်း ၅၀၀၀ ခေါ်ယူခဲ့သလို လာမည့်နှစ်တွင် ဝန်ထမ်း ၈၀၀၀ ခေါ်ယူမည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, AA – American Airlines
Image: WSJ

ကပ်ဘေးကာလ လေကြောင်းပျံသန်းရန် အိန္ဒိယနှင့် ဩစတေးလျ သဘောတူလက်မှတ်ထိုး

အိန္ဒိယသည် ကပ်ဘေးအတွင်း လေကြောင်းလိုင်း အပြန်အလှန်ပျံသန်းခွင့် ယာယီစံမံမှု – Air Bubble Agreement ကို ဩစတေးလျနိုင်ငံနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
ပုံမှန်အားဖြင့် နိုင်ငံတကာလေကြောင်းပျံသန်းခွင့်များကို လာမည့် ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်နေ့အထိ ဆိုင်းငံ့ထားဦးမည်ဖြစ်ဖြစ်သည်ဟု အိန္ဒိယ လေကြောင်းစီမံခန့်ခွဲရေး DGCA က ထုတ်ပြန်ထားသည်။
ယခု သဘောတူညီချက်ကြောင့် နိုင်ငံ ၁ ဖက်စီမှ ခရီးသွားလာခွင့်ရသည့် ပြည်သူများအားလုံး ၂ နိုင်ငံအကြား ကပ်ဘေးအတွင်း သွားရောက်နိုင်မည်ဖြစ်သည်။

နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ပိတ်ထားသော်လည်း ကုန်တင်လေယာဉ်များနှင့် ကုန်စည်သယ်ဆောင်သောလေကြောင်းများမှာမူ သတ်မှတ်ထားသော နိုင်ငံများအကြား ဆက်လက်ပြေးဆွဲနေမည်ဖြစ်သည်။
မကြာသေးမီက ဩစတေးလျလေကြောင်းလိုင်း ကန်းတက် – Qantas သည် အိန္ဒိယသို့ ပျံသန်းမှု နှစ်ပေါင်းများစွာ ရပ်တန့်ထားခဲ့ရာမှ ဆစ်ဒနီနှင့် နယူးဒေလီအကြား ပြန်လည် ပြေးဆွဲခဲ့သည်။
Qantas သည် နယူးဒေလီနှင့် နောက်ထပ် ဩစတေးလျမြို့ကြီးဖြစ်သော မဲဘုန်းတို့အကြားကိုလည်း ခရစ်စမတ်မတိုင်မီ စတင်ပျံသန်းမည်ဖြစ်သည်။

အိန္ဒိယနှင့် ဩစတေးလျအကြား ပျံသန်းရန် အိန္ဒိယ၏ Air India ခရီးစဉ်များလည်း မကြာမီရက်များအတွင်း ပြန်လည် စတင်မည်ဟု အကြီးတန်းအရာရှိတဦးကလည်း ပြောကြားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: LiveMint, India, Directorate General of Civil Aviation – DGCA
Image: Ricky’s Memories

