Donald Trump

ဒေါ်နယ်ထရမ့်၏ Facebook နှင့် Instagram အကောင့်တို့ကို ပြန်လည်ဖွင့်ပေးတော့မည့် Meta

၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် အမေရိကန်လွှတ်တော်သို့ ထရမ့်ဘက်တော်သားများ ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့ပြီးနောက် သမ္မတဟောင်း ထရမ့်၏ Facebook နှင့် Instagram အကောင့်တို့ကို Metaက ပိတ်ထားခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ပြီး ယခုအခါ ပြန်လည်ဖွင့်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

ထရမ့်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲသို့ တဖန်ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေသည်ဖြစ်ရာ ယခုကဲ့သို့ Follower ၃၄ သန်းရှိသည့် facebook အကောင့်နှင့် Follower ၂၃ သန်းရှိသည့် Instagram အကောင့်တို့ ပြန်လည် ရရှိပါက လူထုအတွင်းသို့ ပိုမိုရောက်ရှိနိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ရံပုံငွေရှာဖွေရာတွင်လည်း အထောက်အကူရသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာတွင် တွစ်တာ၏ ပိုင်ရှင်အသစ်ဖြစ်သူ အီလွန်မက်ခ်စ်က ထရမ့်၏ တွစ်တာအကောင့်ကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း သူ့အနေဖြင့် ယခုအချိန်အထိ ပို့စ်တင်ခြင်း မရှိသေးကြောင်း သိရသည်။

ရွေးကောက်ပွဲဝင်မည့် သူများသည် လူထုနှင့် ပိုမိုဆက်သွယ်မှုရရှိရန် လွတ်လပ်စွာပြောဆိုခွင့် ရှိသင့်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသော်လည်း Meta ကမူ ၎င်းတို့အနေဖြင့် ထရမ့်၏ အကောင့်ကို စည်းမျဉ်းအသစ်များဖြင့် စောင့်ကြည့်သွားမည်ဖြစ်ပြီး အမုန်းစကားဖြန့်ပွားမှုများ ထပ်မံမဖြစ်ပွားစေရန် တားဆီးသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Meta ၏ နိုင်ငံတကာရေးရာ မူဝါဒအကြီးအကဲဖြစ်သူ နစ်ကလက်က ထရမ့်အနေဖြင့် ထပ်မံ၍ အမုန်းစကား ဖြန့်ဖြူးမှုများ ပြုလုပ်ပါက အဆိုပါ ပို့စ်၏ သက်ရောက်မှုအပေါ် မူတည်ကာ တစ်လမှ နှစ်နှစ်အထိ အကောင့်ထပ်မံ ပိတ်ပင်ခြင်း ပြုလုပ်သွားမည်ဟု သူ၏ ဘလော့တွင် ရေးသားခဲ့သည်။

Meta ၏ ထိုကြေငြာချက်အပေါ် မီဒီယာလောကတွင် အမြင်အမျိုးမျိုးဖြစ်ပေါ်ခဲ့ပြီး အချို့အဖွဲ့များက ထရမ့်အနေဖြင့် အလားတူ အမုန်းစကား ဖြန့်ဝေမှုများ ထပ်မံပြုလုပ်ခဲ့ပါက Meta ၏ အရေးယူမှုသည် မည်မျှအထိ ထိရောက်မည်ကို မသိရှိနိုင်ကြောင်း ဝေဖန်ခဲ့သည်။

အချို့မီဒီယာ သမားများကမူ အဆိုပါ ကြေငြာချက်ကို ထောက်ခံခဲ့ကြပြီး ရွေးကောက်ခံ သမ္မတလောင်းများသည် ၎င်းတို့၏ မူဝါဒကို ပြည်သူသို့ လွတ်လပ်စွာ ပြောဆိုခွင့်ရှိရမည်ဖြစ်ပြီး သို့မှသာ လူထုက ကောင်းသည်၊ ဆိုးသည် ခွဲခြားနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောဆိုခဲ့ကြသည်။

လက်ရှိတွင် ထရမ့်အနေဖြင့် Facebook နှင့် Instagram ကို မည်သို့ ပြန်လည်အသုံးပြုမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ သူ၏ ကိုယ်ပိုင် ဆိုရှယ်မီဒီယာဖြစ်သော Truth Social ကိုသာ အလေးပေးသုံးစွဲနေဦးမည်ဖြစ်ကာ တွစ်တာတွင်လည်း ပို့စ်များ တင်ဦးမည်မဟုတ်ကြောင်း သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: The Telegraph

သမ္မတဟောင်း ဒေါ်နယ်ထရမ့် NFT လုပ် ထုတ်ရောင်း

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် စူပါဟီးရိုး၊ အာကာသယာဉ်မှူး၊ Nascar driver စသည့်အသွင်အမျိုးမျိုးဖြင့် ပုံဖော်ထားသည့် NFT collections များကို ထုတ်လုပ်ကာ ဒီဂျစ်တယ်ကားချပ်ရောင်းဝယ်ရေး (digital trading cards) ကိုမိတ်ဆက်ခဲ့သည်။ ထရမ့်က အကန့်အသတ်ဖြင့်ထုတ်လုပ်ထားသည့် ယင်းကတ်များသည် သူ့ဘဝနှင့် career အတွက်ထူးခြားသော အနုပညာတစ်ခုဟု ပြောကြားခဲ့သည်။

ထရမ့်သည် သမ္မတအဖြစ် တတိယအကြိမ် ရွေးကောက်ပွဲဝင်ရန် ပြီးခဲ့သည့်လက စာရင်းသွင်းခဲ့သေးသည်။

“Donald Trump Digital Trading Card collection” များကို ဘော့စ်ဘောကတ်များကဲ့သို့ ဝယ်ယူနိုင်ပြီး ဒီဂျစ်တယ်နည်းဖြင့် သိမ်းဆည်းထားနိုင်သည်ဟု ထရမ့်က သူ၏ကိုယ်ပိုင်ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှတဆင့် ပြောကြားခဲ့သည်။

NFT တစ်ကတ်လျှင် ၉၉ ဒေါ်လာ ကျသင့်ပြီး ဝယ်ယူသူများက ညစာစားပွဲတက်ခွင့်၊ သူနှင့်အတူ ဂေါ့ဖ်ရိုက်ခွင့်စသည့် ဆုကြေးများ ကံစမ်းခွင့်လည်းရရှိမည်ဟုဆိုသည်။

