energy

MK Dons ဘောလုံးအသင်း စွမ်းအင်ကုန်ကျစရိတ်အတွက်ရုန်းကန်နေရ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၏ ပရီးမီးယားလိဂ်နှင့် ချန်ပီယံရှစ်တို့အောက် တတိယတန်းအဆင့်ပြိုင်ပွဲဖြစ်သည့် လိဂ်ဝမ်း – League One ရှိ အမ်ကေဒွန်းစ် (MK Dons) ကဲ့သို့ ဘောလုံးအသင်းငယ်လေးသည်ပင် မြင့်တက်လာသည့် ကုန်ကျစရိတ်များအကြား ၁ နှစ်လျှင် လျှပ်စစ်၊ ဓါတ်ငွေ့ စွမ်းအင်တို့အတွက် ပေါင်စတာလင် ၂ သန်းမျှ ကုန်ကျနေသည်။

ကပ်ဘေးနောက်ဆက်တွဲ ငွေကြေးဖေါင်းပွမှုများ၊ ကုန်ဈေးနှုန်းအညွှန်းကိန်း – CPI တက်လာမှုနှင့် ရုရှားကျူးကျော်စစ်အပြီး ဈေးကွက်အခက်အခဲများကြောင့် ယခုနှစ်တွင် MK Dons အသင်းလည်ပတ်နိုင်ရန် ၁ ရက်လျှင် ပေါင် ၁ သောင်းအထိ ကုန်ကျလာဖွယ်ရှိသည်ဟု သိရသည်။
၎င်းတို့အနေဖြင့် ဓါတ်အားခများကို ချွေတာနိုင်ရန် ကွင်းအတွင်းရှိ LED မီးလုံးကြီးများကို ပိတ်ထားလိုက်ခြင်းမျိုးများအား လုပ်နေရသည်။

အသင်း၏ ဥက္ကဌဖြစ်သူ ပိထ် ဝင်ကယ်မန် (Pete Winkelman) က “ကျွန်တော်တို့ လုပ်နိုင်သမျှ အကုန်လုံး (အခြေခံချွေတာရေးကိစ္စအားလုံး) ကိုတော့ လုပ်နေတာပဲ။ ဘာလဲဆိုတော့ မီးမသုံးတာပေါ့။ အဲ့တော့ အကုန်လုံး (မီးသုံးရတဲ့ဟာတွေ) ကို ပိတ်ထားလိုက်တယ်” ဟု ပြောကြားခဲ့သည်။
သူက “ကျွန်တော်တို့ (အသင်း) ယက်ကန်ယက်ကန် မဖြစ်အောင် – င် ပြဲတဲ့အထိ အလုပ်လုပ်နေကြတဲ့ တကယ့်လူကောင်းတွေ ရှိနေပေလို့ပဲ။ ဒီလိုလုပ်ဖို့ ပျက်ကွက်တာတို့၊ ကစားသမား ၁ ယောက် အသင်းကို ဝင်လာဖို့စိတ်ပူနေရတာမျိုးတို့ဖြစ်လာရင် အဲ့တာက တကယ့်ပြဿနာ ဖြစ်လာတော့တာပဲ” ဟု ဆိုသည်။

အသင်း အနေဖြင့် အခြေအနေများ ကောင်းခဲ့ပါက ဒုတိယတန်းဖြစ်သည့် Championship သို့ တက်လှမ်းကစားနိုင်မည်ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံသူအသစ်များဝင်လာနိုင်ရန် တံခါးဖွင့်ထားနိုင်မည်ဆိုစေကာမူ ထို Championship တွင်လည်း ဘီလျံနာ ၁၃ ယောက်ခန့် (ပိုင်ရှင်) ရှိသည့် အတန်းသို့ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းလည်း ဖြစ်နေသည်။

ဝင်ကယ်မန် က ၎င်းတို့အနေဖြင့် အဆိုပါ အကူအညီမျိုးကို လိုအပ်နေသည်ဟုပြောကြားခဲ့ပြီး (ရင်းနှီးမြှုပ်နှံသူ အသစ်များဝင်လာခြင်းကလည်း) ပဟေဠိဖြစ်နေဆဲဖြစ်သည်။
ဗြိတိန်အစိုးရမှာ လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ စ၍ ဓါတ်အားနှင့် ဓါတ်ငွေ့စရိတ်များကို ပုံသေ ဈေးတန်းသတ်မှတ်မည်ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Fan Banter UK, Milton Keynes FM
Image: Milton Keynes

