covid19

တရုတ်တွင် ကိုဗစ်ပျံ့နှံ့မှုကြောင့် ရထား ၇၀% ကို ပြေးဆွဲခြင်းမပြု

၂၀၂၂ နှစ်စမှစ၍ ကိုဗစ်ရောဂါပိုးကို တရုတ်ပြည်တွင်း အနည်းငယ်ပြန်လည်၍ တွေ့ရှိမှုမှသည် ပြီးခဲ့သည့် မတ်လ နှောင်းပိုင်းတွင် ပိုးတွေ့ရှိမှုမြင့်တက်လာခဲ့ပြီး ယခုအချိန်တွင် ပိုးတွေ့ရှိသူအသစ် စုစုပေါင်း ၂၃,၀၀၀ ကျော် ရှိလာနေပြီဖြစ်သည်။
ယခုတကြိမ်တွင်မူ တရုတ်မြို့ကြီး ရှန်ဟိုင်းတွင် ပိုးတွေ့ရှိမှု ၁၄,၄၇၃ ဖြင့် အများဆုံးဖြစ်နေပြီး ဝူဟန်အစား Shanghai Outbreak ဟုပင်ခေါ်ဝေါ်နေကြသည်။

ထို့ကြောင့် တရုတ်အမျိုးသားရထားလိုင်းများသည် ခရီးသည်တင်ရထား အစီးရေ ၃,၀၀၀ ထက်နည်းသော ပမာဏဖြင့်သာ နေ့စဉ် ပြေးဆွဲပေးလျက်ရှိသည်။
ရထားအာဏာပိုင်များက ကိုဗစ်ဒဏ်ကို အပြင်းအထန်ခံနေရသည့် နေရာများတွင် ခရီးသည်တင် ရထားများပြေးဆွဲမှုကို ဆိုင်းငံ့ထားကြောင်းကို တရုတ်အစိုးရပိုင်ရထားကုမ္ပဏီ China State Railway Group Co. Ltd က အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ရထားအာဏာပိုင်များသည် ရပ်နားထားရသည့် ခရီးသည်တင်ရထားအစီးရေပမာဏကို မထုတ်ပြန်ခဲ့သော်လည်း ဆင်ဟွာသတင်းဌာန၏ ထုတ်ပြန်ချက်အရ ကပ်ဘေးမတိုင်မီက ပုံမှန်အချိန်များတွင် နေ့စဉ် ပြေးဆွဲသော ရထားအစီးရေမှာ ပျမ်းမျှအားဖြင့် ၈,၅၃၈ စီး ခန့် ရှိသည်ဟု ဆိုသည်။

ရထားများသာမကပဲ ကုန်တင်ကားများ၏ တန်းစီစောင့်ဆိုင်းနေရသော အခက်အခဲများကြောင့် ပြည်တွင်း ကုန်စည်စီးဆင်းမှုမှာ ပိုမိုအခက်ကြုံလာရသည်။
တရုတ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြည်နယ်အသီးသီးရှိ ဒေသတွင်းအစိုးရအဖွဲ့များကို မလိုအပ်ဘဲ စည်းမျဉ်းတင်းကြပ်မှုများ မပြုလုပ်ရန် တိုက်တွန်းထားရသည်။
ပိုးတွေ့မှုအများဆုံး နေရာဖြစ်နေသော လက်ရှိ ရှန်ဟိုင်းရှိ ပြည်သူလူထုမှ မသွားလာရစည်းမျဉ်းများနှင့် ပို့ဆောင်ရေး နှောင့်နှေးမှုများကြောင့် လတ်ဆတ်သော အစားအသောက်များ နည်းပါးလာနေသည်ဟု သိရသည်။
အချို့သော ရှန်ဟိုင်းနေရာများတွင် အိမ်မွေးတိရိစ္ဆာန်များကို သေသည်အထိ ရိုက်နှက်နေသောသူများ၏ ဗီဒီယိုများ၊ အစားအသောက်အတွက် ခက်ခက်ခဲခဲရှာဖွေနေရသော ဗီဒီယိုများ အွန်လိုင်းပေါ်တွင် ပျံ့နှံနေသည်ဟု Fortune သတင်းဌာနက ရေးသားထားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Caixing Global, SupChina, World Data, Fortune
Image: Orient Rail Journey – Fuxing Hao