NFT ဈေးကွက်သည် crypto နှင့်အတူ လွန်ခဲ့သောလအနည်းငယ်ကတည်း ကျဆင်းလျက်ရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလက ကမ္ဘာ့အကြီးဆုံး NFT ဈေးကွက်ဖြစ်သည့် Opensea သည် ၂၀၂၁ ဇွန်လကစ၍ ရောင်းဝယ်မှု အနိမ့်ဆုံးသို့ရောက်ရှိခဲ့သည်။

Reference: Bloomberg, BBC
Photo: Donald Trump Digital Trading Card collection

 

Trump ၏ Truth Social အပလီကေးရှင်းကို Approve ပေးလိုက်သည့် Google

ယခင် အမေရိကန် သမ္မတဟောင်း ထရမ့်၏ ကုမ္ပဏီမှ ပြုလုပ်ထားသော ဆိုရှယ်မီဒီယာ တစ်ခုဖြစ်သည့် Truth Social ကို Google ၏ Play Store တွင် ဒေါင်းလုပ်ပြုလုပ်နိုင်ရန် တင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း Google ၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။

Trump Media & Technology Group (TMTG) က ပိုင်ဆိုင်သည့် အဆိုပါ Truth Social အပလီကေးရှင်းသည် အမေရိကန်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက Apple ၏ App Store တွင် တင်ခွင့်ရခဲ့သော်လည်း Play Store တွင်မူ ပေါ်လစီခိုင်မာမှုမရှိဟု ဆိုကာ တင်ခွင့် မရခဲ့ပါ။

Google ၏ အဆိုအရ Truth Social ၏ ယခင် ပေါ်လစီတွင် အကြမ်းဖက်မှုကို လှုံဆော်ခြင်းများ၊ တစ်စုံတစ်ယောက်ကို ခြိမ်းခြောက်မှုများကဲ့သို့ ပို့စ်များကို ထိန်းသိမ်းကွပ်ကဲရန် ပေါ်လစီ မပါဝင်ခဲ့သောကြောင့် ကန့်သတ်ခဲ့ရခြင်းဖြစ်ပြီး ယခုအခါ အဆိုပါ ပေါ်လစီကို ထည့်သွင်းပြင်ဆင်ပြီးဖြစ်၍ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်တွင် Android ဖုန်းအသုံးပြုသူ ၄၀ ရာခိုင်နှုန်းခန့်ရှိရာ အပလီကေးရှင်းများ ဒေါင်းရန်အတွက် Play Store ကိုသာ အဓိကအသုံးပြုရသော်လည်း အချို့သော အသုံးပြုသူများသည် ဆမ်ဆောင်း၏ Galaxy Store ကဲ့သို့ အခြား Source များဖြင့် Truth Social ကို အသုံးပြုသူများလည်း ရှိနေသည်။

ထရမ့်အနေဖြင့်မူ ပြီးခဲ့သည့် ဇန်နဝါရီတွင် အမေရိကန် လွှတ်တော် အဆောက်အဦသို့ ဝင်ရောက်စီးနင်းမှု ဖြစ်ပွားစေရန် လှုံ့ဆော်သည်ဟုဆိုကာ Twitter, Facebook နှင့် YouTube တို့က ဘန်းခံရပြီးနောက် ယခုအခါတွင် Truth Social ကို သုံး၍ ဆိုရှယ်မီဒီယာများသို့ ပြန်လာနိုင်ပြီဖြစ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Aljazeera, BBC
Photo: The Guardian

အငြင်းပွားဖွယ်ရာ Trump ဟိုတယ်ကို အမေရိကန် GSA ရောင်းချခွင့်ပြုသဖြင့် ဝေဖန်မှုများ ထွက်ပေါ်

အမေရိကန် အထွေထွေစီမံဌာန (GSA) သည် ယခင် သမ္မတထရမ့် ငှားရမ်းဖွင့်လှစ်ထားသည့် ဝါရှင်တန်ရှိ Trump ဟိုတယ်ကို မိုင်ယာမီရှိ ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော CGI Merchant သို့ လက်လွှဲရောင်းချရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ဟိုတယ်နေရာမှာ အမေရိကန်အစိုးရပိုင် ရှေးဟောင်း စာတိုက်ရုံးတစ်ခုဖြစ်ပြီး GSA မှ စီမံခန့်ခွဲနေခြင်းဖြစ်ကာ ထရမ့်သမ္မတဖြစ်စဉ်အချိန်က မလျော်အာဏာအသုံးပြု၍ ယင်း အဆောက်အဦငှါးရမ်းခွင့်ကို ရယူခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်နေခဲ့သည့် ဟိုတယ်လည်းဖြစ်သည်။

GSA ၏ ဟိုတယ်ကို လွှဲပြောင်းရောင်းချခွင့်ပြုကြောင်း ကြေငြာစာတွင်တော့ ၎င်းတို့အနေဖြင့် ဝယ်လက်ကုမ္ပဏီဖြစ်သော CGI ၏ ဘဏ္ဍာရေးအခြေအနေနှင့် နောက်ခံရာဇဝင်တို့ကို သေချာစွာလေ့လာခဲ့ပြီးမှ ယခုကဲ့သို့ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။

CGI သည် နာမည်ကြီး ဟိုတယ်လုပ်ငန်းစုကြီးဖြစ်သော Hilton Worldwide နှင့် မိတ်ဖက်ကုမ္ပဏီလည်းဖြစ်ကာ ယခုလက်လွှဲဝယ်ယူမှု ပြီးဆုံးပါက ဝါရှင်တန်ရှိ အဆိုပါ ဟိုတယ်ကို Trump International Hotel အမည်မှ Waddorf Astoria ဟု အမည်ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

ထရမ့်အနေဖြင့် ၂၀၁၃ ခုနှစ်တွင် အဆိုပါဟိုတယ်လုပ်ပိုင်ခွင့်ကို လျှောက်ထားစဉ်အချိန်က အချက်အလက်အမှားများဖြင့် လျှောက်လွှာတင်ခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာချိန်တွင် GSA က ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းအပေါ် ဝေဖန်များစွာ ထွက်ပေါ်လာခဲ့သည်။