လုပ်ငန်းကိစ္စဖြင့်လာရောက်မည့် US များအတွက် စည်းမျဉ်းများကို တရုတ်ဖြေလျှော့

တရုတ်နိုင်ငံသည် အမေရိကန်မှ လုပ်ငန်းကိစ္စဖြင့် လာရောက်မည့် ခရီးသွား ဧည့်သည်များအတွက် ခွင့်ပြုချက်ရရက်ကိစ္စအား ၁၀ ရက်အတွင်း ရရှိရန် ဖြေလျှော့ပေးတော့မည်ဟု ကန်နိုင်ငံဆိုင်ရာတရုတ်သံအမတ် Qing Gang က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသို့ ဇွန်လ ၂၈ တွင် စတင်ရောက်ရှိ တာဝန်ထမ်းဆောင်နေသော သံအမတ် ကျင်းကန် (Qing Gang) သည် ကန်-တရုတ်စီးပွားရေးကောင်စီမှ ပြုလုပ်သည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး ကိုဗစ်ရောဂါပိုးစစ်ဆေးခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ပိုမိုအဆင်ပြေအောင် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်ပြည်သို့ ဝင်လာသည့် ကန်အမှုဆောင်အရာရှိများအား အသွားအလာကန့်သတ်ခြင်း – Quarantine ဝင်နေစဉ် အလုပ်လုပ်ခွင့်ပြုမည်ဟုလည်း ဆိုသည်။
ဘေဂျင်းအစိုးရသည် သမ္မတ ရှီကျင့်ဖင်၏ ညွှန်ကြားချက်ဖြစ်သော ခရီးသွားလာရေးကိစ္စများ လျင်မြန်စွာဆောင်ရွက်ပေးနိုင်ရေးအချက်အား လက်ခံဆောင်ရွက်နေကြောင်း သံအမတ်ကဆိုသည်။
သမ္မတရှီဤသို့ညွှန်ကြားခဲ့ခြင်းမှာလည်း ပြီးခဲ့သည့်လက ရှီနှင့် ကန်သမ္မတဂျိုးဘိုင်ဒင်တို့ အင်တာနက်မှတဆင့်တွေ့ဆုံရာတွင် ကန်သမ္မတက စီးပွားရေးဆိုင်ရာ ခရီးသွားမှုများကို ပြန်လည်ခွင့်ပြုပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြင်ဆင်ချက်များအရ ခရီးသွားအနေဖြင့် ဝင်ရောက်သွားလာရန် စစ်ဆေးချိန်နှင့် ခွင့်ပြုချက်ချပေးရန် အချိန် ပိုမိုတိုတောင်းသွားမည်ဖြစ်ပြီး ၁၀ ရက်အတွင်း ရရှိတော့မည်ဖြစ်သည်။
ဘေဂျင်းအစိုးရသည် အမေရိကန်ပြည်ထောင်စု၏ ရောဂါထိန်းချုပ်ရေးဌာန U.S CDC နှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို အကြောင်းကြားတော့မည်ဟု တရုတ်သံအမတ်ကဆိုသည်။

ထို့အပြင် ဘေဂျင်းအစိုးရက တောင်းဆိုထားသည့် သမ္မတ ထရမ့်လက်ထက်က ချမှတ်ထားသော တရုတ်တင်သွင်းကုန်များအပေါ် အခွန်ထပ်မံကောက်ခံခြင်းများကို ပယ်ဖျက်ပေးရန်ကိစ္စကိုလည်း ဝါရှင်တန်အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။
တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်ရေးကဏ္ဍတို့တွင် ပိုမိုအားကောင်းအောင် ပူးပေါင်းဆောင်ရွက်သွားကြရန် တရုတ်သံအမတ်က တောင်းဆိုခဲ့သည်။

တရုတ်သံအမတ်မှတဆင့် ခရီးသွားလာရေးအပြောင်းအလဲများကို ကြားသိရပြီးနောက် ယင်းတို့ကို ကြိုဆိုကြောင်း ဘိုးရင်းကုမ္ပဏီ၏ Chief Strategy Officer မာ့အယ်လန် (Marc Allen) က ပြောကြားခဲ့သည်။
၂ နှစ်နီးပါးမျှ ပြန်သန်းခွင့်ရပ်ဆိုင်းခဲ့ရသော ဘိုးရင်း 737 MAX မော်ဒယ်များကို တရုတ်လေကြောင်းအာဏာပိုင်များက စစ်ဆေးပြီးနောက် ပြည်မကြီးအတွင်း ပြန်လည်ပြန်သန်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters
Image: REUTERS/Brian Snyder

ဘိုးရင်း 737 MAX များပျံသန်းခွင့် တောင်ကိုးရီးယားပြန်လည်ခွင့်ပြုမည်

တောင်ကိုးရီးယားနိုင်ငံ၏ ပို့ဆောင်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်နေ့ (တနင်္လာနေ့) မှ စတင်၍ Boeing 737 MAX လေယာဉ်များအား နိုင်ငံအတွင်း ပြန်လည်ပျံသန်းခွင့်ပြုတော့မည်ဟု သောကြာနေ့ကကြေညာခဲ့သည်။
၂၀၁၉ ခုနှစ်အတွင်း အင်ဒိုနီးရှားနှင့် အီသီယိုးပီးယားတို့တွင် လူအသေအပျောက်များရှိခဲ့သည့် Boeing 737 MAX လေယာဉ်ပျက်ကျမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်တွင် အဆိုပါမော်ဒယ်များကို မြေပြင်တွင်သာ ရပ်နားထားခဲ့ရသည်။