ဆော်ဒီရေနံကုမ္ပဏီကြီး ဒုတိယ ၃ လပတ်တွင် စံချိန်တင်အမြတ်ရ

ဆော်ဒီအားရေးဘီးယားအစိုးရပိုင် ရေနံကုမ္ပဏီ Saudi Aramco သည် ၂၀၂၂ ဒုတိယ ၃ လပတ်တွင် စံချိန်တင်အမြတ်ငွေအဖြစ် ဒေါ်လာ ၄၈.၄ ဘီလျံရရှိခဲ့သည်။
အဆိုပါပမာဏမှာ ယခင်နှစ် ကာလတူအခြေအနေထက် အမြတ်ငွေ ၉၀% ခုန်တက်ခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီသည် ကပ်ဘေးကြောင့် ကမ္ဘာတဝှမ်းစွမ်းအင်ပိုမိုလိုအပ်လာမှုနှင့် ယူကရိန်းပေါ်ရုရှား၏ ထိုးစစ်ဆင်နွှဲခြင်းတို့ကြောင့် လောင်စာဆီ ပို့ဆောင်ရေးအခက်အခဲများ၊ ပြတ်လပ်မှုများ၊ ဈေးနှုန်းမြင့်မားမှုများအကြား အကျိုးအမြတ်ဖြစ်ထွန်းခဲ့သည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီနှောင်းပိုင်းမှ ဇွန်လအထိ ရေနံစိမ်းဈေးများသည် ၃၆% ကျော် မြင့်တက်လာခဲ့ပြီး ရေနံစိမ်း ၁ စည်လျှင် ဒေါ်လာ ၁၂၀ အထိ ပေါက်ဈေးရှိခဲ့သည်။

ဆော်ဒီအာရမ်ကို (Saudi Aramco) သာ စံချိန်တင်အမြတ်ရသည်မဟုတ်ပဲ အခြား စွမ်းအင်ကုမ္ပဏီကြီးများဖြစ်သည့် Exxon Mobil, Chevron, Shell, BP နှင့် Total Energies တို့သည်လည်း စံချိန်တင် အမြတ်ငွေများရရှိခဲ့သည်ဟု သိရသည်။

ကုမ္ပဏီ၏ ရလဒ်ပိုင်းဆိုင်ရာထုတ်ပြန်ချက်များအရ ဆော်ဒီအစိုးရမှာ ဒေါ်လာ ၁၈.၈ ဘီလျံဟူသည့် အကျိုးအမြတ်ပမာဏခံစားခွင့်အား အောက်တိုဘာလကုန်တွင် ရရှိဖွယ်ရှိနေသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: The New York Times, The Guardian, BBC Business
Image: The Bangkok Post

ရုရှားထံမှရေနံဝယ်ယူရန် မည်သည့်ဖိအားမျိုးမျှမရှိဟု အိန္ဒိယဆို

တရုတ်ကိုကျော်လွန်၍ ရုရှားထံမှရေနံဝယ်ယူသည့်ပမာဏအများဆုံးဖြစ်လာသည့် အိန္ဒိယသည် ၎င်းတို့အနေဖြင့် စွမ်းအင်ကဏ္ဍလိုအပ်ချက်အတွက် ရုရှားထံမှဝယ်ယူတင်သွင်းနေခြင်းများအပေါ် အနောက်နိုင်ငံများ သို့မဟုတ် ကမ္ဘာပေါ်ရှိအခြားမည်သည့်နေရာက ဖိအားမျိုးမျှရှိမနေဟု ထုတ်ပြန်ခဲ့သည်။
ယူကရိန်းအား ကျူးကျော်စစ်ဆင်နွှဲချိန်မှစ၍ ရုရှားထံမှ ရေနံဝယ်ယူခြင်းများကို နိုင်ငံအစိုးရများက ရှောင်ရှားလာကြသည်။

အိန္ဒိယသည် ရေနံတင်သွင်းမှု၌ ကမ္ဘာ့တတိယအကြီးဆုံးနိုင်ငံဖြစ်သလို ရုရှားထံမှဝယ်ယူသည့်နိုင်ငံများတွင်လည်း နံပါတ် ၁ အဖြစ် ဇူလိုင်လတွင် ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့် ၃ လပတ်ကာလ ၂ ခု မှ ၃ ခုအတွင်း ကျောက်မီးသွေးလိုအပ်ချက်မြင့်တက်မှုနှင့် ပြတ်လပ်မှုများကြောင့် လျှပ်စစ်ဓါတ်အား လျော့ကျခဲ့သည့် အိန္ဒိယသည် ရုရှားထံမှ ကျောက်မီးသွေးများကိုလည်း အမြောက်အများ ဝယ်ယူလျက်ရှိသည်။
နယူးဒေလီအခြေစိုက်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Arindam Bagchi က သတင်းစာရှင်းလင်းပွဲတွင် “ရေနံ ဒါမှမဟုတ် အခြား ဆက်စပ်ပစ္စည်းတွေကို ဝယ်ယူတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ကျွန်တော်တို့ရဲ့ စွမ်းအင်လိုအပ်ချက်၊ စွမ်းအင်ဆိုင်ရာလုံခြုံမှုစတာတွေက လမ်းကြောင်းပေးထားတဲ့အတိုင်းပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, Investopedia
Image: Bloomberg Business News