ကူးစက်နှုန်းမြင့်မားလာခြင်းနှင့်အတူ covid-19 မူဝါဒသစ်များနှင့်ဂျာမနီ

ဂျာမနီနိုင်ငံတွင်း Covid-19 ကာကွယ်ဆေး ထိုးနှံရေးအား အရှိန်မြှင့်တင်ရန် လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိရာ ကျန်းမာရေးအာဏာပိုင်များ အနေဖြင့်စည်းမျည်းသစ်တစ်ခုအား ချမှတ်ခဲ့သည်။ အဆိုပါ စည်းမျည်းသည် ကာကွယ်ဆေးမထိုးနှံရသေးသော အလုပ်သမားများအနေဖြင့် Quarantine ပြီးဆုံး၍ နေအိမ်သို့ ပြန်ချိန်တွင် ထောက်ပံ့ကြေးများ နှင့် လုပ်ခလစာမပေးအပ်ခြင်း စသည့် ပြစ်ဒဏ်များပါဝင်သော မူဝါဒတစ်ခုကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ကူးစက်ခံရသူတစ်ဦးနှင့်ထိတွေ့ပြီးနောက် သို့မဟုတ် အန္တရာယ်ရှိသောနိုင်ငံတစ်ခုမှဂျာမနီသို့ပြန်လာချိန်တွင် သီးခြားစွာနေရန် တင်းကြပ်စွာ သတ်မှတ်ခဲ့ကြပြီး ထိုလူများထဲမှ ကာကွယ်ဆေးမထိုးနှံရသေးသည့် လူများသည်နိုင်ငံတွင်းရှိ ထောက်ပံ့ငွေကြေးများနှင့် သက်ဆိုင်ရာ လုပ်ခလစာများပါ ဖြတ်တောက်ခြင်းခံရမည်ဖြစ်သည်။

နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဖြစ်သူ Jens Spahn ၏ ပြောကြားချက်အရ ဂျာမနီတွင်ကာကွယ်ဆေးထိုးနှံခြင်းသည် မိမိ ဆန္ဒအလျောက် ဆုံးဖြတ်နိုင်သော်လည်း ဤဆုံးဖြတ်ချက်နှင့်အတူငွေကြေးအကျိုးဆက်များကိုတာဝန်ယူရမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ကြောင့် လာမည့် နိုဝင်ဘာလ ၁ ရက်နေ့မတိုင်မီ ၎င်း မူဝါဒအား သက်ရောက်မည်ဖြစ်ပြီး ထောက်ပံ့ငွေများ စတင်ဖြတ်တောက်မည်ဟု အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဂျာမနီနိုင်ငံတွင် လူဦးရေ ၆၇ ရာခိုင်နှုန်းသာ Coronavirus ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံထားပြီး နိုင်ငံတွင်း ကူးစက်မှုများ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

အသစ်ပြုလုပ်ထားသော မူဝါဒပြောင်းလဲပြီးနောက်တွင် ဆက်လက်တင်းကြပ်မည်ဖြစ်ပြီး ယခင်က ဂျာမနီနိုင်ငံအတွင်း မည်သည့်နေထိုင်သူမဆို အခမဲ့ပြုလုပ်ခွင့်ပေးထားသည့် antigen စမ်းသပ်မှုအားလည်း ရပ်ဆိုင်းမည်ဖြစ်သည်။ ထို့နောက် စားသောက်ဆိုင်များ၊ အားကစားရုံများနှင့် ဆံပင်ညှပ်ဆိုင်ကဲ့သို့ စီးပွားရေးလုပ်ငန်းများအတွင်းသို့ ဝင်ရောက်ရန် အသိအမှတ်ပြု negative စာရွက်လိုအပ်မည်ဖြစ်ကာ အောက်တိုဘာလ ၁၂ ရက်မှ စတင်၍ ပြင်းထန်သော တင်ကြပ်မှုများ ဖြစ်လာဦးမည်ဟု သိရှိရသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

Source: The New York Times, Reuters, Facebook, Twitter, Reddit

Covid-19 ကြောင့် July လတွင် စံချိန်တင်သေဆုံးမှုနှင့် ကြုံတွေ့ခဲ့ရသည့် Russia

ရုရှားနိုင်ငံရှိ စာရင်းအင်းအေဂျင်စီ တစ်ခု၏ အစီရင်ခံချက်သစ်တစ်ခုအရ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများသည် ဇူလိုင်လတွင် စံချိန်တင်သေဆုံးမှုနှင့်ကြုံတွေ့ခဲ့ရသည်ဟု သိရှိရသည်။

အဆိုပါ အစီရင်ခံစာအား Rosstat အေဂျင်စီမှထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ဇူလိုင်လအတွင်း COVID-19 ဝေဒနာခံစားနေရသူ ၅၀,၄၂၁ ဦး သေဆုံးခဲ့ပြီး ယခင် ဒီဇင်ဘာလ၏ စံချိန် ဖြစ်သော ၄၄,၄၃၅ ထက်သိသိသာသာပိုများခဲ့သည်။