တောင်ကိုးရီးယား၏ မြေယာ၊ အခြေခံအဆောက်အဦနှင့်ပို့ဆောင်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် Boeing 737 MAX လေယာဉ်များ၏ ပျံသန်းမှုအချက်အလက်များနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးလုပ်ဆောင်ချက်များကို ၂၀၂၀ နှောင်းပိုင်းမှစ၍ စောင့်ကြည့်နေခဲ့ကြောင်း၊ ယခုအခါတွင် ဘိုးရင်း ၇၃၇ များအား ပြန်လည် ပြေးဆွဲခွင့်ပြုရန် ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း ပါရှိသည်။

အခြား အာရှ-ပစိဖိတ်နိုင်ငံများဖြစ်သော စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ ဂျပန်၊ ဩစတေးလျနှင့် ဖီဂျီတို့သည်လည်း Boeing 737 MAX အမျိုးအစားအား ပြန်လည်ခွင့်ပြုသည့် နိုင်ငံများတွင် ပါဝင်လာခဲ့သည်။

တောင်ကိုးရီးယားဝန်ကြီးဌာနသည် Airworthiness ဟု ခေါ်ဆိုသည့် လေယာဉ်ပျံသန်းရန်အတွက် သင့်တော်မတော် စစ်ဆေးတိုင်းတာမှုများကို အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် လမ်းညွှန်မှုများ ပေးနေကြောင်းနှင့် လေယာဉ်မောင်း၏ ပညာရပ်ပိုင်းဆိုင်ရာနှင့် သင်တန်းကိစ္စများကို နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးခြင်းများကို ဆက်လက်လုပ်ဆောင်နေမည်ဟု သိရသည်။

အာရှ-ပစိဖိတ်နိုင်ငံများတွင် စင်ကာပူသည် ဘိုးရင်း 737 MAX များအား ပြန်လည်ခွင့်ပြုသည့် နောက်ဆုံးနိုင်ငံလည်း ဖြစ်လာခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters, EuroNews, FlightGlobal
Image: Korean Air

ကပ်ဘေးကြောင့် အာရှ ၅ နိုင်ငံ၏ ခရီးသွားအလုပ်အကိုင် ၁.၆ သန်း ဆုံးရှုံး

ကိုရိုနာဗိုင်းရပ်ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်းပြိုလဲခဲ့ခြင်းက အာရှတိုက်ရှိ နိုင်ငံ ၅ နိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ပေါင်း ၁.၆ သန်းကို ဆုံးရှုံးစေခဲ့သည်ဟု နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း ILO အချက်အလက်များအရသိရသည်။
ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်းနှင့် မွန်ဂိုလီးယားတို့တွင် ခရီးသွားကဏ္ဍ၏ ၃ ပုံ ၁ ပုံ ခန့်ရှိ အလုပ်နေရာများလျော့ကျခဲ့သည်ဟု ကုလအေဂျင်စီက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်သော အလုပ်ဆုံးရှုံးရမှုများသည် အခြားနယ်ပယ်များထက် ၄ ဆ ပိုမိုများပြားခဲ့ပြီး အထူးသဖြင့် အမျိုးသမီးများမှာ ပိုမို ထိခိုက်ခံခဲ့ရသည်ဟု ထုတ်ပြန်ချက် – Report တွင် ပါရှိသည်။
ဘရူနိုင်းတွင် အလုပ်အကိုင် ၄၀% ခန့် ကျဆင်းပြီး ပျမ်းမျှ အလုပ်ချိန်သည်လည်း ၂၁% ခန့် လျော့နည်းသွားခဲ့သည်။

ထိုင်းနိုင်ငံသည် ခရီးသွားလာရေးကဏ္ဍမှ နိုင်ငံ့ကုန်ထုတ်လုပ်နိုင်စွမ်းအား GDP ၏ ၂၀% ခန့်အထိ ရှာဖွေနိုင်သော နိုင်ငံဖြစ်ခဲ့သော်လည်း ကပ်ဘေးအတွင်း ပျမ်းမျှလုပ်ခ ၉.၅% ကျဆင်းခဲ့သည်။
မွန်ဂိုလီးယားတွင် အလုပ်အကိုင် ၁၇% ကျဆင်း၍ ပျမ်းမျှ အလုပ်ချိန်လည်း ၁၃% အသီးသီးကျဆင်းခဲ့သည်။

