India

iPhone 14 ကို အိန္ဒိယတွင် ပိုမိုထုတ်လုပ်မည်ဖြစ်ကြောင်း Apple အရိပ်အမြွက်ပြောကြား

iPhone ထုတ်လုပ်ခြင်းကို တရုတ်အပေါ် မှီခိုနေရခြင်းအား လျှော့ချရန်အတွက် ယခုမော်ဒယ်အသစ်ဖြစ်သော iPhone 14 ကို အိန္ဒိယတွင် ပိုမိုထုတ်လုပ်ရန် စီစဉ်နေကြောင်း Apple က ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ iPhone ထုတ်လုပ်မှု၏ အဓိကနေရာမှာ တရုတ်မှာပင် ရှိနေသေးသော်လည်း တရုတ်၏ ဇီရိုးကိုဗစ် ပေါ်လစီနှင့် ထိုင်ဝမ်အရေးအခင်းကြောင့် အမေရိကန်နှင့် တရုတ်အကြား တင်းမာမှု မြင့်တက်နေခြင်းက Apple ကို စိုးရိမ်စိတ်မြင့်တက်စေခဲ့သည်။

Apple သည် iPhone 14 ရှေ့က မော်ဒယ်များကို အိန္ဒိတောင်ပိုင်း တမီလ်နာဒူတွင်ရှိသော ထိုင်ဝမ် ချစ်ပ်ပြားကုမ္ပဏီ Foxconn၏ စက်ရုံမှ အစိတ်အပိုင်းများဖြင့် ထုတ်လုပ်ခဲ့ဖူးပြီး ထိုစဉ်က တရုတ်တွင် မော်ဒယ်အသစ်ထုတ်လုပ်မှုများ စတင်ပြီး အတော်ကြာမှ ထုတ်လုပ်ခြင်းဖြစ်သည်။

သို့သော် ယခုကဲ့သို့ iPhone 14 ထွက်ရှိပြီး မကြာသေးခင် ကာလမှာပင် ကြေငြာချက် ထွက်ပေါ်လာခြင်းကြောင့် အိန္ဒိယတွင် iPhone 14 ထုတ်လုပ်မှု လုပ်ငန်းစဉ်သည် ယခင်မော်ဒယ်များထက်စောပြီး စတင်ဖွယ်ရှိကြောင်း ဈေးကွက်သုတေသီများက သုံးသပ်သည်။

ယမန်နှစ်က အိန္ဒိယတွင် iPhone အလုံးရေ ၇.၅ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး တကမ္ဘာလုံးရှိ iPhone ထုတ်လုပ်မှု၏ ၃ ရာခိုင်နှုန်းရှိကာ ယခင်နှစ်များအတွင်း Apple ၏ ထုတ်လုပ်မှု လက်တံကို အိန္ဒိယသို့ ဖြန့်ထုတ်နိုင်ခဲ့ခြင်း၏ ရလဒ်ဖြစ်ကြောင်း လေ့လာသူများကဆိုသည်။

Apple ၏ အဆိုပါ ကြေငြာချက်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ “အိန္ဒိယတွင် ထုတ်လုပ်သည်” ဟု အမည်ပေးထားသော် မဟာဗျူဟာကို ပိုမိုအားပေးရာ ရောက်မည်ဖြစ်ပြီး မိုဒီသည် အဆိုပါ ပေါ်လစီအရ နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများကို အိန္ဒိယသို့ ပိုမိုဝင်ရောက်လာရန် ဖိတ်ခေါ်ထားသည်။

Apple ၏ ပြောကြားချက်တွင်တော့ iPhone 14 ကို အိန္ဒိယတွင် စတင်ထုတ်လုပ်ရန် စိတ်လှုပ်ရှားနေပြီး ယခုနှစ်တွင် iPhone အလုံးရေ ၁၁ သန်း အထိ အိန္ဒိယတွင် တိုးမြှင့် ထုတ်လုပ်သွားရန် မျှော်မှန်းထားကြောင်း ပါရှိသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Jakarta Post, Aljazeera
Photo: Tribune India