Shell ကုမ္ပဏီ၏ ဝန်ထမ်းများ အပိုဆုကြေးငွေရရှိမည်

ရေနံနှင့်စွမ်းအင်ကုမ္ပဏီကြီး Shell သည် ရေနံဈေးများမြင့်တက်မှုကြောင့် စံချိန်တင်အမြတ်ငွေများရရှိခဲ့ပြီးနောက် ကမ္ဘာတဝှမ်းရှိကုမ္ပဏီဝန်ထမ်းများအား အပိုဆုကြေးငွေများ ပေးအပ်မည်ဟု ကြေညာခဲ့သည်။
ဗြိတိန်အခြေစိုက်ကုမ္ပဏီသည် လစာငွေ၏ ၈% အပိုဆုကြေးကို ဝန်ထမ်းများအား ပေးအပ်ခြင်းသည် ငွေကြေးဖေါင်းပွနှုန်းမြင့်တက်လာခြင်းအတွက်မဟုတ်ဟု ဆိုထားပြီး ကုမ္ပဏီ၏ အကြီးတန်းဝန်ထမ်းများမှာ အဆိုပါ အပိုဆုကြေးအစီအစဉ်တွင် မပါဝင်ဟု သိရသည်။

အပိုဆုကြေး၏ စုစုပေါင်းပမာဏမှာ ဒေါ်လာ သန်း ၅၀၀ ခန့် ဖြစ်နိုင်သည်။
အစီအစဉ်တွင် Shell ၏ ကမ္ဘာအရပ်ရပ်ဝန်ထမ်းဦးရေ ၈၂,၀၀၀ ပါဝင်မည်ဖြစ်သည်။

Shell ကုမ္ပဏီ၏ ပြိုင်ဘက်ကြီးဖြစ်သော BP (Beyond Petroleum) သည်လည်း ၁၄ နှစ်အတွင်း အမြင့်ဆုံး အမြတ်ရရှိမှုအခြေအနေကို ရရှိခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, The Guardian, The Times, Energy Voice
Image: Getty Images

ဂျာမနီတွင် သဘာဝဓါတ်ငွေ့ မလုံလောက်မှုသည် အရေးပေါ်အခြေအနေသို့ ရောက်ရှိ

ဥရောပ၏ အကြီဆုံး စီးပွားရေး အဆောက်အဦရှိသည့် ဂျာမနီသည် ရုရှားက ဓါတ်ငွေ့ ပို့လွှတ်မှုများ လျှော့ချနေသည့်အတွက် နိုင်ငံတွင်း သဘာဝဓါတ်ငွေ့ မလုံလောက်မှုများကို ရင်ဆိုင်ရန် အရေးပေါ် စီမံချက်များ ချမှတ်နေရပြီဖြစ်သည်။

ဂျာမနီသည် ၎င်းတို့၏ အရေးပေါ် ဓါတ်ငွေ့ သုံးစွဲရေး စီမံချက် အဆင့် (၃) ဆင့်ရှိသည့်အထဲမှ ဒုတိယအဆင့်ကို စတင်လုပ်ဆောင်တော့မည့်ဖြစ်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့တွင် တရားဝင် ကြေငြာခဲ့ပြီး ၎င်းနောက်တွင် တစ်နိုင်ငံလုံး ဓါတ်ငွေ့ကို ခွဲတမ်းဖြင့် သုံးစွဲရတော့မည့် နောက်ဆုံး အဆင့်သာကျန်တော့သည်။

ဂျာမနီ စီးပွားရေးဝန်ကြီး ရောဘတ် ဟက်ဘက်က ထိုကဲ့သို့ဓါတ်ငွေ့ကို ခွဲတမ်းဖြင့် သုံးစွဲရသည့် နောက်ဆုံးအဆင့်ကို မရောက်ရှိရန် ဆောင်းရာသီအထိ တောင့်ခံနိုင်ဦးမည်ဟု မျှော်လင့်သော်လည်း ယတိပြတ်တော့ မဆိုနိုင်သေးကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။

ဘာလင်၌ ပြုလုပ်ခဲ့သော် အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးက နိုင်ငံတွင်း သဘာဝဓါတ်ငွေ့ မလုံလောက်သည်အခြေအနေမှာ ပိုမိုကြပ်တည်းလာကြောင်းနှင့် ယခုအချိန်တွင် ပြည်သူအများ သတိမထားမိနိုင်သေးသော်လည်း နိုင်ငံမှာ အမှန်တကယ်ပင် ဓါတ်ငွေ့ အကြပ်အတည်းနှင့် ကြုံနေပြီဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