၎င်းတို့ထဲတွင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ အဆိုးဆုံးခံစားရသူမှာ ဖိလစ်ပိုင်ဖြစ်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၏ ခရီးသွားကဏ္ဍမှာ ၃၀% ကျဆင်းခဲ့ပြီး ဒေသတွင်းတွင် အမြင့်ဆုံးဖြစ်သည်ဟု PhilStar Global က ဖေါ်ပြခဲ့သည်။

ILO က ထုတ်ပြန်သည့် Report တွင် အာရှ ၅ နိုင်ငံ၏ ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်သော အလုပ်အကိုင်ပေးထားနိုင်မှုမှာ ၁၂.၉ သန်း အထိ ရှိသည်။
အဆိုးဆုံးကြုံရသည့် ဖိလစ်ပိုင်တွင် ပျမ်းမျှအလုပ်ချိန်လျော့ကျမှုမှာ ၃၈% အထိရှိခဲ့သည်။
အလုပ်ချိန် ၁ ပတ်လျှင် သုည နာရီ သို့မဟုတ် လုံးဝအလုပ်မရှိတော့ခြင်းကို ကြုံတွေ့ရသည့် အလုပ်သမားဦးရေမှာ ၇၇၅,၀၀၀ ယောက်အထိရှိလာနေသည်ဟု ဆိုသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: PhilStar Global, Al Jazeera, ILO
Image: GreenBiz, Shutterstock

ခရစ်စမတ်အမီ Ryanair လက်မှတ်ခများ ဈေးလျှော့မည်

ဥရောပမှထွက်ခဲ့သည့် ဗြိတိန်သားများ ရှယ်ယာပိုင်ဆိုင်ခွင့်ရမည်မဟုတ်

ကမ္ဘာ့အကြီးဆုံးဘတ်ဂျက်လေကြောင်းလိုင်းဖြစ်သည့် အိုင်ယာလန်အခြေစိုက် Ryanair သည် ဆောင်းရာသီလေကြောင်းလက်မှတ်ခများကို လျှော့ချပြီး ဝယ်လိုအားတက်လာရန်စီစဉ်ထားကြောင်း တနင်္လာနေ့က ကြေညာခဲ့သည်။
ကုမ္ပဏီသည် အများနည်းတူ ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်းအားလုံးထိခိုက်ရသည့်အထဲတွင် ပါဝင်ခဲ့ပြီး ပထမဆုံး အမြတ်ပြသော ၃ လပတ်ကာလကို ရရှိခဲ့သည်။
၂၀၂၁ နှစ်ဝက်တွင် လေကြောင်းလိုင်းသည် ဝင်ငွေ ယူရို ၂.၂ ဘီလျံ ရရှိခဲ့ပြီး ယခင်နှစ်ထက်စာလျှင် ၈၃% ပိုမိုတိုးတက်ခဲ့ခြင်းဖြစ်ကာ ခရီးသည်အရေအတွက်အားဖြင့် ၂ ဆကျော် တိုးတက်ခဲ့သည်။

Ryanair သည် ဥရောပမှထွက်ခွါခဲ့သည့် ဗြိတိန်အခြေအနေကြောင့် ၎င်း၏ရှယ်ယာဝေစုများကို ဗြိတိန်နိုင်ငံသားများပိုင်ဆိုင်ခြင်းမှ တားမြစ်ခြင်းစည်မျဉ်းအား ဆက်လက်ထားရှိသွားမည်ဖြစ်သည်။
ထို့အတွက်ကြောင့် လန်ဒန်စတော့အိတ်ချိန်းပေါ်တွင် အရောင်းတင်ထားသော Ryanair ၏ ရှယ်ယာများကို ကုမ္ပဏီအနေဖြင့်ပြန်လည်နုတ်ယူရမည်ဖြစ်သည်။