အိန္ဒိယက နိုင်ငံတကာကုန်သွယ်ရေးအတွက် ရူပီးကို စသုံးရန်ကြေညာ

အိန္ဒိယအစိုးရသည် နိုင်ငံခြားကုန်သွယ်ရေးမူဝါဒကို ပြင်ဆင်ခဲ့ပြီး နိုင်ငံရှိ ပို့ကုန်၊ သွင်းကုန်သမားအားလုံးသည် အိန္ဒိယငွေကြေး ရူပီးဖြင့် ငွေပေးချေနိုင်ကြောင်း ဗဟိုဘဏ် (Reserve Bank of India RBI) ကတဆင့် ကြေညာခဲ့သည်။
ထို့ကြောင့် နိုင်ငံတကာကုန်သွယ်မှု ငွေတောင်းလွှာများ၊ ငွေချေမှုများကို ပြည်တွင်းသုံးငွေကြေး ရူပီးဖြင့် ပေးဆောင်နိုင်တော့မည်ဖြစ်သည်။

ဗဟိုဘဏ်သည် အိန္ဒိယရှိခွင့်ပြုချက်ပေးထားသော ဘဏ်များတွင် စပါယ်ရှယ်ရူပီး Vostro အကောင့်များကို ဖွင့်ခွင့်ပေးထားပြီး အိန္ဒိယရှိ တင်သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူများသည် ပြည်ပမှတောင်းခံလာသော ပစ္စည်းဖိုး၊ ဝန်ဆောင်ခများအတွက် စပါယ်ရှယ်ရူပီးအကောင့်ထဲသို့ ရူပီးငွေသာ ထည့်သွင်းရတော့မည်ဟု သိရသည်။

ဘဏ္ဍာရေးဝန်ကြီး နီမာလာ ဆီသာမန်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယခုကဲ့သို့ ရူပီးကိုသာသုံးစွဲရမည့် လုပ်ငန်းစဉ်အတွက် သုံးသပ်သည့် အစည်းအဝေးကျင်းပခဲ့ပြီး စပါယ်ရှယ်ရူပီး Vostro အကောင့်များ ဘဏ်များတွင် ဖွင့်နှုန်းအရှိန်မြင့်လာရန် လုပ်ဆောင်သွားကြဖို့ တိုက်တွန်းထားသည်။
အိန္ဒိယကုန်သွယ်ရေးဌာနကလည်း ယခုလုပ်ငန်းစဉ်ကို ကုန်သည်များအနေဖြင့် လက်ခံကျင့်သုံးသွားရန် တိုက်တွန်းနေသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times
Image: Marine Insight

အိန္ဒိယက ဆန်တင်ပို့မှုကို တားမြစ်

အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ ဆန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့မှုအား ကြာသပတေးနေ့က ပိတ်ပင်လိုက်ပြီး ဆန်အမျိုးအစားအမျိုးမျိုးအတွက် အခွန် ၂၀% အား ပို့ကုန်အခွန်အဖြစ်ကောက်ခံရန် ကြေညာခဲ့သည်။
အိန္ဒိယ၊ ပါကစ္စတန်အပါအဝင် ဥရောပနိုင်ငံအချို့၌ ပြင်းထန်သော အပူလှိုင်းများကို ယခုနှစ် စိုက်ပျိုးရေးရာသီအတွင်းကြုံတွေ့ခဲ့ရပြီးနောက် အစေ့အဆန်မျိုးများဖြစ်သည့် ဆန်၊ ဂျုံနှင့် သံလွင်ဆီထုတ်လုပ်မှုများ ကမ္ဘာတဝှမ်းလျော့ကျခဲ့သည်။

အိန္ဒိယသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်သော ဆန်ပြောင်းသီးနှံများကို တင်ပို့နေသည့် အကြီးဆုံးတင်ပို့သူ ၁ ဦးဖြစ်ပြီး ယခုအခါတွင် ပြည်တွင်းဈေးနှုန်းများ တည်ငြိမ်စေရန်နှင့် ရောင်းလိုအား ကမောက်ကမ မဖြစ်စေရန် ဆန်တင်ပို့မှုကို ပိတ်ချခဲ့သည်။