ရုရှား အစိုးရပိုင် Gazprom သည် ပြီးခဲ့သည့် အပတ်အတွင်း ဂျာမနီသို့ ဓါတ်ငွေ့ပို့လွှတ်သော Nord Stream 1 ပိုက်လိုင်းကြီးမှ ဓါတ်ငွေ့များကို ၆၀ ရာခိုင်နှုန်းလျှော့ချပစ်ခဲ့ပြီး ယူကရိန်း ပဋိပက္ခအတွင်း ရုရှားနှင့် ဆန့်ကျင်ဘက်မှ ရပ်တည်၍ အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည့်အတွက် တန်ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း လက်ညှိုးထိုးခဲ့သည်။

အီတလီ စွမ်းအင်ကုမ္ပဏီကြီးဖြစ်သော ENI ကလည်း Gazprom သည် ၎င်းတို့ နိုင်ငံသို့ ပို့လွှတ်သော ဓါတ်ငွေ့များကို ၁၅ ရာခိုင်နှုန်း လျှော့ချခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုအခါ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၁၂ နိုင်ငံခန့်သည့် ဓါတ်ငွေ့ မလုံလောက်မှုဒဏ်ကို စတင်ခံစားနေရပြီဖြစ်သည်။

ဥရောပ သမဂ္ဂ၏ ရာသီဥတုဆိုင်ရာ မူဝါဒရေးရာ အကြီးအကဲ ဖရန် တင်မာမန်းက ရုရှားသည် ဓါတ်ငွေ့ကို လက်နက်သဖွယ် အသုံးချ၍ မိမိတို့ စည်းလုံးမှုကို တိုက်ဖျက်နေကြောင်းနှင့် မကြာမီ ဥရောပတွင် မကြုံဖူးသည့် ဓါတ်ငွေ့ အကြပ်အတည်း ဖြစ်လာဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပတ်စကော့က ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ဥရောပသို့ ဓါတ်ငွေ့ အဝင်နည်းသွားခြင်းသည် နည်းပညာပိုင်ဆိုင်ရာ ချို့ယွင်းချက်များကြောင့်သာ ဖြစ်ပြီး နိုင်ငံရေးနှင့် မဆိုင်ကြောင်း ဆင်ခြေကန်သွားသည်။

ဂျာမနီ စီးပွားရေး ဝန်ကြီးကတော့ ယခု အကြပ်အတည်းသည် ဒုတိယ ကမ္ဘာစစ်ပြီးနောက် အဆုံးဝါးဆုံး ဖြစ်ပြီး ဂျာမန်ရှိ စီးပွားရေးလုပ်ငန်းများ၊ အိမ်ရှင်မများနှင့် အခြားသော ဓါတ်ငွေ့သုံးစွဲသည့် အဖွဲ့အစည်း အားလုံးကို ဓါတ်ငွေ့များ တတ်နိုင်သမျှ ခြွေတာသုံးစွဲရန် တိုက်တွန်းသွားခဲ့ပြီး သို့မှသာ ဆောင်းတွင်းအထိ တောင့်ခံနိုင်မည်ဟု ပြောကြားခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC, CNN, Reuters
Photo: Financial Times

US တွင် ဓါတ်ဆီ ၁ ဂါလံဈေး ၅ဒေါ်လာ အထက်သို့ စံချိန်တင်ရောက်ရှိ

အမေရိကန်နိုင်ငံ တဝှမ်းရှိ ပျမ်းမျှ ဓါတ်ဆီဈေးနှုန်းသည် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ (စနေနေ့တွင်) ၁ဂါလံ ၅ ဒေါ်လာ အထက်သို့ သမိုင်းတလျှောက် ပထမဆုံး အကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့တွင် ၁ဂါလံ ၄.၉၈၆ ဒေါ်လာ ရှိနေရာမှ ဈေးမြင့်တက်သွားခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ လောင်စာဆီဈေးနှုန်း မြင့်တက်ပြီး ငွေကြေးဖောင်းပွမှုကို ပိုမိုအားပေးစေမည် ဖြစ်ရာ လာမည့် နိုဝင်ဘာ ကွန်ဂရက်ရွေးကောက်ပွဲကို အားခဲထားသည့် သမ္မတ ဘိုင်ဒန်နှင့် သူ၏ ဒီမိုကရက် ပါတီဝင်များအတွက် ခေါင်းခဲစရာ ဖြစ်စေခဲ့သည်။