သို့သော်လည်း အေဂျင်စီအနေဖြင့် သေဆုံးမှု ၃၈,၉၉၂ သာ စာရင်းရရှိခဲ့ပြီး ကျန် ၅,၂၀၆ ဦးမှာ ကိုဗစ်ရောဂါပိုးကြောင့် ဟု အကဲဖြတ်ရန် လက္ခဏာများ ပိုမိုလိုအပ်လျက်ရှိနေခဲ့သည်ဟုသိရှိရပြီး သေဆုံးစာရင်းတွင် ပါဝင်ဆက်နွယ်ခဲ့ခြင်းမရှိဟု အေဂျင်စီအနေဖြင့် ပြန်လည်ထုတ်ပြန်ကြေငြာခဲ့ရသည်။

ဇူလိုင်လ နှောင်းပိုင်းတွင် ကောက်ခံရရှိသော စာရင်းများအရ ရုရှား၌ Covid-19 နှင့်ဆက်နွယ်သော သေဆုံးမှု စုစုပေါင်းသည် ၂၁၅,၂၆၅ ရှိပြီး အမျိုးသား coronavirus လုပ်ငန်းအဖွဲ့၏ကိုးကားချက်အရ ၁၈၀,၈၄၀ ထက်ပိုများသည်ဟုလည်း ကြေငြာချက်တွင်ပါရှိသည်။

ရုရှား၏ Covid-19 ကာကွယ်ဆေးထိုးနှံမှုသည် အခြားသော နိုင်ငံများထက် နောက်ကျလျက်ရှိပြီး ဩဂုတ်လ လယ်မှ စတင်ကာ နိုင်ငံလူဦးရေ ၁၄၆ သန်း၏ ၄ ပုံ ၁ ပုံခန့်သာ ကာကွယ်ဆေးတစ်ကြိမ်ထိုးနိုင်ခဲ့ပြီး ၎င်း၏ ၂၀% သည်သာ အပြည့်အဝ ကာကွယ်နိုင်သေးသည်ဟု မှတ်တမ်းများအရ သိရှိရသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

Source: AP News, Yahoo News, Register-herald

နိုင်ငံအရေးပေါ်အခြေအနေကြေညာပြီးနောက် ဂျပန်အိုလံပစ်သို့ ပရိတ်သတ်လာကြည့်ခွင့်ပိတ်ပင်

ကိုဗစ်-၁၉ ကူးစက်မှုအသစ်ကြောင့် ဂျပန်နိုင်ငံအား အရေးပေါ်အခြေအနေဟုကြေညာပြီးနောက် မကြာခင်ကျင်းပတော့မည့်အိုလံပစ်ပြိုင်ပွဲများသို့ ပွဲကြည့်ပရိတ်သတ်လာရောက်ခွင့် ပိတ်ပင်လိုက်သည်။ နိုင်ငံ့အရေးပေါ်ကာလသည် တနင်္လာနေ့မှစ၍ သြဂုတ်လ ၂၂ ရက်ထိ တလျှောက်လုံးအကြုံးဝင်မည်ဖြစ်သည်။

ပွဲကျင်းပသူများက ယခင်ကတည်းက နိုင်ငံတကာမှ ပရိတ်သတ်လာရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားခဲ့ကာ ပြည်တွင်းပရိတ်သတ်များအား လူဦးရေ ၁၀,၀၀၀ အထိ ကန့်သတ်ထားခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲကာလအတွင်း ဗိုင်းရပ်စ်ပျံ့နှံမှုထိန်းချုပ်ရန် အလွန်ခက်ခဲနေပြီး အားကစားသမားများနှင့် အခြားသူများထံသို့ ကူးစက်မခံရစေရန် ကာကွယ်ပေးဖို့ ဖိအားများစွာရှိနေသည်။ ပြိုင်ပွဲဝင်ရောက်ယှဉ်ရန်အတွက် နိုင်ငံတကာမှ လူ ၁၁၀၀၀ ခန့် နှင့် ဝန်ထမ်း ထောင်ချီ၍ ဂျပန်သို့လာရောက်ဖို့ရှိနေသည်။ WHO ဒေတာများအရ ဂျပန်နိုင်ငံတဝှမ်းတွင် ကိုဗစ်ကူးစက်ခံရသူပေါင်း ၈၁၁,၀၀၀ ဦးခန့်ရှိနေပြီး ၁၄,၈၀၀ ကျော်သေဆုံးခဲ့သည်။ ဂျပန်တွင် ကိုဗစ်ကာကွယ်ဆေး ရရှိမှုနှေးကွေးနေပြီး လူဦးရေ၏ လေးပုံတပုံခန့်သာ ကိုဗစ်ဆေး ပထမအသုတ်ထိုးနှံထားကြောင်း Reuters သတင်းက ဖော်ပြထားသည်။