အခွန်နှုန်းထားအသစ်ကြောင့် အိန္ဒိယထံမှ အဝယ်တော်များအား လက်တွန့်သွားစေပြီး ၎င်းတို့၏ ပြိုင်ဘက်များဖြစ်သော ထိုင်းနိုင်ငံနှင့် ဗီယက်နမ်တို့ထံ ရွေ့လျားသွားစေမည်ဟု သတင်းများက ဖေါ်ပြကြသည်။
နယူးဒေလီအစိုးရသည် ဆန်ကိုသာမကပဲ ဆန်အကျိုးအကြေများ ၁၀၀% ပါသော ဆန်များကိုပါ ဆင်းရဲသော အာဖရိကနိုင်ငံများမှ မဝယ်ယူနိုင်စေရန် ပိတ်ပင်ခဲ့သည်။

အခွန်နှုန်းထားသစ်က အိန္ဒိယဆန်တင်ပို့မှု၏ ၆၀% ဖြစ်သော ဆန်လုံးညိုတင်ပို့မှုကိုပါ ထိခိုက်မည်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်အတွင်း ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်မှု မရှိနိုင်တော့ဟု အိန္ဒိယဆန်တင်ပို့သူအသင်း All India Rice Exporters Association မှ ဥက္ကဌ ခရစ်ရှနာ ရောင် က ပြောကြားခဲ့သည်။
အိန္ဒိယ၏ ကမ္ဘာ့ဈေးကွက် ဆန်တင်ပို့မှုမှာ ဈေးကွက်အားလုံး၏ ၄၀% ဖြစ်ပြီး ၎င်း၏ ဈေးကွက်ပြိုင်ဘက်များထဲတွင် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် မြန်မာတို့ ပါဝင်သည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, Public/WMO/Int, Wall Street Journal
Image: South China Morning Post

ဗြိတိန်ကိုကျော်ဖြတ်ကာ အိန္ဒိယက ကမ္ဘာ့စီးပွားရေးအဆင့် ၅ ဖြစ်လာ

လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကဆိုလျှင် အိန္ဒိယ၏ စီးပွားရေးသည် ကမ္ဘာ့အဆင့် ၁၁ ဖြစ်ခဲ့ပြီး ၎င်းတို့ကိုအုပ်ချုပ်ခဲ့ဖူးသော ဗြိတိန်က ထိုကတည်းက ကမ္ဘာ့စီးပွားရေးအဆင့် ၅ ရှိ အင်အားကြီးနိုင်ငံဖြစ်ခဲ့သည်။
သို့သော်လည်း ယခုနှစ် ၂၀၂၂ ၊ ဧပြီလမှ ဇွန်လအထိ ဒုတိယ ၃ လပတ်အတွင်း အိန္ဒိယ၏စီးပွားရေးသည် ဗြိတိန်ကိုကျော်ဖြတ်ကာ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဂျပန်နှင့် ဂျာမဏီတို့၏နောက်သို့ ရောက်ရှိခဲ့ပြီဟု နိုင်ငံတာငွေကြေးရံပုံငွေအဖွဲ့ IMF က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယသည် ပြီးခဲ့သည့် ၈ နှစ်အတွင်း စီးပွားရေးတိုးချဲ့မှုများကို ကိန်းဂဏန်းအရ အလွန်များပြားသော ရည်မှန်းချက်များချကာ လုပ်ဆောင်လာခဲ့သည်။
ပြီးခဲ့သည့် ကပ်ဘေးအတွင်းတွင်ပင် ရထားဘူတာရုံ ၅၀၀ ကို ကုန်စည်စီးဆင်းမှုနှင့် ကွန်တိန်နာ – ကုန်စည်သေတ္တာများ တိုက်ရိုက်တင်ချလုပ်ဆောင်နိုင်သော Dry ports များအဖြစ် တည်ဆောက်သွားရန်ဟူသော စီမံကိန်းများလည်း လုပ်ဆောင်ခဲ့သည်။

ဗြိတိန်အနေဖြင့် နှစ် ၄၀ အတွင်း အမြန်ဆုံးနှုန်းဖြင့် တက်နေသော ငွေကြေးဖေါင်းပွမှုနှုန်းကို ရင်ဆိုင်နေရပြီး အင်္ဂလန်ဗဟိုဘဏ် – BOE က နိုင်ငံ့စီးပွားရေးကျဆင်းနေမှု – Recession ( ၃ လပတ်ကာလ စီးပွားရေးကျဆင်းမှု ၂ ခါဆက်တိုက်ဖြစ်မှု) က လာမည့် ၂၀၂၄ သို့တိုင် ဆက်သွားနိုင်သည်ဟု ထုတ်ပြန်ထားသည်။