သမ္မတ ဘိုင်ဒန်အစိုးရသည် လောင်စာဆီဈေးနှုန်းများ စတင်မြင့်တက်စဉ်ကတည်းက အရေးယူဆောင်ရွက်မှုများကို စဉ်ဆက်မပြတ်လုပ်နေခဲ့ပြီး နိုင်ငံ၏ အရန် ရေနံ သိုလှောင်မှုများကို ထုတ်ပေးခြင်းနှင့် ရေနံ ထုတ်လုပ်သည့် OPEC အဖွဲ့ဝင်နိုင်ငံများကို ရေနံပိုမိုထုတ်လုပ်ကြရန် ဖိအားပေးခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သို့သော် တဖက်တွင်လည်း ရုရှား-ယူကရိန်း အရေးကြောင့် ရုရှားမှ ရေနံများနှင့် ရေနံချက်စက်ရုံများကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခြင်းက ကမ္ဘာ့ ရေနံထုတ်လုပ်မှုကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေပြီး ကိုဗစ်အလွန်တွင် လောင်စာဆီ ဝယ်လိုအား ဆက်လက်မြင့်တက်နေခြင်းက ကမ္ဘာ့ရေနံဈေးကို အမြင့်ပိုင်းသို့ ဆက်တိုက်တွန်းပို့ နေခဲ့သည်။

လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများ အမေရိကန်နိုင်ငံအတွင်း မြင့်မားနေသော်လည်း နိုင်ငံတွင်း ခရီးသွားလာမှုမှာ ကိုဗစ် မဖြစ်ခင် ကာလများ၏ ရာခိုင်နှုန်းကို မီရန် နည်းနည်းသာလိုတော့သည်ဟု အချက်အလက်များက ဆိုသည်။

အကယ်၍သည် ဓါတ်ဆီဈေးနှုန်းသည် ၁ဂါလံ ၅ဒေါ်လာ အထက်တွင် အချိန်အတော်ကြာ ဆက်လက်တည်နေမည်ဆိုပါက စက်သုံးဆီ ဝယ်လိုအားသည် အချိန်နှင့်အမျှ ပြန်လည် ကျဆင်းသွားနိုင်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ထားသည်။

အမေရိကန် စွမ်းအင်ဌာန၏ အချက်အလက်များအရ ပြီးခဲ့သည့် လများတွင် လောင်စာဆီဈေးနှုန်းများ မြင့်တက်သည့်ကြားမှပင် ပြည်သူများ၏ စက်သုံးဆီ သုံးစွဲမှုနှုန်းသည် အားကောင်းနေဆဲဖြစ်ပြီး လွန်ခဲ့သည့် အပတ်ကဆိုလျှင် တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၉.၂သန်းနှုန်းဖြင့် သုံးစွဲနေကြောင်း သိရသည်။

သည့်အတွက်ကြောင့်ပင် ရေနံဓါတု ကုမ္ပဏီကြီးများသည် အမြတ်အစွန်းများ တိုးတက်ကြောင်း ကြေငြာချက် အသီးသီးထွက်ပေါ်ခဲ့ကြပြီး Shell, BP နှင့် Chevron တို့သည် စံချိန်တင် ဝင်ငွေများ တိုးတက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ဖူးသည်။

ယခု ဓါတ်ဆီဈေးနှုန်းသည် အမေရိကန်တွင် သမိုင်းတလျောက် အမြင့်ဆုံး ဈေးနှုန်းဖြစ်သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းများကို တန်းညှိ၍ ယှဉ်ကြည့်ပါက ပြီးခဲ့သည့် ၂၀၀၈ တွင် ရောက်ခဲ့သော ဓါတ်ဆီဈေးနှုန်းသည် ၁ဂါလံလျှင် ၅.၄၁ ဒေါ်လာဖြစ်နေပြီး ယခုဈေးထက် ၈ ရာခိုင်နှုန်း မြင့်နေသေးသည်ဟု သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, CNN
Photo: NBC News

၈ နှစ်အတွင်း နျူကလိယဓါတ်အားပေးရုံ ၈ ခု ဆောက်ရန် ဗြိတိန်စီစဉ်နေ

စွမ်းအင်လုံလောက်မှုအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဗြိတိန်အစိုးရသည် နျူကလိယဓါတ်အားပေးစက်ရုံ ၈ ခုကို ၂၀၃၀ အမီ တည်ဆောက်သွားမည့်အကြောင်း ထုတ်ပြန်ခဲ့သည်။
ဗြိတိန်အစိုးရသည် လာမည့် ၈ နှစ်အတွင်း နိုင်ငံအတွင်းလိုအပ်သော လျှပ်စစ်ဓါတ်အားများ၏ ၉၅% ကို ကာဗွန်ထုတ်လွှတ်မှုနည်းသော အရင်းအမြစ်များမှ ရရှိရန် ရည်ရွယ်နေပြီး ရုရှား-ယူကရိန်း စစ်ပွဲ နှင့် ကပ်ဘေးအပြီး ဖြစ်ပေါ်လာသော ရေနံဈေးနှုန်းများ၊ စွမ်းအင်ဆိုင်ရာလိုအပ်ချက်များကြောင့် အနာဂတ်တွင် ကမ္ဘာ့စွမ်းအင်ဈေးကွက်အပေါ်မှီခိုနေရခြင်းမှလည်း ကင်းလွတ်လိုနေသည်။