အထူးသဖြင့် ထရမ့်၏ ပြိုင်ဘက် ဒီမိုကရက် လွှတ်တော်အမတ်များက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီး GSA အနေဖြင့် ယခင် လုပ်ပိုင်ခွင့် ချထားချိန်တွင် တစ်ကြမ်မှားခဲ့ပြီဖြစ်ကြောင်းနှင့် ယခုတစ်ကြိမ် လွှဲပြောင်း ရောင်းချခွင့် ပြုလိုက်ခြင်းကြောင်း ထရမ့်အနေဖြင့် အမြတ်အစွန်းရရှိမည့်အပြင် စွပ်စွဲမှုများမှ ရှောင်ထွက်ရန် အခွင့်အရေးရသွားပြီဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။

ထရမ့်သည် အဆိုပါဟိုတယ် ငှါးရမ်းလုပ်ပိုင်ခွင့်ကို CGI ကုမ္ပဏီအား ဒေါ်လာ ၃၇၅ သန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုပြီး အကယ်၍သာ ယင်းဈေးအတိုင်း အရောင်းအဝယ်ဖြစ်ပါက ထရမ့်အနေဖြင့် ဒေါ်လာ သန်း ၁၀၀ ခန့်အမြတ်ရရှိမည်ဖြစ်သည်။

ထို့ကြောင့် အရောင်းအဝယ် အတည်မပြုနိုင်ခင် အချိန်အတွင်း GSA အနေဖြင့် ထရမ့်၏ လျှောက်လွှာတင်စဉ်က အချက်အလက်များကို ပြန်လည်သုံးသပ်သင့်ကြောင်း ပြိုင်ဘက် ဒီမိုကရက်အမတ်များက ဖိအားပေးလျက်ရှိပြီး မလျော်ကန်မှုများ တွေ့ရှိပါက ငှါးရမ်းထားမှုကို ရပ်ဆိုင်းရန်နှင့် လက်လွှဲရောင်းချခြင်းကို တားမြစ်ရန် အရေးဆိုလျက်ရှိသည်။

အဆိုပါ ဟိုတယ်မှာ ထရမ့်သမ္မတ ဖြစ်စဉ် အချိန်က သူ၏ ထောက်ခံသူများ စုဝေးရာ ဆုံမှတ်တစ်ခုဖြစ်သလို နိုင်ငံခြား သံတမန်များ လာရောက်လျှင်လည်း အဆိုပါနေရာမှာပင် တည်းခိုစေသဖြင့် ထိုစဉ်ကတည်းက ဒီမိုကရက်များ၏ မျက်စိစပါးမွှေးစူးခြင်းကို ခံရသည့် ကိစ္စဖြစ်ခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, Washington Post
Photo: CNN

ဝါရှင်တန်ရှိ ဟိုတယ်ကို ဒေါ်လာ ၃၇၅ သန်းဖြင့် ရောင်းချရန် ကြံစည်နေသည့် ထရမ့် မိသားစု

ဝါရှင်တန်ဒီစီတွင် Trump International Hotel အမည်ဖြင့် ဖွင့်လှစ်ထားသည့် အဆိုပါ ဟိုတယ်ကို မိုင်ယာမီ အခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သည့် CGI Merchant Group အား ထရမ့်မိသားစုက ဒေါ်လာ ၃၇၅သန်းဖြင့် ရောင်းချရန် ဈေးဆိုင်ထားကြောင်း သတင်းများ ပေါက်ကြားလာခဲ့ခြင်းဖြစ်သည်။

အဆိုပါဟိုတယ် ဖွင့်လှစ်ထားသည့် အဆောက်အဦသည် သက်တမ်း နှစ် ၁၂၀ ရှိပြီဖြစ်ပြီး ယခင်က အစိုးရစာတိုက်ဟောင်းကြီးတစ်ခုဖြစ်ကာ အမေရိကန်သမ္မတ အိမ်ဖြူတော်နှင့် တစ်မိုင်ခန့်သာ ကွာဝေးသည်။

ထိုကဲ့သို့ သမိုင်းဝင် အဆောက်အဦဖြစ်သည့်အတွက် အမေရိကန်အစိုးရ၏ နိုင်ငံပိုင် အိုးအိမ်မြေယာများကို စီမံခန့်ခွဲနေသော အထွေထွေစီမံဌာနထံမှ ထရမ့်မိသားစုသည် ၂၀၁၂ ခုနှစ်တွင် နှစ် ၆၀ ပိုင်ဆိုင်ခွင့် စာချုပ်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဟိုတယ်ဖွင့်လှစ်ရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၆ခုနှစ်၌ ထရမ့်သည် ရစ်ဘာပလစ်ကန် ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့ရသလို ယင်းနှင့် မရှေးမနှောင်းမှာပင် ဟိုတယ်ကိုလည်း စတင်ဖွင့်လှစ်နိုင်ခဲ့သည်။

ထရမ့် သမ္မတဖြစ်စဉ် ကာလအတွင်း၌လည်း ၎င်း၏ ထောက်ခံသူများနှင့် ရစ်ဘာပလစ်ကန် ပါတီနှင့် ဆက်စပ်သူများသည် အဆိုပါ ဟိုတယ်သို့ အရေးတယူ လာရောက်လည်ပတ် တည်းခိုကြကြောင်း သိရသည်။

ထရမ့်သည် ၎င်းသမ္မတ ဖြစ်နေစဉ် ကာလအတွင်း၌ ယင်းဟိုတယ်သည် အမြတ်အစွန်း သန်းရာချီဝင်ကြောင်း မကြာခဏ ထုတ်ဖော် ပြောကြားခဲ့ဖူးသော်လည်း ၎င်းတို့ မိသားစုသည် ယင်းဟိုတယ်ကို ၂၀၁၉ ခုနှစ်ကတည်းက ရောင်းချရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