စီးပွားရေးအညွန်းကိန်းတွက်ချက်မှုများကို အမေရိကန်ဒေါ်လာပေါ် အခြေခံကာ တွက်ချက်ထားခြင်းဖြစ်ပြီး အိန္ဒိယ၏ နိုင်ငံ့စီးပွားရေးထုတ်လုပ်နိုင်စွမ်းအညွန်းကိန်း – GDP သည် လက်ရှိတွင် ဒေါ်လာ ၃.၅ ထရီလျံ ရှိလာကာ GDP ၃.၂ ထရီလျံရှိနေသော ဗြိတိန်ကို ဖြတ်ကျော်ခဲ့သည်။

ထို့ပြင် ဘလွန်းဘာ့ဂ်စီးပွားရေးသတင်း၏ ထုတ်ပြန်ချက်များအရ လာမည့် ၂၀၂၇ တွင် အိန္ဒိယ၏ စီးပွားရေးသည် ဗြိတိန်ထက် ၅ ပုံ ၁ ပုံ ပိုမိုကြီးမားနေမည်ဟု သိရသည်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး အဆင့် ၅ နိုင်ငံအဖြစ် အိန္ဒိယရောက်ရှိလာမှုတွင် ရုရှား-ယူကရိန်း စစ်ပွဲနောက်ဆက်တွဲအဖြစ် ဂျုံနှင့် စားသောက်ကုန်များ၊ ရေနံနှင့် ဓါတ်ငွေ့များကို ရုရှားထံမှ ဈေးသက်သက်သာသာဖြင့် ဝယ်ယူကာ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်စည်ပို့ဆောင်ရေး၊ စွမ်းအင်ကဏ္ဍကို ထိန်းသိမ်းထားနိုင်ခြင်းကလည်း အကြောင်းတရားတခုအနေဖြင့် ပါဝင်နေနိုင်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, Bloomberg, The Hindu
Image: ABC News

တန်ဖိုးနည်းနိုင်ငံခြားဖြစ်ဖုန်းများကို တင်းကြပ်ရန် အိန္ဒိယအစီအစဉ်မရှိ

အိန္ဒိယ၏ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် တန်ဖိုးငွေ ဒေါ်လာ ၁၅၀ အောက် ရှိသော နိုင်ငံခြားမှတင်သွင်းလာသည့် ဈေးချိုသည့် ဖုန်းအရောင်းများအပေါ် တင်းကြပ်သည့်ဥပဒေများ တင်သွင်းရန် အစီအစဉ်မရှိကြောင်း အငယ်တန်းဝန်ကြီးတဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

နယူးဒေလီအခြေစိုက်အစိုးရအနေဖြင့် ပြည်တွင်း ထုတ်လုပ်သူများအတွက် ဈေးကွက်မြှင့်တင်မှုများပြုလုပ်နိုင်သည်ဟု သတင်းများထွက်ပေါ်အပြီးတွင် ပြည်ပမှ တန်ဖိုးနည်းဖုန်းများအတွက် ယခုကဲ့သို့ ယူဆချက်များထွက်ပေါ်လာခြင်းဖြစ်သည်။

အိန္ဒိယထုတ် ဖုန်းများရှင်သန်ရေးအတွက် တရုတ်ထုတ်ဈေးပေါပေါ ဖုန်းရောင်းချမှုများအား ကန့်သတ်သွားရန် ရှိမရှိ မေးခွန်းများအကြား အငယ်တန်းဝန် ရာဂျစ် ချန်ဒရာဆယ်ခါ (Rajeev Chandrasekhar) က ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
အိန္ဒိယရူပီး ၁၂,၀၀၀ (ကန်ဒေါ်လာ ၁၅၀) အောက် ပစ္စည်းများအတွက် တင်းကြပ်မှု ရှိမရှိ အများက သိလိုနေကြခြင်းလည်းဖြစ်သည်။