ဗြိတိန်အစိုးရ၏ စွမ်းအင်ဆိုင်ရာမဟာဗျူဟာတွင် ဘီဘီစီက ကောက်နုတ်ထားသော အဓိကကျသည့် အရာများမှာ နျူကလိယစွမ်းအင်၊ လေအားလျှပ်စစ်၊ ဟိုက်ဒရိုဂျင်ပါဝါ၊ ဆိုလာ နေစွမ်းအင်၊ ရေနံနှင့် သဘာဝဓါတ်ငွေ့၊ ပြင်ပမှ အဆောက်အဦအတွင်းသို့ အပူပေးသော Heat pumps များ ဟူ၍ ဖြစ်သည်။

ဗြိတိန်အစိုးရသည် ၂၀၅၀ ခုနှစ်တွင် နိုင်ငံအတွင်း စွမ်းအင်လိုအပ်ချက်၏ ၂၅% ကို နျူစွမ်းအင်မှ ဖြည့်ဆည်းပေးနိုင်ရန်လည်း မျှော်လင့်လျက်ရှိသည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဗြိတိန်သားတို့အနေဖြင့် ရေနံဈေး၊ သဘာဝဓါတ်ငွေ့ဈေးမြင့်တက်နေမှုကိစ္စများကို အရေးထည့်နေစရာလိုတော့မည်မဟုတ်ကြောင်းနှင့် ပူတင်ကဲ့သို့ ရေနံနှင့်ဓါတ်ငွေ့ကို အကြောင်းပြ၍ ခြိမ်းခြောက်နေမှုများကို ဂရုစိုက်စရာလိုတော့မည်မဟုတ်ကြောင်းများကို ပြောကြားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, NHK Japan, Mirror UK, Energy Saving Trust UK
Image: NS Energy Business

ရုရှားမှ ထွက်ခွါခြင်းအတွက် Shell ဒေါ်လာ ၅ ဘီလျံ နစ်နာနိုင်

ရေနံကုမ္ပဏီကြီး Shell သည် ရုရှားနိုင်ငံမှ ထွက်ခွါရန် စီစဉ်သည့်အနေဖြင့် ရုရှားအတွင်းရှိ လုပ်ငန်းပိုင်ဆိုင်မှုများကို လျှော့ချနေပြီး ယင်းကပင် ကုမ္ပဏီ၏စီးပွားရေးကို ဒေါ်လာ ၅ ဘီလျံ မျှထိခိုက်လာမည်ဖြစ်ကြောင်း ကုမ္ပဏီက အတည်ပြုထုတ်ပြန်ခဲ့သည်။
ကုမ္ပဏီသည် ရုရှားက ယူကရိန်းအား မကျူးကျော်မီအချိန်က ချုပ်ဆိုခဲ့သော ရေနံစာချုပ်များမှလွဲ၍ ရုရှား ရေနံများအား ထပ်မံဝယ်ယူခြင်းမပြုလုပ်တော့ဟုလည်း ကတိပြုခဲ့သည်။
ကျူးကျော်စစ် စတင်ပြီးနောက်တွင် ရုရှားထံမှ ရေနံများကို ဈေးပေါပေါဖြင့် ဝယ်ယူခဲ့သည်ဟုလည်း Shell အပေါ် ပြစ်တင်ဝေဖန်မှုများရှိခဲ့သည်။
သို့သော်လည်း ထိုအကြောင်းအရာများအတွက် ပြီးခဲ့သည့် မတ်လတွင် ကုမ္ပဏီက တောင်းပန်စာများ ထုတ်ပြန်ခဲ့သည်။

Shell ၏ ထိခိုက်နစ်နာမှုများတွင် ရုရှားအစိုးရပိုင် ရေနံကုမ္ပဏီဖြစ်သော Gazprom နှင့် လမ်းခွဲခြင်းများလည်း ပါဝင်သည်။
ကုမ္ပဏီက ကမ္ဘာ့ရေနံဈေးကွက်သည် ငွေဖြစ်လွယ်နေဆဲဖြစ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

စစ်ပွဲကြောင့် ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့ရောင်းချသူများတွင် တဦးအပါအဝင်ဖြစ်သည့် ရုရှားနှင့် ငွေပေးချေမှုများ၊ ရေနံပိုက်လိုင်းကိစ္စများ၊ သင်္ဘောဖြင့် တင်ပို့ရောင်းချခြင်း၊ ရုရှားပိုင် သယ်ယူပို့ဆောင်ရေးနှင့် အခြား ဆက်စပ်စီးပွားရေး၊ ဘဏ်များ အားလုံးကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ပိတ်ပင်ခြင်းများကြောင့် ရေနံဈေးများ ကမောက်ကမဖြစ်ခဲ့သည်။