ယခုနှစ် ပထမနှစ်ဝက်တွင် အမြတ်အစွန်းအပေါင်းလက္ခဏာဆောင်ခဲ့သော်လည်း နှစ်ကုန်တွင်မူ အခွန်အခများနှင့် စရိတ်အရပ်ရပ်ကြောင့် ကုမ္ပဏီသည် လိုငွေ ယူရို သန်း ၁၀၀ မှ သန်း ၂၀၀ အထိ ရှိနေဦးမည်ဟု ဆိုသည်။
လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် မိုက်ကယ်အိုလာရီ (Michael O’Leary) က ကုမ္ပဏီ၏ရှယ်ယာများအား နိုင်ငံခြားသားပိုင်ဆိုင်မှု စည်းမျဉ်းများအရ လန်ဒန်အိတ်ချိန်းမှ ၂၀၂၂ တွင် အပြီးထွက်ခွါရမည်ဟု ဘီဘီစီ ရေဒီယိုသို့ပြောကြားခဲ့သည်။
ဥရောပ-ဗြိတိန်လမ်းခွဲအပြီး ထွက်ပေါ်လာသောစည်းမျဉ်းများအရ ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်တော့သော ဗြိတိန်ကဲ့သို့ နိုင်ငံသားရှယ်ယာဝင်များအား မဲပေးခွင့်ကို ပယ်ဖျက်ထားပြီးဖြစ်သည်ဟု ဆိုသည်။
ကုမ္ပဏီ၏ ရှယ်ယာ ၄၅% သည် အမေရိကတွင် ရှိနေသည်။
အဆိုပါပိုင်ဆိုင်မှုကိန်းဂဏန်းများအား ဥရောပနိုင်ငံသားများပါဝင်နေသော ပိုင်ဆိုင်မှုများနှင့် ထိန်းညှိရန် လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: The Guardian, Yahoo Finance, UK, BBC Business
Image: Forbes

နိုင်ငံခြားသားဧည့်သည်များ မလေးရှားသို့ နိုဝင်ဘာတွင် ပြန်လည် လည်ပတ်နိုင်မည်

နိုင်ငံခြားသားခရီးသွားများအတွက် နယ်စပ်ဖြတ်ကျော်ဂိတ်များနှင့် ခရီးသွားလာရေးလုပ်ငန်းများကို နိုဝင်ဘာတွင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးတော့မည်ဟု မလေးရှားခရီးသွားရေး၊ အနုပညာနှင့်ဓလေ့ရိုးရာဝန်ကြီးဌာနမှ ဝန်ကြီး နန်စီရှုခရီ (Nancy Shukri) က ကြေညာခဲ့သည်။
သူမသည် လာမည့်သီတင်းပတ်တွင် စင်ကာပူရှိအာဏာပိုင်များနှင့်တွေ့ဆုံကာ ၂ နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ခရီးသွားလာရေးကိစ္စများကို ဆွေးနွေးမည်ဟု စီအန်ဘီစီသို့ ပြောကြားခဲ့သည်။
မလေးရှားအနေဖြင့် စင်ကာပူဘက်က ပြန်လည်ဖွင့်လှစ်ပေးမှုများရှိနေသ၍ ၎င်းတို့ကလည်း နယ်စပ်ဂိတ်များဖွင့်လှစ်ထားမည်ဖြစ်ကြောင်း မစ္စ နန်စီက ဆိုသည်။

ကပ်ဘေးမတိုင်မီက မလေးရှား-စင်ကာပူ နယ်စပ်ဂိတ်တွင် ဖြတ်သန်းသွားလာသူ ၁ ရက်လျှင် ၃ သိန်းကျော် ပမာဏရှိသည်။
လက်ရှိ ကပ်ဘေးဖြစ်ပွားနေချိန်တွင် မလေးရှားတွင် အလုပ်လုပ်နေသော စင်ကာပူနိုင်ငံသားများနှင့် စင်ကာပူတွင် အလုပ်လုပ်နေသော မလေးရှားနိုင်ငံသားများသည် ၂ နိုင်ငံ၏ သဘောတူညီချက်ဖြင့် ဖြတ်သန်းသွားလာခွင့်ရှိနေပြီး Periodic Commuting Arrangement ဟုခေါ်ဆိုကာ လိုက်နာရမည့်စည်းကမ်းချက်များကိုလည်း သတ်မှတ်ထားသည်။

အဆိုပါသဘောတူညီချက်မှလွဲ၍ မလေးရှားနိုင်ငံအတွင်းသို့ နိုင်ငံသားများဖြစ်သူများကိုသာ ဝင်ရောက်ခွင့်ပေးထားပြီး နိုင်ငံခြားသားများတွင် သံတမန်ပတ်စ်ပို့ကိုင်ဆောင်ထားသူများကိုသာ ခွင့်ပြုနေသည်။
သို့သော်လည်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ခွင့်ပြုချက်ရရှိသူများလည်း ခြွင်းချက်အနေဖြင့် ဝင်ခွင့်ရနိုင်သည်။