မစ္စတာ ရာဂျစ်က အိန္ဒိယအစိုးရအနေဖြင့် ဒေါ်လာ ၃၀၀ ဘီလျံ တန်ဖိုးရှိလာမည့် အီလက်ထရွန်းနစ်ထုတ်လုပ်ရေးဈေးကွက်သို့ သွားနေကြောင်းနှင့် လာမည့် ၂၀၃၅-၂၆ တွင် တင်ပို့ကုန်၌ electronics devices များက ဒေါ်လာ ၁၂၀ ဘီလျံ အထိရှိလာရန် မျှော်လင့်ထားသည်ဟု ပြောကြားခဲ့သည်။
လက်ရှိထုတ်လုပ်ရေးဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၇၆ ဘီလျံ အထိ အိန္ဒိယ၌ ဖြစ်ထွန်းနေသည်။

၎င်းတို့ထုတ်ပြန်ထားသော စစ်တမ်းပါ အချက်အလက်များအရ လူဦးရေကဏ္ဍကိုကြည့်၍ တင်ပို့ကုန်ကဏ္ဍကို အားကောင်းမောင်းသန် တိုးချဲ့ရန်လိုနေသည်ဟု သူက ဆိုပြီး တင်ပို့ကုန်ကြောင့် ကုန်စည်ထုတ်လုပ်စီးဆင်းရာ Supply Chain တလျှောက် ရင်းနှီးမြှုပ်နှံမှုများမြင့်တက်ရန် ထပ်မံဖန်တီးပြီးသားဖြစ်မည်ဟု ပြောကြားခဲ့သည်။
ဩဂုတ်လထဲတွင် အိန္ဒိယက တရုတ်ထုတ် ဈေးပေါသည့် ဖုန်းများကို ကန့်သတ်ရန် ရည်ရွယ်နေကြောင်း အယ်ဂျာဇီယာ သတင်းဌာနအပါအဝင် သတင်းစာများက အကြိမ်ကြိမ် ရေးသားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Money US News, Business Standard, Al Jazeera
Image: Taipei Times

အိန္ဒိယအပေါ် Hybrid မျှော်လင့်ချက်နှင့်နည်းဗျူဟာ Toyota ပြောင်းလဲ

Toyota သည်အိန္ဒိယအား  Hybrid ကားဈေးကွက်အသစ်တစ်ခုဟု မျှော်လင့်ထားသော်လည်း ယခင်ကမျှော်လင့်ထားသည်ထက် ထက်ဝက်လျှော့ချကာ နည်းဗျူဟာများပြောင်းလဲတော့မည်ဖြစ်သည်။

Toyota သည် အိန္ဒိယ၌ Hybrid အမျိုးအစား Camry sedan အား ၂၀၁၃ ခုနှစ်ကတည်းက အရောင်းမြှင့်တင်မှုများပြုလုပ်ခဲ့သော်လည်း ကားတန်ဖိုးမှာ အလယ်အလတ်အိမ်ထောင်စုတစ်စု၏ နှစ်စဉ်ဝင်ငွေထက် ၈ ဆပိုများနေသောကြောင့် ထင်သလောက်အောင်မြင်မှုမရခဲ့ပေ။

ယခုအခါ Toyota ကအပြောင်းအလဲတစ်ခုအနေဖြင့် ဈေးသက်သာသည့် Hybrid ကားများထုတ်လုပ်သွားမည်ဟု ဆိုသည်။ ဈေးသက်သာစေရန် Hybrid ထုတ်လုပ်မှုအလုံးစုံကို အိန္ဒိယစက်ရုံများကိုသာ အသုံးပြုလုပ်သွားမည်ဟုဆိုသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters
Photo: Reuters

ရုရှားထံမှရေနံဝယ်ယူရန် မည်သည့်ဖိအားမျိုးမျှမရှိဟု အိန္ဒိယဆို

တရုတ်ကိုကျော်လွန်၍ ရုရှားထံမှရေနံဝယ်ယူသည့်ပမာဏအများဆုံးဖြစ်လာသည့် အိန္ဒိယသည် ၎င်းတို့အနေဖြင့် စွမ်းအင်ကဏ္ဍလိုအပ်ချက်အတွက် ရုရှားထံမှဝယ်ယူတင်သွင်းနေခြင်းများအပေါ် အနောက်နိုင်ငံများ သို့မဟုတ် ကမ္ဘာပေါ်ရှိအခြားမည်သည့်နေရာက ဖိအားမျိုးမျှရှိမနေဟု ထုတ်ပြန်ခဲ့သည်။
ယူကရိန်းအား ကျူးကျော်စစ်ဆင်နွှဲချိန်မှစ၍ ရုရှားထံမှ ရေနံဝယ်ယူခြင်းများကို နိုင်ငံအစိုးရများက ရှောင်ရှားလာကြသည်။