Shell ကုမ္ပဏီသည် ရုရှားနှင့် ဂျာမဏီတို့အကြား သွယ်တန်းထားသော Nord Stream 2 ရေနံပိုက်လိုင်း စီမံကိန်းတွင် ပါဝင်ပတ်သတ်နေမှုကိုလည်း အဆုံးသတ်မည်ဟု သိရသည်။
ဥရောပအင်အားကြီးနိုင်ငံများသည် လက်ရှိတွင် ရုရှားရေနံများအား ချက်ချင်းစွန့်ခွါရန် အခက်တွေ့နေကြပြီး အများစုက ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ရုရှားနှင့်ရေနံကိစ္စအား အပြီးအပြတ်လမ်းခွဲဖွယ်ရှိနေသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Shell, Money. CNN, CNBC Business
Image: Getty Images

ဂျပန်ကမ်းလွန်လေအားလျှပ်စစ်တွင် ပူးပေါင်းလုပ်ကိုင်ရန် BP သဘောတူ

ဗြိတိန်ရေနံကုမ္ပဏီကြီး BP သည် ဂျပန်ကမ်းရိုးတန်းတလျှောက်ရှိ ကမ်းလွန်နေရာများတွင် လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ကိုင်ရန် ဂျပန် conglomerate အဆင့် စီးပွားရေးလုပ်ငန်းကြီး Marubeni နှင့် ရေရှည်လက်တွဲသွားရန်သဘောတူညီခဲ့သည်။
ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့သော အဆိုပါလေအားလျှပ်စစ်စီမံကိန်းအတွင် BP သည် လုပ်ငန်း၏ ၄၉% ကို ဝယ်ယူခဲ့ပြီး စီမံကိန်း၏ အရွယ်အစားနှင့်ပတ်သက်၍ အသေးစိတ်ကိုမူ မသိရသေးချေ။
ဂျပန်အစိုးရသည် ၂၀၃၀ အမီ ကမ်းလွန်ပင်လယ်ပြင် လေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍမှ လျှပ်စစ်ဓါတ်အား ၁၀ ဂီဂါဝပ် ရရှိသည်အထိ ရည်မှန်းချက်ထားနေပြီး ထိုရည်မှန်းချက်တွင် တစိတ်တပိုင်းပါဝင်လာမည့် BP – Beyond Petroleum (ယခင် British Petroleum အမည်) ကလည်း တိုကျိုအခြေစိုက် “လေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရေး အဖွဲ့” ကို ဖွဲ့စည်းသွားမည်ဖြစ်သည်။

ဂျပန်အစိုးရသည် ၂၀၄၀ ခုနှစ်ရောက်လျှင် လေအားလျှပ်စစ်ကို ၄၅ ဂီဂါဝပ်အထိ ထုတ်လုပ်နိုင်ရန် ရည်မှန်းချက် ကြီးကြီးထားနေခြင်းလည်းဖြစ်သည်။
ကျွန်းနိုင်ငံအနေဖြင့် ၂၀၅၀ အရောက်တွင် ကာဗွန်ကင်းစင်သည့် Carbon Neutral အဖြစ်ကိုလည်း ရောက်ရှိလိုနေသည်။
မကြာသေးမီကာလအတွင်း ဂျပန်ရှိ ကမ်းလွန်လေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍသို့ ကုမ္ပဏီများစွာ၏ စီမံကိန်းအစီအစဉ်များ ထွက်ပေါ်လာခဲ့သည်။

လွန်ခဲ့သည့် လအနည်းငယ်က ကမ်းလွန်လေအားလျှပ်စစ်မှ ဓါတ်အား ၁၆.၈ မီဂါဝပ်ပမာဏ ထုတ်လုပ်ရန် ကုမ္ပဏီ ၆ ခု ပါဝင်သော အဖွဲ့အစည်းကို ရွေးချယ်ခဲ့ကြောင်း ဂျပန်အာဏာပိုင်များက ကြေညာခဲ့သည်။
အဆိုပါ စီမံကိန်းများမှာ နာဂါစကီး၊ ဂိုတိုမြို့အနီးရှိ ကမ်းရိုးတန်းတလျှောက်တွင် ရှိသည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business
Image: Windpower Monthly

မိတ်ဖက်မဟုတ်သော နိုင်ငံများသည် ဓါတ်ငွေ့ဖိုးကို ရူဘယ်ဖြင့် ပေးချေရမည်ဟု ပူတင်အမိန့်ထုတ်