၂၀၁၆ Rio Games တွင် လက်မှတ်အစောင်ရေ ၆ သန်းကျော်ရောင်းချနိုင်ခဲ့ကာ ဒေါ်လာ ၁.၂ ဘီလီယံခန့်ဝင်ငွေရရှိခဲ့သော်လည်း ယခုနှစ်တွင်ကျင်းပမည့် ပရိတ်သတ်မဲ့ အိုလံပစ်ပွဲကြောင့် လက်မှတ်ရောင်းအားထိုးဆင်းသွားမည်ဖြစ်သည်။ ၂၀၂၀ ဂျပန်အိုလံပစ်သည် ကိုဗစ်ကြောင့် အချိန်တနှစ်ကျော် ရွှေ့ဆိုင်းခဲ့ရသည့်အတွက် ပြိုင်ပွဲကုန်ကျစရိတ်မှာ ခန့်မှန်း ဒေါ်လာ၁၅.၃ ဘီလီယံခန့် မြင့်တက်ခဲ့ပြီး ရောင်းချရမည့် လက်မှတ်ဝင်ငွေ ဒေါ်လာ ၈၁၅ သန်းမှာ သုညနီးပါးရောက်ရှိတော့မည်ဖြစ်သည်။

Source: CNBC Business, Reuters
Photo: The Japan Times

Seattle မြို့လယ်တွင် ရက်တို Covid-19 ယာယီဆေးခန်းဖွင့်လှစ်ပေးမည့် Amazon

ကမ္ဘာကျော် နည်းပညာနှင့် Ecommerce လုပ်ငန်းစုကြီး တစ်ခုဖြစ်သည့်Amazon သည် မကြာသေးမီက Seattle မြို့ကြီးတွင် Covid-19 ကာကွယ်ဆေးများ ရရှိနိုင်ရန် ယာယီ ဆေးခန်းတစ်ခုဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုတစ်ရက်တာ ယာယီဆေးခန်းကို Amazon ဌာနချုပ်ရှိ Seattle မြို့လယ်တွင် လာမည့် တနင်္ဂနွေနေ့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဝါရှင်တန် အုပ်ချူပ်ရေးမှူး Jay Inslee နှင့် ပြီးခဲ့သည့် ကြာသာပတေးနေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု သိရှိရသည်။

“အမှန်အတိုင်းပြောရရင် Covid-19 ဟာတိုင်းပြည်အတွက်သာမက ကမ္ဘာအတွက်ရော၊ ဝါရှင်တန်အတွက်ပါ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ ဒီပြည်နယ်တွေမှာ နေထိုင်နေကြတဲ့ ပြည်သူတွေကိုကယ်တင်ဖို့နှင့်အတူ ၎င်းတို့နှင့် စီးပွားရေးပြန်လည်တည်ဆောက်ပြီး Covid စာမျက်နှာကိုမြန်နိုင်သမျှ မြန်မြန်ပြီးဆုံးရန် စိတ်အားထက်သန်လျက်ရှိသည်။ ” ဟု Amazon ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ဂျေးကာနီက အဆိုပါသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ယခုအခါ ဝါရှင်တန်ပြည်နယ်အတွင်းတွင် အသက်၆၅ နှစ်နှင့် အထက်လူကြီးများ အပြင် အသက်၅၀ နှင့်အထက် လူပေါင်းများစွာကို ကာကွယ်ဆေးထိုးရန်ခွင့်ပြုထားပြီး Seattle ရှိဗာဂျီးနီးယား Mason ဆေးဘက်ဆိုင်ရာစင်တာနှင့်လက်တွဲကာ အရည်ချင်းပြည့်မီသော ကျန်းမာရေးအဖွဲ့ဝင်များ အင်အားဖြင့် ကာကွယ်ဆေး ၂၀၀၀ ခန့်ကို စီစဉ်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟုလည်း ထပ်မံသိရှိရသည်။ ထို Covid ကာကွယ်ဆေးများကို ထောက်ပံ့ပို့ဆောင်ရေးနည်းလမ်းများ အစုံအသုံးပြုကာ ကူညီရန်အခွင့်အလမ်းများ ရှာဖွေလျက်ရှိသည်ဟုလည်း Amazon ပြောရေးရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒင်နှင့်အခြားသော တာဝန်ရှိသူများသည်လည်း Covid-19 ကာကွယ်ဆေးများကို ရှေ့တန်းလုပ်သား ကျန်းမာရေးအဖွဲ့ဝင်များအား ဦးစားပေး ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်ပေးရန် တောင်းဆိုလျက်ရှိရာ ကာကွယ်ဆေးထိုးရန် ကြိုးပမ်းမှုများအတွက် Amazon သည် ၎င်း၏ Operation များ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများကို ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းမှုများလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBCTech, kiro7, businessInsider