အိန္ဒိယသည် ရေနံတင်သွင်းမှု၌ ကမ္ဘာ့တတိယအကြီးဆုံးနိုင်ငံဖြစ်သလို ရုရှားထံမှဝယ်ယူသည့်နိုင်ငံများတွင်လည်း နံပါတ် ၁ အဖြစ် ဇူလိုင်လတွင် ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့် ၃ လပတ်ကာလ ၂ ခု မှ ၃ ခုအတွင်း ကျောက်မီးသွေးလိုအပ်ချက်မြင့်တက်မှုနှင့် ပြတ်လပ်မှုများကြောင့် လျှပ်စစ်ဓါတ်အား လျော့ကျခဲ့သည့် အိန္ဒိယသည် ရုရှားထံမှ ကျောက်မီးသွေးများကိုလည်း အမြောက်အများ ဝယ်ယူလျက်ရှိသည်။
နယူးဒေလီအခြေစိုက်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Arindam Bagchi က သတင်းစာရှင်းလင်းပွဲတွင် “ရေနံ ဒါမှမဟုတ် အခြား ဆက်စပ်ပစ္စည်းတွေကို ဝယ်ယူတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ကျွန်တော်တို့ရဲ့ စွမ်းအင်လိုအပ်ချက်၊ စွမ်းအင်ဆိုင်ရာလုံခြုံမှုစတာတွေက လမ်းကြောင်းပေးထားတဲ့အတိုင်းပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, Investopedia
Image: Bloomberg Business News

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် အိန္ဒိယ၏ နေကြာဆီတင်သွင်းမှု ၂၃ ရာခိုင်နှုန်း ကျဆင်း

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ယခုနှစ် ဖေဖော်ဝါရီမှ ဇွန်လအတွင်း အိန္ဒိယနိုင်ငံ၏ နေကြာဆီတင်သွင်းနိုင်မှုမှာ ၂၃ ရာခိုင်နှုန်းကျဆင်းခဲ့ရပြီး တန်ချိန်အားဖြင့် တန်ချိန် ၅.၇ သိန်း သာတင်သွင်းနိုင်ခဲ့ကြောင်း အိန္ဒိယပါလီမန်တွင် တင်ပြချက်အရသိရသည်။

ပါလီမန်တွင် အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီး နာရန်ဒါဆင်း တိုမာက ယခုနှစ် ဖေဖော်ဝါရီ ၂၁မှ ဇွန်လ ၃၀ အတွင်း နေကြာဆီတန်ချိန် ၅.၇ သိန်း တင်သွင်းနိုင်ခဲ့ပြီး ယမန်နှစ်တင်သွင်းမှုနှုန်းဖြစ်သည့် တန်ချိန် ၇.၃၉ သိန်းနှင့် နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း တင်သွင်း ရှင်းပြခဲ့သည်။

ဝန်ကြီးက မိမိတို့နိုင်ငံ၏ အဓိက နေကြာဆီတင်သွင်းရယူသော နိုင်ငံများမှာ ရုရှား၊ ယူကရိန်းနှင့် အာဂျင်တီးနားတို့ ဖြစ်လေရာ ရုရှား-ယူကရိန်း ပဋိပက္ခ၏ ရိုက်ခတ်မှုက ကြီးမားခဲ့ပြီး ယခုနှစ် ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်တွင် နေကြာဆီတန်ချိန် ၂.၀၄ သန်း တင်သွင်းနိုင်ခဲ့ရာ ယမန်နှစ် တန်ချိန်ဖြစ်သည့် ၂.၁၇ သန်းထက်မူ အနည်းငယ်သာ လျှော့နည်းကြောင်း တင်ပြသွားခဲ့သည်

သည့်အပြင် အိန္ဒိယစိုက်ပျိုးရေး ဝန်ကြီးဌာနသည် နိုင်ငံ၏ စားသုံးဆီများ အခြားနိုင်ငံများအပေါ် မှီခိုနေရခြင်းအား တုံ့ပြန်ရန်အတွက် ဆီထွက်သီးနှံနှင့် ဆီအုန်းများကို အမျိုးသားစားသောက်ကုန် ဖူလှုံရေး စီမံချက်အနေဖြင့် ၂၀၁၈-၂၀၁၉ မှ စတင်၍ အကောင်အထည်ဖော်ခဲ့ကြောင်း ဝန်ကြီး၏ တင်ပြချက်တွင် ပါရှိသည်။