ရုရှားသမ္မတ ပူတင်က အဆိုပါ အမိန့်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရုရှားနှင့် မိတ်ဖက်မဟုတ်သော နိုင်ငံများအနေဖြင့် ဓါတ်ငွေ့ဖိုး ပေးချေရာ၌ ယခင် ယူရိုငွေကြေးအစား ရုရှားငွေကြေးဖြစ်သော ရူဘယ်ဖြင့် ပေးချေရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဥရောပနိုင်ငံများနှင့် အမေရိကန်တို့သည် ယူကရိန်းသို့ ရုရှားကျူးကျော်စစ် စတင်ခဲ့သည့် ဖေဖော်ဝါရီ ၂၄မှစတင်၍ ရုရှားကို အရေးယူပိတ်ဆို့မှုများ အစဉ်မပြတ်ပြုလုပ်ခဲ့သော်လည်း ဥရောပနိုင်ငံအတော်များများသည် သဘာဝဓါတ်ငွေ့အတွက် ရုရှားကို မှီခိုနေရဆဲဖြစ်သည်။

ရုရှားမှ ဝယ်ယူရရှိသော သဘာဝဓါတ်ငွေ့များဖြင့် နိုင်ငံအတွင်း ဓါတ်အားပေး စက်ရုံများ လည်ပတ်ခြင်း၊ ပြည်သူများ၏ အပူပေးစနစ်များ၊ မီးဖိုများကို အသုံးပြုနိုင်ခြင်းတို့ကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှာပင် ရုရှား၏ စွမ်းအင်ကဏ္ဍကို အရေးယူပိတ်ဆို့မည့်အဖွဲ့နှင့် ယခုအတိုင်းဆက်သွားမည့်အဖွဲ့များ သဘောထားကွဲလွဲလျက်ရှိကြသည်။

သို့သော် ရုရှားဘက်ကမူ ပြတ်သားသော ကြေငြာချက်ဖြင့် ၎င်းတို့၏ ဓါတ်ငွေ့ကို ဝယ်ယူလိုပါက ၎င်းတို့၏ ငွေကြေးဖြင့်သာလက်ခံတော့မည်ဟု အသိပေးခဲ့ခြင်းဖြစ်ပြီး ယခင် ယူရိုဖြင့် ဝယ်ယူရန် သဘောတူ လက်မှတ်ထိုးထားပြီးသားဖြစ်သော စာချုပ်များမှာမူ မည်သို့ အပြောင်းအလဲဖြစ်မည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါ။

ရုရှားမှ တင်ပို့သော ဓါတ်ငွေ့များသည် ဥရောပနိုင်ငံအတွင်း သုံးစွဲသော ပမာဏ၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်းရှိပြီး ယခုနှစ် အချက်အလက်များအရ ရုရှားမှ ဥရောပနိုင်ငံများသို့ နေ့စဉ် သဘာဝဓါတ်ငွေ့တန်ဖိုး ယူရို သန်း ၂၀၀ မှ ယူရို သန်း၈၀၀ အကြား အမြဲတင်ပို့ ရောင်းချနေကြောင်း သိရသည်။

သမ္မတပူတင်၏ ယခုကိစ္စနှင့် ပတ်သတ်၍ တီဗွီတွင် ကြေငြာချက်၌ ရုရှားသည် သတ်မှတ် သဘာဝဓါတ်ငွေ့ ပမာဏကို ယခင်ဈေးနှုန်းအတိုင်း ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီး အပြောင်းအလဲအနေဖြင့် ငွေပေးချေမှပုံစံကို ယူရိုမှ ရူဘယ်သို့ ပြောင်းလဲခြင်းသာ ရှိသည်ဟု ပါရှိသည်။

အဆိုပါ ကြေငြာချက် ထွက်ပါ်လာပြီးနောက် ရုရှားရူဘယ်ဈေးနှုန်းများသည် ဈေးကွက်အတွင်း အနည်းငယ် ပြန်လည်ဦးမော့သွားခဲ့ပြီး ယခင် ၁ဒေါ်လာလျှင် ၉၅ ရူဘယ်အောက်ရောက်နေရာမှ ၁ဒေါ်လာလျှင် ၉၇.၇ အထိ ပြန်လည် ဈေးတက်သွားခဲ့သည်။

ဥရောပရှိ ရုရှား၏ သဘာဝဓါတ်ငွေ့ အဓိက တင်သွင်းသူနိုင်ငံများဖြစ်သော ဂျာမနီနှင့် ပိုလန်တို့က ပူတင်အနေဖြင့် ယခင် သဘောတူထားသော စာချုပ်ပါအချက်အလက်များကို မလေးမစားလုပ်ခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ပြီး ပိုလန် အစိုးရ သတင်းရင်းမြစ်များကတော့ ပိုလန်အနေဖြင့် လက်ရှိ စာချုပ်များ သက်တမ်းကုန်ဆုံးပါက စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒမရှိတော့ကြောင်း သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN, CNBC, Reuters
Photo: New York Post