Pfizer ကာကွယ်ဆေးထိုးနှံထားသည့် သူနာပြုတစ်ဦးကိုဗစ်ကူးဆက်ခံရ

ကယ်လီဖိုးနီးယားမှ အသက် ၄၅နှစ်အရွယ်ရှိ သူနာပြုတစ်ဦးသည် Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့ပြီး တစ်ပတ်ကျော်အကြာတွင် ကိုဗစ်စစ်ဆေးရာ Positive ပြခဲ့ကြောင်း ABC သတင်းဌာနက ပြီးခဲ့သည့် အင်္ဂါနေ့ကထုတ်ပြန်ခဲ့သည်။

Matthew W ဆိုသူ သူနာပြုသည် ဆေးရုံနှစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့က Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့ကြောင်း သူ၏ Facebook စာမျက်နှာတွင်ရေးသားခဲ့သည်။ ကာကွယ်ဆေးထိုးနှံပြီးနောက် တစ်ရက်ခန့် လက်မောင်းနာကျင်ခဲ့သော်လည်း အခြားဘေးထွက်ဆိုးကျိုးများ မခံစားခဲ့ရကြောင်း သူကဆိုသည်။

ထို့နောက် Covid ကုသရေးဌာန၌ အလုပ်လုပ်နေစဉ် ဆေးထိုးပြီး ၆ရက်အကြာ ခရစ်စမတ်အကြိုနေ့က ဖျားနာခဲ့ပြီး အေးစိမ့်စိမ့်ဖြစ်ကာ ကြွက်သားများနာကျင်၍ ပင်ပန်းနွန်းနယ်နေခဲ့သောကြောင့် နီးစပ်ရာ ဆေးရုံတွင် ကိုဗစ်စစ်ဆေးမှုခံယူခဲ့ရာ Positive အဖြေထွက်ခဲ့ကြောင်း သူကဆိုသည်။

ကိုဗစ်စမ်းသပ်ချက်ရလဒ်များအရ ကာကွယ်ဆေးထိုးနှံပြီးလျှင် ခန္ဓာကိုယ်ထဲတွင် ဗိုင်းရပ်စ်ခုခံကာကွယ်မှုစတင်ရန် အချိန် ၁၀ ရက်မှ ၁၄ ရက်အထိလိုအပ်ကြောင်း San Diego မှကူးစက်ရောဂါပညာရှင် Christian Ramers ကဆိုသည်။ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံချိန်တွင် ၅၀% ကာကွယ်မှုပေးနိုင်ပြီး ဒုတိယအကြိမ်ထိုးနှံပြီးလျှင် ၉၅% ထိစိတ်ချရပြီဖြစ်ကြောင်း သူကထပ်လောင်းပြောကြားခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: ABC News, South China Morning Post
Photo: Bloomberg

နိုင်ငံတကာခရီးသွားဧည့်သည်များအားလုံးကို ထိုင်းစတင်လက်ခံ

ထိုင်းနိုင်ငံသည် ကိုရိုးနားဗိုင်းရပ်စ်ကူးစက်မှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း ရက်ရှည်နေထိုင်ခွင့်ပါဝင်သည့် အထူးခရီးသွားဗီဇာ (Special Tourist Visa – STV) ဖြင့် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခွင့် ပြုပေးလိုက်ပြီဖြစ်သည်။

သို့သော် ခရီးသည်များအားလုံးသည် ၁၄ ရက်ကြာ Quarantine ဝင်ရန်လိုအပ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒုဝန်ကြီး Rachada Dhnadirek ကဆိုသည်။

ထိုင်းအစိုးရက လေကြောင်းလုပ်ငန်းနှင့် အခြားခရီးသွားကဏ္ဍကို ပြန်လည်ကယ်တင်ရန်ကြိုးပမ်းလိုစိတ်ဖြင့် အဆိုပါဗီဇာချပေးရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် အောက်တိုဘာလကတည်းက ကိုဗစ် risk နည်းသော နိုင်ငံများအတွက်သာ သီးသန့် အထူးခရီးသွားဗီဇာ STV အားချထားပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုစီမံချက်က မျှော်လင့်ထားသည်ထက် အလွန်နည်းပါးသော ခရီးသည်များသာ ဝင်ရောက်လာခဲ့သည်။ ထိုဗီဇာဖြင့် နိုင်ငံပေါင်း၂၉ နိုင်ငံမှ ခရီးသွား ၈၂၅ ဦးသာ ထိုင်းနိုင်ငံသို့ဝင်ရောက်ခဲ့ကြောင်း ဇိမ်ခံရွက်လှေ ၆ စင်းသာအသုံးပြုသူရှိခဲ့ကြောင်း Ms Rachada ကဆိုသည်။ STV ဗီဇာသည် အများဆုံး ၉ လအထိနေထိုင်နိုင်ကြောင်း သိရသည်။