အဆိုပါ စီမံချက်သည် ယခုအခါ ပြည်နယ် ၂၈ ခုတွင် စတင်အသက်ဝင်နေပြီဖြစ်ပြီး လာမည့် ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် တိုးတက်အကောင်အထည်ဖော်သွားမည်ဟုလည်း ဝန်ကြီးက ဆိုသွားခဲ့သည်။

သည့်အပြင် ဟိုက်ဒရာဘတ်ရှိ ဆီထွက်သီးနှံမျိုးစေ့များ သုနေသနဌာနအတွက် ဘတ်ဂျက်အများအပြား လျာထားပြီး မျိုးစပ် ဆီထွက်သီးနှံများနှင့် သရုပ်ပြထုတ်လုပ်ခြင်းများကို နောက်လာမည့် သုံးနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်းလည်း သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Economic Times
Photo: Bloomberg

Oppo သည် သွင်းကုန်အခွန်အခ ဒေါ်လာ သန်း ၅၅၀ ခန့် ရှောင်လွှဲခဲ့ကြောင်း အိန္ဒိယစွပ်စွဲ

တရုတ် စမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော Oppo သည် အကောက်ခွန် ဒေါ်လာ ၅၅၁ သန်း (ရူပီး ၄၃.၉ ဘီလီယံခန့်) ရှောင်လွှဲခဲ့သည်ကို အိန္ဒိယအစိုးရ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဌာနက စုံစမ်းတွေ့ရှိခဲ့ရသည်ဟူ၍ အိန္ဒိယ အစိုးရပိုင်းက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်မှုတွင် Oppo သည် မိုဘိုင်းဖုန်းတင်သွင်း ထုတ်လုပ်မှုများအတွက် အကောက်ခွန် အချို့အဝက် ကင်းလွတ်ခွင့်ပေးထားမှုကို အလွဲသုံးစားပြုလုပ်၍ အခွန်ရှောင်လွှဲခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။

သည့်အပြင် အိန္ဒိယ ဥပဒေအရ ကုန်ပစ္စည်းများ တင်သွင်းမှု တန်ဖိုးတွင် တပါတည်း ထည့်သွင်း ဖော်ပြရမည့် မူပိုင်ခွင့် အခများကိုလည်း Oppo သည် မှန်ကန်စွာ ဖော်ပြထားခြင်း မရှိကြောင်း အဆိုပါ ကြေငြာချက်တွင် ရေးသားထားသည်။

ယခုကိစ္စအတွက် Oppo India သို့ နို့တစ်စာပေးပို့ ထားပြီဖြစ်ကာ Oppo India ၏ တာဝန်ရှိ ဝန်ထမ်းများနှင့် Oppo China တို့ကိုလည်း သက်ဆိုင်သည့် အရေးယူမှုများ ပြုလုပ်သွားရန် ငွေကြေးခဝါချမှု အဖွဲ့က ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်တွင် တရုတ်နှင့် အိန္ဒိယတို့၏ နယ်ခြားစောင့်တပ်များ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံ အကြား သံတမန်တင်းမာမှုများ ဖြစ်ပွားခဲ့ကာ ထိုအချိန်မှစ၍ အိန္ဒိယရှိ တရုတ်ကုမ္ပဏီများသည် အမျိုးမျိုးသော စည်းကမ်းတင်းကြပ်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

အိန္ဒိယသည် နိုင်ငံတော်၏ လုံခြုံရေး ထိပါးစေသည်ဟု အကြောင်းပြကာ TikTok အပါအဝင် တရုတ် အပလီကေးရှင်း ၃၀၀ ကျော်ကို ဘန်းခြင်းနှင့် တရုတ်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီများကို တင်းကြပ်သည့် စည်းမျဉ်းများ ချမှတ်ခြင်းတို့ကိုလည်း ယခင်နှစ်များက လုပ်ဆောင်ခဲ့သေးသည်။