သည့်အပြင် မကြာသေးမီကလည်း အမေရိကန် ကွန်ဂရက်မှ ပြုလုပ်သော စုံစမ်းစစ်ဆေးမှုများအတွင်း၌ အဆိုပါဟိုတယ်သည် ထရမ့်ပြောကြားခဲ့သလိုမျိုး အမြတ်အစွန်းများ ရရှိနေခြင်းမဟုတ်ဘဲ ထရမ့်၏ သမ္မတ သက်တမ်းအတွင်း၌ ဒေါ်လာ သန်း ၇၀ အရှုံးပြခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် စုံစမ်းရေးအဖွဲ့သည် အဆိုပါဟိုတယ်၏ ဝင်ငွေစာရင်းများ၌ နိုင်ငံခြား အစိုးရတစ်ခုမှ အခန်းငှားခအနေဖြင့် ပေးချေထားသော ဒေါ်လာ ၃.၇ သန်းကိုလည်း တွေ့ရှိခဲ့ရပြီး အဆိုပါ ငွေပမာဏဖြင့် အမှန်တကယ်တည်းခိုမည်ဆိုပါက ရက်ပေါင်း ၇၀၀၀ ကျော် တည်းနိုင်မည့် ပမာဏ ဖြစ်သည်။

ထရမ့် မိသားစုသည် ကွန်ဂရက်၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို ငြင်းချက်ထုတ်ထားပြီး မိမိတို့သည် မည်သည့် ကျူးလွန်မှုမျှ မလုပ်ခဲ့ကြောင်းနှင့် စုံစမ်းရေးအဖွဲ့များသည် အပြစ်မရှိ အပြစ်ရှာနေခြင်းဖြစ်ကြာင်း ပြန်လည် ချေပထားသည်။

ယခုအခါ ပေါက်ကြားလာသော သတင်းများအရ ထရမ့်မိသားစုနှင့် CGI Merchant Group တို့သည် ယမန်နှစ်ကတည်းက အရောင်းအဝယ်အတွက် ဆွေးနွေးနေကြခြင်း ဖြစ်ပြီး ကိုဗစ်-၁၉ကြောင့် ဟိုတယ်လုပ်ငန်းများ ရပ်နားနေရသဖြင့် ရှေ့ဆက်မတိုးကြခြင်းဖြစ်သည်။

သတင်းမီဒီယာများသည် CGI Merchant Group နှင့် ထရမ့်မိသားစုတို့ကို ယခု ပေါက်ကြားနေသော သတင်းများအတွက် အတည်ပြု မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့သော်လည်း နှစ်ဘက်လုံးက ငြင်းပယ်ခဲ့ကြောင်း သိရသည်။

Source: BBC, CNN, The Guardian, Bloomberg
Photo: NBC News

ဒူဘိုင်းစီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးက သမ္မတ Trump နှင့် စီးပွားရေးတိုးချဲ့လုပ်ကိုင်လို

အမေရိကန်ကော်ပရေးရှင်းကြီးများက သမ္မတ ဒေါ်နယ်ထရမ့်နှင့် ခွာပြဲလာကြသော်လည်း သမ္မတ၏ နိုင်ငံတကာစီးပွာရေးပါတနာရှင်ကြီးတစ်ဦးကတော့ Trump အနားတွင် ဆက်လက်ကျန်ရှိနေသေးသည်။

ထရမ့်ထောက်ခံသူများက အမေရိကန်လွှတ်တော်သို့အကြမ်းဖက်ဝင်ရောက်စီးနင်းမှုကြောင့် သမ္မတအား အရေးယူရန်ပြင်ဆင်နေကြသော်လည်း အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းကြီး DAMAC ၏ဥက္ကဌဖြစ်သူ Hussain Sajwani က ထရမ့်နှင့်ပူးတွဲ၍ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်လိုကြောင်း ဆိုသည်။

DAMAC သည် ဒူဘိုင်းရှိ Trump World Golf Club တွင် second 18-hole ဂေါက်ကွင်း တည်ဆောက်ပေးသူဖြစ်သည်။
“ကျွန်တော်တို့က Trump Organization နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး သမ္မတနဲ့ contract ဖျက်သိမ်းဖို့ လုံးဝစိတ်ကူးမရှိပါဘူး “ဟု Sajwani ကဆိုသည်။

အမေရိကန်ကုမ္ပဏီကြီးများစွာမှာ Capitol Hill ကိစ္စရပ်ကြောင့် သမ္မတထရမ့်နှင့်သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများအားလုံးနှင့် ကင်းကွာအောင် ခပ်ခွါခွါနေလျက်ရှိသည်။ Deutsche Bank ဘဏ်ကြီးက ထရမ့်စီးပွားရေးလုပ်ငန်းတွင် လက်ရှောင်ထားပြီး Signature Bank ဘဏ်က ထရမ့်၏ personal accounts များအား ပိတ်ပစ်လိုက်သည်။ နယူးယောခ်မြို့ရှိ ထရမ့် ဂေါ့ဖ်ကွင်း၊ Central Park Carousel, Wollman and Lasker ရေခဲပြင်စကိတ်ကွင်းစသည့် ထရမ့်ပိုင်စီးပွားရေးလုပ်ငန်းများနှင့်စာချုပ်များကိုလည်း အဆုံးသတ်တော့မည်ဖြစ်သည်။

Twitter နှင့် Facebook တို့ကလည်းသမ္မတ၏ အကောင့်များကိုရပ်ဆိုင်းထားပြီး ထရမ့် Bedminster ဂေါ့ဖ်ကလပ်တွင်း ကျင်းပမည့် ၂၀၂၂ ချန်ပီယံကစားပွဲများကိုလည်း PGA ကဖျက်သိမ်းလိုက်ပြီဖြစ်သည်။

သို့သော် DAMAC သည် ထရမ့်နှင့်ဆက်လက် လက်တွဲလုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း Sajwani ကဆိုသည်။

ဒူဘိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးသည် ထရမ့်၏ အခက်အခဲဆုံးအချိန်များတွင်လည်း ဘေးမှရပ်တည်ပေးခဲ့သူတဦးဖြစ်သည်။
“Trump ရဲ့နံမည် Brand ဟာလွန်ခဲ့တဲ့ ၁၂ လအတွင်း နိုင်ငံတကာအထိ အလွန်ကျော်ကြား ခိုင်မာလာပါတယ်။ ဒါဟာ အရောင်းအဝယ်နဲ့ပတ်သက်ပြီး ကောင်းတဲ့အချက်ဖြစ်တယ်လို့ ကျွန်တော်ထင်တယ်။ သူက လိင်၊ ဘာသာရေး စတဲ့တခြားအရာနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံတတ်သူ မဟုတ်ပါဘူး” ဟု Sajwani ကပြောကြားခဲ့သည်။