မလေးရှားခရီးသွားလာရေးဝန်ကြီးဌာနက ကာကွယ်ဆေးအပြည့်အဝထိုးပြီးသော နိုင်ငံခြားသားများကို လန်ကာဝီကျွန်းကဲ့သို့ အလည်အပတ်နေရာများကို လာမည့်လတွင် သွားလာခွင့်ပြုတော့မည်ဟု မစ္စနန်စီက ပြောကြားခဲ့သည်။
လန်ကာဝီကျွန်းသည် ကာကွယ်ဆေးထိုးပြီးသော ပြည်တွင်းခရီးသွားများကို ပြီးခဲ့သည့်လမှ စ၍ အလည်အပတ်လက်ခံခဲ့ပြီး ခရီးသွားလာသူ ၁၂၈,၀၀၀ ကျော်အထိ ရှိခဲ့ပြီဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business
Image: Panorama Destination

ကိုဗစ်ကူးစက်နှုန်းမြင့်တက်မှုကြောင့် ဗြိတိန်၊ ဂျာမဏီနှင့် နယ်သာလန်လေယာဉ်ခရီးစဉ်များကို မော်ရိုကိုတားမြစ်

ဥရောပတိုက်နှင့်အနီးဆုံးအကွာအဝေးတွင်ရှိသော မြောက်အာဖရိကနိုင်ငံ မော်ရိုကိုသည် COVID-19 ကူးစက်နှုန်းပြန်လည်မြင့်တက်လာသော ဗြိတိန်၊ ဂျာမဏီ၊ နယ်သာလန်တို့မှ လေယာဉ်ခရီးစဉ်များကို ပိတ်ပင်လိုက်သည်။
ယခုအမိန့်ထုတ်ပြန်ချက်ကို မော်ရိုကိုအစိုးရက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးက ကြေညာထားသလို တားမြစ်ပိတ်ပင်မှုသည် ပြီးခဲ့သည့် သန်းခေါင်ယံ (အောက်တိုဘာ ၂၀ ရက်ညလယ်) တွင် စတင်သက်ရောက်ခဲ့သည်။
နာမည်ကျော် Casablanca မြို့အပါအဝင် လည်ပတ်စရာ အလှအပများစုံလင်သည့် မော်ရိုကိုသို့ ဆောင်းအဝင်မိသားစုခရီးစဉ်များစွာ လေယာဉ်လက်မှတ်ဖြတ်ထားခြင်းမျိုးများရှိရာ ယခုအမိန့်ကြောင့် ထိခိုက်နစ်နာမည်ဖြစ်သည်။

ဗြိတိန်တွင် ပြီးခဲ့သည့် အင်္ဂါနေ့ ၁ ရက်တည်းတွင်ပင် ကူးစက်သူ အသစ် အရေအတွက် ၄၃,၇၈၈ ယောက်ရှိခဲ့သည်။
၇ ရက်ဆက်တိုက် ကူးစက်သူအသစ်ဦးရေ ၄ သောင်းနှင့် အထက် နေ့စဉ်ရှိနေခြင်းလည်းဖြစ်သည်။

ဂျာမဏီတွင်လည်း ပြီးခဲ့သည့် ၇ ရက်အတွင်း လူဦးရေ ၁ သိန်းလျှင် ကူးစက်သူပျမ်းမျှအရေအတွက် ၂၈၀ ယောက်ခန့်ရှိနေသည်။
နယ်သာလန်တွင်မူ လူ ၁ သိန်းလျှင် ကူးစက်သူ ၁၄၈ ယောက်ခန့်အထိ ပြန်လည် မြင့်တက်လာသည်။
ဗြိတိန်လေကြောင်းခရီးစဉ်များကို ပိတ်သိမ်းရသည့် ရည်ရွယ်ချက်မှာ သိသာသော်လည်း ဂျာမဏီနှင့် နယ်သာလန်တို့ကိုပါ စာရင်းသွင်းထားခြင်းအကြောင်းအရင်းမှာ မရှင်းလင်းသေးချ။

မော်ရိုကိုသည် ယခုလအစောပိုင်းက လူဦးရေ ၁ သိန်းတွင် ကူးစက်သူ ၁၆၁ ယောက်နှုန်းရှိသည့် ရုရှားကိုလည်း ခရီးသွားလက်ခံခြင်းမှ ပိတ်ပင်ခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: iNews UK, The Independent, BBC Business
Image: Gettyimages