ယခု Oppo ၏ ဖြစ်ရပ်မတိုင်ခင် ပြီးခဲ့သည့် အပတ်ကလည်း လုပ်ငန်းအရှုံးပြကာ အခွန်ရှောင်လွှဲသည်ဟူသော စွပ်စွဲချက်ဖြင့် တရုတ် စမတ်ဖုန်း ကုမ္ပဏီဖြစ်သော Vivo ၏ ရုံးနေရာပေါင်း ၄၈ နေရာကို အိန္ဒိယ တာဝန်ရှိသူများသည် ဝင်ရောက်စီးနင်းခဲ့သေးသည်။

အလားတူပင် တရုတ်ထိပ်သီး ဖုန်းကုမ္ပဏီဖြစ်သည့် Xiaomi မှာလည်း အိန္ဒိယ၏ စက်ကွင်းမှ မလွတ်ခဲ့ဘဲ မူပိုင်ခွင့် အခများအဖြစ် အယောင်ဆောင်ထားသည့် တရားမဝင် ငွေလွှဲပြောင်းမှုများ နိုင်ငံခြားသို့ ပြုလုပ်သည်ဟု၍ စွပ်စွဲခံထားရသည်။

Vivo နှင့် Xiaomi တို့ကတော့ စွပ်စွဲမှုများ ထွက်ပေါ်စဉ်က ၎င်းတို့အနေဖြင့် မည့်သည့်ဥပဒေ ချိုးဖောက်မှုကိုမျှ မလုပ်ခဲ့ကြောင်း ငြင်းဆိုထားပြီး Oppo ၏ ပြောရေးဆိုခွင့် ရှိသူကတော့ လက်ရှိဖြစ်ရပ်အပေါ် ဖြေကြားခြင်း မပြုနိုင်သေးကြောင်း ဆိုထားသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, The Economic Times
Photo: The Economic Times

တောင်ကိုးရီးယား LG က အိန္ဒိယ M&M အတွက် ဘက်ထရီပံ့ပိုးမည်

တောင်ကိုးရီးယားကော်ပိုးရေးရှင်း LG Energy Solution က အိန္ဒိယကုမ္ပဏီ Mahindra & Mahindra (မဟင်ဒရာ) ၏ ပထမဆုံး လျှပ်စစ်ကား Sports Utility Vehicle – SUV များအတွက် ဘက်ထရီများကိုထုတ်လုပ်ပေးမည်ဟု ယနေ့တနင်္လာနေ့တွင်ကြေညာခဲ့သည်။
မဟင်ဒရာသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဗြိတိန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ British International Investment ထံမှ အရင်းအနှီး ဒေါ်လာ သန်း ၂၅၀ ရရှိခဲ့ပြီးနောက် လုပ်ငန်းတန်ဖိုး ဒေါ်လာ ၉.၁ ဘီလျံတန်အဖြစ် သတ်မှတ်ခံထားရပြီးဖြစ်သည်။

LG သည် မဟင်ဒရာ၏ XUV400 အမျိုးအစား လျှပ်စစ်ကားများအတွက် ဘက်ထရီများထုတ်လုပ်သွားမည်ဖြစ်ပြီး မဟင်ဒရာ၏ ၂၀၂၇ လျှပ်စစ်ကားအရောင်းရည်မှန်းချက်မှာ အစီးရေ ၂၀၀,၀၀၀ ဖြစ်ကာ XUV400 များက ၃၀% ခန့်ပါဝင်သည်ဟုဆိုသည်။
LG ၏ လျှပ်စစ်ဘက်ထရီထုတ်လုပ်ပေးမှုကို ပြောဆိုထားသည့်ရင်းမြစ်များက ကုမ္ပဏီ ၂ ခု အကြား သဘောတူစာချုပ်တန်ကြေးကိုမူ အတည်မပြုထားသေးချေ။

အိန္ဒိယ၏ မဟင်ဒရာသည် ဆိုင်ကယ်၊ ကားများမှသည် လုပ်ငန်းသုံးယန္တရားများ၊ စိုက်ပျိုးရေးစက်ကိရိယာများ၊ လေကြောင်းနှင့် လေယာဉ်ဆက်စပ်ပစ္စည်းများကိုထုတ်လုပ်လျက်ရှိသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Mahindra, Reuters, Economic Times: India Times, BII UK
Image: Team BHP