Sajwani သည် ထရမ့်မိသားစုနှင့်လည်း အချင်းချင်းအလွန်ရင်းနှီးသောဆက်ဆံရေးရှိသူဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် Sajwani ၏သမီးဖြစ်သူ မင်္ဂလာဆောင်သို့တက်ရောက်ရန် ဒေါ်နယ်ထရမ့်၏သားများဖြစ်သည့် Donald Trump Jr. နှင့် Eric Trump တို့ကို ဒူဘိုင်းသို့ဂျက်လေယာဉ် စေလွှတ်ပေးခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNN Business
Photo: Getty Images

သမ္မတထရမ့်အိမ်ဖြူတော်မှ ထွက်ခွါသွားတာနဲ့ သူ၏ဆိုရှယ်မီဒီယာအကောင့်များအရေးယူခံရနိုင်

သမ္မတဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်မှ ထွက်ခွါသွားတာနဲ့တပြိုင်နက် သူရဲ့ဆိုရှယ်မီဒီယာအကောင့်များဟာ အရေးယူ၊ ဖိအားပေးခြင်းတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်တယ်လို့ Twitter တည်ထောင်သူ Jack Dorsey နဲ့ Facebook တည်ထောင်သူ Mark Zuckerberg တို့နှစ်ဦးစလုံးကဆိုပါတယ်။

Facebook နဲ့ Twitter ဆိုရှယ်မီဒီယာ ပလက်ဖောင်းကြီးနှစ်ခုစလုံးဟာ ရွေးကောက်ခံသမ္မတလောင်းများ၊ ကမ္ဘာ့ခေါင်းဆောင်များ စတဲ့ထူးခြားတဲ့ပုဂ္ဂိုလ်တွေအတွက် အထူးအခွင့်အရေးအနေနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာ ခိုင်မာစွာ ပြောဆိုခွင့်၊ စွပ်စွဲပြောဆိုမှုတွေကို ခွင့်ပြုပေးထားပါတယ်။ တခါတရံ အဆိုပါအထူးအခွင့်အရေးခံ ပုဂ္ဂိုလ်တွေရဲ့ စကားလုံးတွေဟာ ပလက်ဖောင်းက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတာတောင်မှ ရေးသားပြောဆိုခွင့်ပေးထားပါတယ်။ အကယ်၍ သာမန်လူတစ်ဦးက သူတို့ရဲ့အကောင့်ကနေ ပလက်ဖောင်းက ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်း (community standard) တွေကိုချိုးဖောက်တဲ့ စာသားတွေ post တွေတင်မိတဲ့အခါ Twitter, Facebook တို့က post ကိုဖြုတ်ချပြီး အရေးယူတာမျိုး ပြုလုပ်ခံရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ယခုအခါမှာတော့ ထရမ့်ဟာ အိမ်ဖြူတော်က ထွက်ခွါသွားရတာနဲ့တပြိုင်နက် အဆိုပါအခွင့်ထူးတွေကို ရတော့မှာမဟုတ်တော့ပါဘူး။

“ကမ္ဘာ့ခေါင်းဆောင် မဟုတ်တော့တဲ့အကောင့်အတွက် အထူးအခွင့်အရေး စည်းမျဉ်းစည်းကမ်းတွေဟာလည်း ပျောက်ကွယ်သွားမှာပါ” လို့ Dorsey ကဆိုပါတယ်။

Zuckerberg ကတော့ သူ့ပလက်ဖောင်းရဲ့ အကြီးမားဆုံးစည်းကမ်းက မည်သည့် နိုင်ငံရေးအကြောင်းအရာကိုမှ ချွင်းချက်ပေးမှမဟုတ်ပါဘူး လို့ဆိုပါတယ်။ သမ္မတကိုယ်တိုင်က မှားယွင်းတဲ့စကားတွေပြောဆိုလျှင် (သို့မဟုတ်) ဥပဒေကိုချိုးဖောက်တဲ့ စကားတွေတင်လျှင် အများကဲ့သို့အရေးယူခြင်းကိုခံရမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေဟာ ဖြုတ်ချခံရသည်အထိ အရေးယူခံရနိုင်တယ်လို့ အချို့သတင်းမီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။

ယခုလက်ရှိအချိန်မှာ Jack နဲ့ Dorsey နှစ်ဦးစလုံးဟာ သူတို့ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်လွှတ်တော် ဆီးနိတ်အမတ်တွေရဲ့ စစ်ဆေးမေးမြန်းခြင်းကို ခံနေရတာဖြစ်ပါတယ်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

Source: CNN News
Photo: CNN News

 

စစ်တပ်နှင့် ဆက်နွယ်နေသော တရုတ်ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံခြင်းမပြုရန် ထရမ့်တားမြစ်

သမ္မတထရမ့်သည် ရွေးကောက်ပွဲပြီးသွားသော်လည်း သူ၏ လက်ကျန်ပါဝါကို အသုံးချကာ တရုတ်စစ်တပ်နှင့်ဆက်နွယ်သည် (သို့မဟုတ်) တရုတ်စစ်တပ်က ကျောထောက်နောက်ခံပြုသည်ဟု ယူဆရသော တရုတ်ကုမ္ပဏီများတွင် အမေရိကန်ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြုပ်နှံခွင့်မပြုကြောင်း တားမြစ်သည့်အမိန့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမိန့်၏ သက်ရောက်မှုကို တရုတ် ကုမ္ပဏီကြီးအချို့ပါ ရိုက်ခတ်မှု ခံရမည်ဖြစ်ပြီး ၎င်းတို့တွင် China Telecom Corporation, China Mobile Ltd. နှင့် လုံခြုံရေးသုံး ပစ္စည်းများ ထုတ်လုပ်နေသည့် Hikvision တို့ပါ ပါဝင်နေမည်ဖြစ်သည်။

ယခုအမိန့်သည် အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၊ ပင်စင်ရံပုံငွေများနှင့် အခြား စီးပွားရေးလုပ်ငန်းများကို ယခုနှစ် အစောပိုင်းက အမေရိကန် ကာကွယ်ရေးဌာနမှ ထုတ်ပြန်သည့် သံသယဖြစ်ဖွယ် တရုတ်ကုမ္ပဏီ ၃၁ ခုတွင် ရင်းနှီးမြှုပ်နှံခြင်းများကို ဟန့်တားရန်အတွက် ဖြစ်ကြောင်း သိရသည်။