အစိုးရက STV ဗီဇာဖြင့် ရောက်ရှိနေသည့် ရွက်လှေစီးခရီးသည်များအတွက်နောက်ထပ် နေထိုင်ခွင့် ရက် ၃၀ သို့မဟုတ် ရက် ၆၀ တိုးမြင့်ပေးခဲ့သည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ ကိုဗစ် cases ၄,၁၂၆ ဦးရှိပြီး သေဆုံးသူ ၆၀ဦးရှိသည်။ ဇန်နဝါရီ ၂၀၂၀ တွင် ထိုင်းနိုင်ငံသည် ကိုဗစ်စတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံပြီးလျှင် ပထမဆုံး ပြည်ပနိုင်ငံဖြစ်ခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Bangkok Post, Maskable SE Asia
Photo: AFP

ကာကွယ်ဆေးသတ်မှတ်ရက်ထက် နောက်ကျမည်ဖြစ်သောကြောင့် Pfizer ရှယ်ယာများကျဆင်း

အမေရိကန်ဆေးဝါးထုတ်လုပ်သူ Pfizer က supply-chain ပြဿနာကြောင့် ကြေညာထားသည့်ရက်ထက် ဆေးရရှိမှုနောက်ကျမည်ဟု ကြေညာလိုက်ပြီးနောက် ပြီးခဲ့သည့် ကြာသပတေးနေ့က ရှယ်ယာဈေးများ ကျဆင်းသွားခဲ့သည်။

ဆေးထုတ်လုပ်ရန် ပါဝင်ပစ္စည်းများ၏ အရည်အသွေးမပြည့်မီသောကြောင့် ဆေးထုတ်လုပ်မှု နှောင့်နှေးရခြင်းဖြစ်ကြောင်း Wall Street ဂျာနယ်ကဖော်ပြထားသည်။

Pfizer သည် ယခုနှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေး သန်း၁၀၀ ထုတ်ပေးနိုင်မည်ဟု ကြေညာထားခဲ့ရာမှ ယခုအခါ သန်း ၅၀ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ဂျာနယ်တွင်ဖော်ပြထားသည်။

၂၀၂၀ ခုနှစ်တွင် ရရှိနိုင်သည့် ဆေးပမာဏအပေါ် သက်ရောက်နေသည့် အချက်များစွာရှိကြောင်း Pfizer ကဆိုသည်။ ကုမ္ပဏီက ယခုနှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေး သန်း ၅၀ နှင့် ၂၀၂၁ တွင် ၁.၃ ဘီလျံ တင်ပို့ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။ ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၂၂၃ ဘီလျံရှိနေပြီး ကြာသပတေးနေ့ စတော့ဈေးကွက်မပိတ်မီအချိန်တွင် ရှယ်ယာဈေး ၁% ကျဆင်းခဲ့သည်။

ကာကွယ်ဆေး၏ ကုန်ကြမ်းပစ္စည်း supply chain မှာ မျှော်လင့်ထားသည်ထက် အချိန်ပိုကြာခဲ့ကြောင်း၊ ထို့ကြောင့် စမ်းသပ်စစ်ဆေးသည့် ကာလပါ နောက်ဆုတ်သွားခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီကဆိုသည်။ ဂျာမနီဆေးကုမ္ပဏီ BioNTech နှင့် လက်တွဲထုတ်လုပ်နေသည့် Pfizer အား FDA ကအရေးပေါ် ဆေးအသုံးပြုရေးအတွက် နိုဝင်ဘာလ ၂၀ရက်နေ့က ခွင့်ပြုပေးခဲ့သည်။ Pfizer ကာကွယ်ဆေးကို အပူချိန် အနှုတ် ၈၄ ဒီဂရီဖာရင်ဟိုက်၌ သိုလှောင်ထားရှိရန်လိုအပ်သည်။ Moderna ဆေးကိုမူ အခန်းအပူချိန် သို့မဟုတ် ဆေးဝါးသိုလှောင်သည့် ရေခဲသေတ္တာအတွင်း၌ ၃၆ ဒီဂရီ မှ ၄၆ ဒီဂရီဖာရင်ဟိုက်အတွင်း ရက်ပေါင်း ၃၀ အထိ သိမ်းဆည်းထားနိုင်ပြီး အနှုတ် ၄ ဒီဂရီဖာရင်ဟိုက်ဖြင့် ၆ လအထိ ထားရှိနိုင်သည်။

အမေရိကန်က Pfizer ဆေးအလုံး သန်း ၁၀၀ မှ ၁.၉၅ ဘီလီယံဝယ်ယူသွားမည်ဟု ဂျူလိုင်လ ၂၂ ရက်နေ့က ကြေညာခဲ့သည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် U.K နိုင်ငံက Pfizer ဆေးအား တရားဝင်ခွင့်ပြုပေးသည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC News
Photo:

ကွာရန်တင်းဝင်စရာမလိုသည့်လေကြောင်းခရီးစဉ်များ ဟောင်ကောင်နှင့်စင်ကာပူအချင်းချင်းသဘောတူညီ

ဟောင်ကောင်နှင့် စင်ကာပူအချင်းချင်း အပန်းဖြေခရီးအတွက် Quarantine ဝင်စရာမလိုသည့် လေကြောင်းခရီးစဉ်များကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စတင်ပျံသန်းတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကြေညာလိုက်သည်။

စည်းမျဉ်းစည်းကမ်းသစ်များအောက်တွင် စင်ကာပူနှင့် ဟောင်ကောင် နှစ်နိုင်ငံစလုံးသို့ ဆိုက်ရောက်လာသည့် ခရီးသည်များသည် ခရီးစဉ်မထွက်ခွါမီ ၇၂ နာရီအတွင်း Covid-19 test စစ်ဆေးရမည်ဖြစ်ကာ Negative အဖြေရပါက Quarantine ဝင်စရာမလိုတော့ပေ။

ဟောင်ကောင်သို့ဆိုက်ရောက်လာသည့် ခရီးသည်များအားလုံးသည် လေဆိပ်တွင် Covid-19 test စစ်ဆေးရမည်ဖြစ်သည်။
စပွန်ဆာဖြင့် ရောက်ရှိလာသည့် ခရီးစဉ်များ၊ ခရီးစဉ်၏ ရည်ရွယ်ချက်များ (အပန်းဖြေကိစ္စ၊ အလုပ်ကိစ္စ)အပေါ် ပိတ်ပင်မှုများ ပြုလုပ်မည်မဟုတ်ပေ။ သို့သော် ခရီးသည်များအားလုံးသည် ၁၄ ရက်အတွင်း စင်ကာပူ သို့မဟုတ် ဟောင်ကောင် ပြည်ပ ခရီးသွားရာဇဝင် မရှိရန်လိုအပ်သည်။ ဆိုက်ရောက်ခရီးသည်များအားလုံးသည် Tracing App များ download ဆွဲရန်လိုအပ်ပြီး mask များလည်း တပ်ဆင်ထားရမည်ဖြစ်သည်။ ဗိုင်းရပ်ကူးစက်ခံရပါက ခရီးသည်များသည် ဆေးကုန်သမှုကုန်ကျစရိတ်အား ကိုယ့်ဘာသာကျခံရမည်ဖြစ်သည်။

လေယာဉ်တစီးတွင် ခရီးသည် ၂၀၀ ဦးသာတင်ခွင့်ပြုပြီး တရက်လျှင် မြို့တမြိုုသို့ ခရီးစဉ်တစ်ကြိမ်သာ ပျံသန်းမည်ဖြစ်သည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်း မတိုးပွားလာပါက ဒီဇင်ဘာလတွင် ခရီးစဉ်များထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။ ဟောင်ကောင်နှင့် စင်ကာပူ နှစ်နိုင်ငံသည် ကပ်ရောဂါကာလအတွင်း လေယာဉ်ခရီးစဉ်လုံးဝပြေးဆွဲနိုင်ခဲ့ခြင်းမရှိသောကြောင့် Tourism လုပ်ငန်းအား အခြားနိုင်ငံများထက် ပိုမိုထိခိုက်ခံခဲ့ရပြီး ပြန်လည်လည်ပတ်နိုင်ရေးအတွက် ယခုကဲ့သို့ နှစ်နိုင်ငံလေကြောင်းခရီးစဉ်များ အပြန်အလှန်ပြေးဆွဲရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ပြည်တွင်း လေကြောင်းခရီးစဉ်ဈေးကွက် လုံးဝမရှိသော ဟောင်ကောင်နှင့် စင်ကာပူနိုင်ငံတို့သည် နိုင်ငံတကာ လေကြောင်းခရီးစဉ်များအပေါ်တွင်သာ အားကိုးအားထားနေရသည့် နိုင်ငံများဖြစ်သည်။ ပြီးခဲ့သည့်နှစ်တွင် စင်ကာပူမှ ဟောင်ကောင်သို့ လာရောက်သောခရီးသည် ၄ သိန်းခွဲရှိပြီး စင်ကာပူသို့ ဟောင်ကောင်ခရီးသည် ၄ သိန်း ၉သောင်းနီးပါး ရောက်ရှိခဲ့သည်။