အိမ်ဖြူတော်မှ ထုတ်ပြန်သည့် အမိန့်ကြေငြာချက်တွင် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ ငွေအရင်းအနှီးဘဏ္ဍများကို အသုံးပြု၍ ၎င်းတို့၏ စစ်မက်ရေးရာကဏ္ဍ၊ ထောက်လှမ်းရေးနှင့် အခြား လုံခြုံရေးဆိုင်ရာ ကိစ္စများကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်နေသည့်အတွက် ဟုဖော်ပြပါရှိပါသည်။

အဆိုပါအမိန့်သည် လာမည့် ဇန်နဝါရီ ၁၁ ရက်နေ့တွင် အာဏာသက်ရောက်မည်ဖြစ်ပြီး ဝါရှင်တန်ရှိ တရုတ်သံရုံးသည် လတ်တလောတွင် မှတ်ချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါ။

ယင်းအမိန့်တွင် ပါဝင်ခဲ့သည့် China Telecom ကုမ္ပဏီက ယခုအမိန့်ကြောင့် ၎င်းတို့၏ ရှယ်ယာတန်ဖိုးများကို ရိုက်ခတ်မှု ရှိလာနိုင်ကြောင်းနှင့် ပြီးခဲ့သည့် သောကြာနေ့မှာပင် ဟောင်ကောင် စတော့ဈေးကွက်၌ ၎င်းတို့၏ စတော့ရှယ်ယာတန်ဖိုးများ ကျဆင်းမှု ဖြစ်ပွားခဲ့သေးသည်။

အိမ်ဖြူတော် ကုန်သွယ်မှု အကြံပေး ပုဂ္ဂိုလ် ပီတာနာဗာရိုကတော့ လက်ရှိဈေးကွက်ထဲတွင် အမေရိကန်နိုင်ငံ၏ ထရီလီယံနှင့် ချီသော ရင်းနှီးမြှုပ်နှံငွေများသည် တရုတ်ကုမ္ပဏီများနှင့် ၎င်းတို့၏ လက်ဝေခံများထံတွင် ရောက်ရှိနေကြာင်း၊ ယခုအမိန့်သည် တရုတ်နိုင်ငံ စစ်ဘက်ကဏ္ဍ၏ အမေရိကန်အရင်းအနှီးငွေပေါ် တက်ထိုင်နေခြင်းအား ဖယ်ရှားတွန်းလှန်ခြင်း ဖြစ်ကြောင်း မီဒီယာများကို ဖြေကြားခဲ့သည်။

ယခုရွှေ့သောအကွက်သည် သမ္မတထရမ့်အဖို့ ရွေးကောက်ပွဲပြီးနောက် အကြီးဆုံး အကွက်ဖြစ်ပြီး ၎င်းအနေဖြင့် ရွေးကောက်ပွဲ ရလဒ်ကို စေဒကတက်ခြင်းအစား အာဏာမလွှဲမီကာလအတွင်း လက်ကျန်ပါဝါဖြင့် တရုတ်နိုင်ငံကို ရသလောက်ထိုးနှက်ရန် ကြံစည်မှုဟု လေ့လာသူများက သုံးသပ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ
Source: Reuters, CNBC
Photo: KCRA.com

 

သမ္မတသစ်ဂျိုးဘိုင်ဒန်အား ဂုဏ်ပြုစကားဆိုရန် နှောင့်နှေးနေသည့် ကမ္ဘာ့ခေါင်းဆောင်အချို့

ရီပတ်ပလီကန်သမ္မတ ဒေါ်နယ်ထရမ့်အား အနိုင်ယူခဲ့သည့် ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်၏အောင်မြင်မှုအပေါ် ကမ္ဘာ့ခေါင်းကြီးများထံမှ ဂုဏ်ပြုစကားများ အဆက်မပြတ်ရောက်ရှိလာနေသော်လည်း ယခုအချိန်ထိ ဂုဏ်ပြုစကားမဆိုသေးသည့် ကမ္ဘာ့ခေါင်းဆောင်အချို့ရှိနေသည်။

ထိုသူများထဲတွင် ရုရှားသမ္မတ Vladimir Putin နှင့် တရုတ်ခေါင်းဆောင်ကြီး Xi Jinping တို့လည်း အပါအဝင်ဖြစ်သည်။ ထိုကဲ့သို့နှုတ်ဆိတ်နေခြင်းက ဘိုင်ဒန်အတွက် သံတမန်ရေးဆိုင်ရာ စိန်ခေါ်မှုများလည်းဖြစ်လာနိုင်သည်။ ယင်းခေါင်းဆောင်ကြီးအချို့မှာ

တူရကီ
တူရကီ သမ္မတ Tayyip Erdogan သည် ထရမ့်လက်ထက်တွင် ဆီးရီးယားစစ်ပွဲအပါအဝင် အရှေ့အလယ်ပိုင်း၌ အကျိုးအမြတ်များစွာ ရရှိခဲ့သူဖြစ်သည်။ Erdogan သည်ပြီးခဲ့သည့် တနင်္ဂနွေနေ့က အာဖရိကအနောက်ဖက် Guinea ၏ရွေးကောက်ပွဲအပေါ် ဂုဏ်ပြုစကားဆိုခဲ့သော်လည်း ဘိုင်ဒန်၏ အောင်မြင်မှုအပေါ် ဂုဏ်ပြုစကားဆိုရန် နှုတ်ဆိတ်နေသူများထဲတွင် တဦးအပါအဝင်ဖြစ်သည်။ တူရကီက ရုရှားမှ ကာကွယ်ရေးစစ်လက်နက်များ ဝယ်ယူမှုအပေါ် ဆန်ရှင်ပိတ်ထားခံရခြင်းနှင့် ပတ်သက်ပြီး သမ္မတထရမ့်အား ဖြေလျှော့ရန် သိမ်းသွင်းနိုင်ခဲ့သူဖြစ်သည်။ သမ္မတသစ် ဘိုင်ဒင်သည် ယခင်က တူရကီ၏ ပြိုင်ဖက်ပါတီအား ထောက်ပံ့ပေးဖူးခဲ့သူဖြစ်သဖြင့် ဘိုင်ဒင် အစိုးရလက်ထက်တွင် Erdogan မှာ ပိုမိုတင်းကြပ်သော ဆန်ရှင်များဖြင့် ဖိအားပေးခံနိုင်ဖွယ်ရှိနေသည်။

တရုတ်
ထရမ့်သမ္မတဖြစ်သည့် ၂၀၁၆ ခုနှစ်တွင် သမ္မတရှီက ဂုဏ်ပြုစကားဆိုခဲ့သော်လည်း တရုတ်နိုင်ငံအပေါ် တားဆီးဆန့်ကျင်မှုများ ပြုလုပ်ဦးမည့် နောက်ထပ် အမေရိကန်သမ္မတကို နွေးထွေးစွာ ဂုဏ်ပြုစကားဆိုရန် တွန့်ဆုတ်နေသူဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသည့် တရုတ်မီဒီယာများက သမ္မတသစ်ဘိုင်ဒန်၏ အောင်မြင်မှုသည် တရုတ်အတွက် ကောင်းမွန်သောရလဒ်များပေးလိမ့်မည်ဟူ၍ အကောင်းမြင်စိတ်ဖြင့် ရေးသားဖော်ပြနေကြသော်လည်း ပြိုင်ဖက် နှစ်နိုင်ငံ၏ယှဉ်ပြိုင်တိုက်ခိုက်မှုများ ပြင်းထန်နေဦးမည်ဖြစ်သည်။ တရုတ်အစိုးရအကြံပေးများက ဘိုင်ဒန်အစိုးရသည် တရုတ်နိုင်ငံအပေါ် တားဆီးပိတ်ပင်မှုများအား အနည်းငယ်ဖြေလျှော့ပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။ ထိုင်ဝမ်သမ္မတ Tsai Ing-Wan ကတော့ “ကျွန်တော်တို့အတူတကွ တည်ဆောက်ခဲ့သည့် အဖိုးမဖြတ်နိုင်သော နှစ်နိုင်ငံ ဆက်ဆံရေးလောက် ခိုင်မာတာမရှိ” ဟူ၍ ဘိုင်ဒန်ကို အလျှင်အမြန်ဂုဏ်ပြုပေးခဲ့သူဖြစ်သည်။

မက္ကစီကို
မက္ကစီကန်သမ္မတ Andrés Manuel López Obrador ကရွေးကောက်ပွဲကိစ္စအားလုံး ပြီးဆုံးသွားသည်အထိ စောင့်ကြည့်ချင်ပြီး ထို့မတိုင်မီ အကျိုးမရှိသည့်စကားများ မဆိုချင်ဟု သတင်းထောက်များအား ပြီးခဲ့သည့် စနေနေ့ကပြောကြားခဲ့သည်။ အမေရိကန်နှင့် မက္ကစီကိုအကြား တံတိုင်းကာရန်မည့် သမ္မတထရမ့်က လူဝင်မှုနှင့်ပတ်သက်၍ မက္ကစီကိုအား အမြဲအပြစ်တင်လေ့ရှိသော်လည်း ခေါင်းဆောင်နှစ်ဦး၏ ဆက်ဆံရေးမှာ ရင်းနှီးနွေးထွေးခဲ့မှုများ ရှိခဲ့သည်။

မြောက်ကိုရီးယား
အမေရိကန်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပြောင်းလဲစေခဲ့သော သမိုင်းဝင်တွေ့ဆုံမှုအဖြစ် ထရမ့်နှင့် သုံးကြိမ်တိုင်တိုင်တွေ့ဆုံခဲ့သည့် မြောက်ကိုရီးယားသမ္မတ Kim Jong Un လောက် အကျိုးအမြတ်များစွာရရှိခဲ့သော ခေါင်းဆောင်မှာ အနည်းငယ်သာရှိပေလိမ့်မည်။ ယခုရွေးကောက်ပွဲရလဒ်အပေါ် သူလည်းနှုတ်ဆိတ်နေလျက်ရှိသည်။

ရုရှား
ရုရှား၏ထောက်ပံ့မှုဖြင့် ၂၀၁၆ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည်ဟု နံမည်ကျော်ခဲ့သည့်ထရမ့်မှာ သူ၏အစိုးရလက်ထက်တွင် ရုရှားနှင့် ပနံသင့်ခဲ့သော်လည်း ယခုသမ္မတသစ် ဘိုင်ဒန်လက်ထက်တွင် အခြေအနေများက ပြောင်းပြန်ပြောင်းလဲသွားတော့မည်ဖြစ်သည်။ ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပူတင်မှာ ရွေးကောက်ပွဲရလဒ်အား ရှင်းရှင်းလင်းလင်းကြေညာသည့်အချိန်အထိ စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီး
ထရမ့်ပြန်လည်ရွေးကောက်ခံရမည်ဟု မျှော်လင့်ထားခဲ့သည့် ဘရာဇီးသမ္မတ Jair Bolsonaro က ပြီးခဲ့သည့် နိုဝင်ဘာလ ၇ရက်နေ့တွင် အမေရိကန်နှင့် နိုင်ငံခြားသံတမန်ရေးရာနှင့်ပတ်သက်၍ ပြောကြားခဲ့သော်လည်း ဘိုင်ဒန်၏ အောင်မြင်မှုအပေါ် အထူးတလည်ပြောကြားသွားခဲ့ခြင်းမရှိပေ။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

Source: Bloomberg Quint
Photo: CNN

 

နည်းပညာကုမ္ပဏီကြီးတွေက ဘာ့ကြောင့် ဘိုင်ဒန်ကို သမ္မတဖြစ်စေချင်တာလဲ

အမေရိကန်ပြည်သူများ မဲပေးသည့်ရက် ပြီးဆုံးသွားသော်လည်း မဲရေတွက်မှု မပြီးဆုံးသေးသောကြောင့် မည်သူသမ္မတဖြစ်လာမည်ကို အတိအကျ ကြေညာနိုင်ခြင်း မရှိသေးပေ။ အကြိတ်အနယ်ဖြစ်နေသော မဲရလဒ်များကို ဆီလီကွန်ဗယ်လီမှ အမေရိကန် ကော်ပရိတ် လုပ်ငန်းကြီးများကပါ ရင်ခုန်စွာ စောင့်မျှော်လျက်ရှိသည်။