စင်ကာပူက သြစတြေးလျ၊ ဘရူနိုင်း၊ တရုတ်ပြည်ပကြီး၊ ဗီယက်နမ်နှင့် နယူးဇီလန်မှ နိုင်ငံခြားသားခရီးသည်များအတွက် ပြည်ဝင်ခွင့်ဖွင့်ထားပေးခဲ့ပြီး ဟောင်ကောင်က ဂျပန်နှင့် ထိုင်းနိုင်ငံအပါအဝင် အခြား ၁၀ နိုင်ငံအား လာရောက်ခွင့်ပေးရန် စဉ်းစာလျက်ရှိသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့အထိ စင်ကာပူတွင် ဗိုင်းရပ်စ်ကူးစက်ခံရ ၅၈,၀၇၃ ဦးရှိပြီး ၂၈ ဦးသေဆုံးခဲ့ကာ ဟောင်ကောင်တွင် ကူးစက်ခံရသူ ၅,၃၉၀ ဦးနှင့် သေဆုံးသူ ၁၀၈ ဦးရှိနေပြီဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNBC
Photo: Getty Images

နှစ်ပေါင်း ၂၂ နှစ်အကြာတွင် အင်ဒိုနီးရှားနိုင်ငံ Recession ကျရောက်

အရှေ့တောင်အာရှ၏ စီးပွားရေးအကြီးဆုံးနိုင်ငံကြီးဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ကိုရိုးနားဗိုင်းရပ်စ် ကူးစက်မှုရောဂါကြောင့် နှစ်ပေါင်း ၂၂ နှစ်အကြာတွင် ပထမဆုံးအဖြစ် Recession အတွင်းသို့ကျရောက်ခဲ့သည်။ နိုင်ငံ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်နှင့်ယှဉ်လျှင် ယခုနှစ် ၂၀၂၀ တွင် ဒုတိယ quarter ၌ ၅.၃၂% ကျဆင်းခဲ့ပြီး တတိယ quarter ၌ ၃.၄၉% ကျဆင်းခဲ့သည်။ (Quarter နှစ်ခုဆက်တိုက် စီးပွားရေးကျဆင်းခြင်းကို Recession ဖြစ်သည်ဟုသတ်မှတ်သည်။)

အင်ဒိုနီးရှားနိုင်ငံ၏ နောက်ဆုံး Recession မှာ ၁၉၉၈ ခုနှစ် အာရှစီးပွားရေးပျက်ကပ်တွင် ဖြစ်သည်။

ကိုရိုးနားဗိုင်းရပ်စ်ကြောင့် အင်ဒိုနီးရှားပြည်သူ ၃.၅ သန်း အလုပ်အကိုင်ဆုံးရှုံးနိုင်သည်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။ ယခုကာလမှာ ဗိုင်းရပ်စ်ကူးစက်ခံရနှုန်း အဆိုးဆုံးအချိန်လည်းဖြစ်သည်။

စိုက်ပျိုးရေးမှာ နိုင်ငံ၏အဓိက စီးပွားရေးလုပ်ငန်းဖြစ်သကဲ့သို့ အင်ဒိုနီးရှားက နိုင်ငံခြားငွေ ဒေါ်လာအပေါ် များစွာမှီခိုအားထားနေရသည်။

နိုင်ငံအတွင်း သဘာဝအလှအပများတည်ရှိရာ ဘာလီကျွန်း၊ ဆန်စပါး လယ်ကွင်းများနှင့် ဟင်ဒူဘုရားကျောင်းများ၏ ယဉ်ကျေးမှုအလှအပများကို ရှာဖွေလေ့လာရန် နှစ်စဉ် သန်းချီသော နိုင်ငံခြားသားများက နိုင်ငံသို့လာရောက်လည်ပတ်လျက်ရှိသည်။
သို့သော် ယခုအခါ ကပ်ရောဂါကြောင့် နယ်စပ်များပိတ်ထားခြင်းနှင့် အခြားခရီးသွားလာမှု ပိတ်ပင်ချက်များကြောင့် နိုင်ငံခြားသားခရီးသွားလာရောက်မှု ရုတ်ချည်းထိုးကျ ကျဆင်းခဲ့သည်။

ကျန်းမာရေးစင်တာများထမ်းနိုင်သော ဝန်အင်အားကိုထိန်းချုပ်ရန် မြို့တော် ဂျာကာတာကိုလည်း စက်တင်ဘာလလယ်မှ စတင်၍ လေးပတ်ကြာ semi-lockdown ချထားခဲ့သည်။

“အင်ဒိုနီးရှားနိုင်ငံ၏စီးပွားရေးသည် အင်အားအနည်းဆုံးအချိန်ကာလကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သော်လည်း ဒေသအတွင်း အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိသေးပဲ စီးပွားရေးတိုးတက်မှုနှုန်းအတွက် ဖိအားတွေရှိနေဆဲ” ဟု ANZ Bank ကပြောကြားခဲ့သည်။
ကပ်ရောဂါကြောင့် ရုန်းကန်နေရချိန်တွင် နိုင်ငံ၏ GDP ကိုမြှင့်တင်ရန် အစိုးရက ငွေသုံးစွဲမှုမြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC Business
Photo: Getty Image