သမ္မတဒေါ်နယ်ထရမ့် လက်ထက်တွင် အခွန်လျှော့ပေါ့ပေးမှုကြောင့် အမေရိကန်လုပ်ငန်းကြီးများက ငွေကြေးအကျိုးအမြတ်များစွာခံစားခဲ့ရသော်လည်း ထရမ့်၏ ပေါ်လစီအားလုံးက အထူးသဖြင့် Tech ကုမ္ပဏီကြီးအများစုအတွက် အလုပ်မဖြစ်ခဲ့ပေ။

ထရမ့်က တရုတ်နှင့် trade war စတင်ခဲ့သောကြောင့် နည်းပညာ supply chain များကိုထိခိုက်စေခဲ့သည်။ ထို့အပြင် နည်းပညာလုပ်ငန်းတွင် အရေးပါသည့် နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအပါအဝင် နိုင်ငံခြားအလုပ်သမားများအပေါ် ဗီဇာတင်းကြပ်ခဲ့မှုကြောင့် အခက်တွေ့ခဲ့ရသည်။ ထို့ပြင် အမေရိကန်အစိုးရက Google ကုမ္ပဏီအပေါ် တရားစွဲမှုများပြုလုပ်ခဲ့သေးသည်။

ဧရာမနည်းပညာကုမ္ပဏီကြီးများဖြစ်သည့် Apple, Amazon, Microsoft, Google, Facebook, Tesla နှင့် Netflix တို့အားလုံး စုစုပေါင်းတန်ဖိုးသည် ၂၀၁၆ ရွေးကောက်ပွဲနောက်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၈ ထြီလျံထိ တန်ဖိုးမြင့်တက်လာခဲ့သော်လည်း ထိုနည်းပညာကုမ္ပဏီများက သမ္မတအပြောင်းအလဲ ဖြစ်လာဖို့သာ တောင့်တနေကြသည်။ တနည်းဆိုသော် ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်ကို သမ္မတဖြစ်စေချင်သည့် အဓိက အကြောင်းအရင်းအချို့ရှိနေသည်။

ပြည်ဝင်ခွင့်
ဆီလီကွန်ဗယ်လီကဲ့သို့နည်းပညာရပ်ဝန်းတွင် ပြည်ပမှ နည်းပညာကျွမ်းကျင်ပညာရှင် အများအပြား နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိနေစဉ် ထရမ့်က အမေရိကန်နိုင်ငံသားများကိုသာ ဦးစားပေးပြီး နိုင်ငံခြားသားများအပေါ် တားဆီပိတ်ပင်မှုများ ပြုလုပ်လျက်ရှိသည်။

သမ္မတလောင်း ဘိုင်ဒန်က နိုင်ငံခြားသားများ လာရောက်အခြေချနေထိုင်ခွင့်နှင့် ပတ်သက်၍ဖြေလျှော့ပေးမှု ရှိပြီး အမေရိကန်စီးပွားရေးအတွက် အကျိုးရှိမည့် ဆုံးဖြတ်ချက်များချမှတ်ပေးလိမ့်မည်ဟု နည်းပညာကုမ္ပဏီများက ယူဆထားကြသည်။

ဆီလီကွန်ဗယ်လီမှ Google, Microsoft, Tesla စသည့် ထိပ်တန်းကုမ္ပဏီများ၏ CEO များမှာ အမေရိကားတွင် လာရောက်အခြေချအလုပ်လုပ်ကိုင်နေသူများ ဖြစ်သည်။

တရုတ်
ထရမ့်အစိုးရက တရုတ်နှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် Huawei ၊ Tik Tok စသည့် နည်းပညာလုပ်ငန်းများအပါအဝင် တရုတ်သို့တင်ပို့နေသည့် အမေရိကန် semiconductor ထုတ်လုပ်သူများအပေါ် တင်းကြပ်သည့်စည်းမျဉ်းများ ချမှတ်ခဲ့သည်။ အိမ်ဖြူတော်မှလည်း Made in China ကုန်ပစ္စည်းမှန်သမျှ အခွန်တိုးမြှင့်ကောက်ခံမှုများပြုလုပ်ခဲ့ပြီး ထရမ့်က ကုန်ထုတ်လုပ်ငန်းများအားလုံး အမေရိကန်သို့ ပြန်ခေါ်ယူလိုနေသည်။ ဈေးကြီးသော တရုတ်ထုတ်ကုန်ပစ္စည်းများကြောင့် အမေရိကန်အား ပြည်တွင်း ထုတ်ကုန်များကိုသာ ဦးစားပေးထုတ်လုပ်သုံးစွဲစေချင်သည့် သဘောဖြစ်သည်။ သို့သော် ထိုနည်းလမ်းက နည်းပညာလောကအတွက် အသုံးဝင်သည့် နည်းလမ်းမဟုတ်ပေ။

ထို့ကြောင့် အမေရိကန်ဈေးကွက်မှ တရုတ်စားသုံးသူများကို လက်လွှတ် မဆုံးရှုံးစေရန် ဘိုင်ဒန်က တရုတ်နှင့်ပတ်သက်၍ တင်းကြပ်ထားသော စည်းကမ်းများ ဖြေလျှော့ပေးလိမ့်မည်ဟု Wall Street Analyst များကခန့်မှန်းထားကြသည်။ Apple ကုမ္ပဏီ၏ ရောင်းအား ၁၅% မှာ တရုတ်စားသုံးသူများထံမှ ရရှိနေခြင်းဖြစ်သည်။ ထို့အပြင် semiconductor ထုတ်လုပ်သူ Intel နှင့် AMD တရုတ်ဈေးကွက်အား များစွာအားထားနေရသည်။

သို့သော် သမ္မတလောင်း နှစ်ဦးနှစ်ဖက်စလုံးက နည်းပညာနှင့် ပတ်သက်၍ အမေရိကန်၏ နည်းပညာလုံခြုံမှုရှိစေရေးကိုတော့ ဦးစားပေးစဉ်းစားရမည်ဖြစ်ပြီး ထိုပြဿနာအား ကိုင်တွယ်ဖြေရှင်းပုံသာ ကွာခြားသွားမည်ဖြစ်သည်။

Source: CNN Business
Photo: Telegraph