autoindustry

ဩဂုတ်လအတွင်း ရုရှားတွင် ကားရောင်းချရမှု ၆၂.၄% လျော့ကျ

ရုရှားနိုင်ငံတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကားအသစ်ရောင်းချရမှုသည် ယခင်နှစ်ကာလတူအချိန်ထက် ၆၂.၄% လျော့ကျခဲ့သည်ဟု ဥရောပစီးပွားရေးလုပ်ငန်းများအသင်း AEB က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ဇူလိုင်လအတွင်းကလည်း ကားရောင်းချရမှုမှာ ၇၄.၉% ခန့် လျော့ကျသည့် အခြေအနေရှိခဲ့သေးသည်။

၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ရုရှားကားဈေးကွက်အတွင်း ကားအစီးရေ ၁ သိန်း ၁ သောင်းကျော်ရောင်းချခဲ့ရပြီး ယခုနှစ် ဩဂုတ်တွင်မူ ကားအစီးရေ ၄၁,၆၉၈ စီးသား ရောင်းချနိုင်ခဲ့သည်။

ရုရှားကားဈေးကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်ပမှ ကားအစိတ်အပိုင်းတင်သွင်းမှုနှင့် ကားပစ္စည်းစီးဆင်းမှုအပေါ် ကြီးမားစွာ မှီခိုနေရပြီး ယူကရိန်းကို စစ်ရေးကျူးကျော်ခဲ့ပြီးနောက် အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ ချမှတ်လာကာ ထိခိုက်လာခဲ့သည်။

ဩဂုတ်လ ကားအရောင်းကျဆင်းမှု ၆၂.၄% သည် စစ်ပွဲစတင်ပြီးနောက်ပိုင်း လစဉ်အရောင်းကျဆင်းမှု အနည်းဆုံး (အသက်သာဆုံး) လ လည်းဖြစ်ခဲ့သည်။
ထုတ်လုပ်ရေးစက်ရုံအများအပြားမှာ နည်းပညာမြင့်ထုတ်ကုန်များနှင့် ကိရိယာများ ရှားပါးလာမှုကြောင့် ရပ်ဆိုင်းထားရသလို လစာမဲ့ခွင့်ပေးထားသော လုပ်သားများ များပြားနေမှုကြောင့် အချို့မှာ ဆိုင်းငံ့ထားရမြဲဖြစ်နေသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Money US News, Reuters Business
Image: Reuters

လျှပ်စစ်ကားထုတ်လုပ်ရေးကို ပိုမိုအားစိုက်ရန် လုပ်သားဦးရေ ၈၀၀၀ ခန့် Ford လျှော့ချမည်

လျှပ်စစ်ကားထုတ်လုပ်ရေးကဏ္ဍတွင် ပိုမို ရင်းနှီးမြှပ်နှံလိုသည့်အတွက် Ford ကားကုမ္ပဏီသည် လုပ်သားဦးရေ ၈၀၀၀ ခန့်ကို လျှော့ချတော့မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဘလွန်းဘတ် သတင်းဌာနက ကနဦးဖော်ပြခဲ့သည့် ထိုသတင်းတွင် ဖို့ဒ်ကုမ္ပဏီသည် ၎င်းတို့၏ လောင်စာဆီသုံး ကားများ ထုတ်လုပ်ရေးကဏ္ဍကို လျှော့ချ၍ ထိုမှတဆင့် လုပ်ငန်းလည်ပတ်စရိတ် ဒေါ်လာ ၃ ဘီလီယံ အပိုထွက်ရှိလာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါ သတင်းမှာ အတည်မပြုရသေးသဖြင့် အတိအကျအခြေအနေများမှာ ပြောင်းလဲနိုင်သေးသော်လည်း ဝန်ထမ်းများ လျှော့ချမည်ဆိုပါက လောင်စာဆီသုံးကားများ ထုတ်လုပ်ရာ ဌာနဖြစ်သည့် Ford Blue Unit မှာ အဓိက အထိနာဖွယ်ရှိသည်။

ဖို့ဒ်ကားကုမ္ပဏီ၏ CEO ဖြစ်သူ ဂျင်ဖယ်လေသည် ယခုနှစ် မတ်လတွင် ဖို့ဒ်ကုမ္ပဏီအတွင်း ဖွဲ့စည်းပုံပြောင်းလဲသည့်အနေဖြင့် လျှပ်စစ်ကားများ ထုတ်လုပ်သည့် ဌာနကို Model e ဟုပြောင်းလဲ သတ်မှတ်ခဲ့ပြီး မော်ဒယ်ဟောင်း လောင်စာဆီသုံး ကားများထုတ်လုပ်ရေးဌာနကို Ford Blue ဟု ခွဲခြားသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

မစ္စတာဖယ်လေအနေဖြင့် ၂၀၂၆တွင် ကုမ္ပဏီ၏ ကုန်ကျစရိတ်များကို ဒေါ်လာ ၃ ဘီလီယံအထိ လျှော့ချရန် ရည်ရွယ်ထားသလို Ford Blue ဌာနကိုလည်း ကုမ္ပဏီ၏ အဓိက ငွေရှာသော ဌာနအဖြစ် ပြုလုပ်ရန် ရည်ရွယ်ထားလျက်ရှိရာ ယခုသတင်းသည် အဆိုပါ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် ခြေလှမ်းအစဖြစ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဝန်ထမ်းလျှော့ချမှု အများစုသည် အမေရိကန်တွင် အများဆုံး ဖြစ်နိုင်ကာ ယခုနှစ် နွေရာသီတွင် စတင်နိုင်ကြောင်း သတင်းရင်းမြစ်က သုံးသပ်ထားပြီး လျှော့ချမှုတွင် ကန်ထရိုက်နှင့် နေ့စား အဆိုင်း ဝန်ထမ်းများသာမက အမြဲတမ်းဝန်ထမ်းများပါ ပါဝင်နိုင်ကြောင်း သိရသည်။

ဘလွန်းဘတ်က ဖို့ဒ်ကုမ္ပဏီသို့ ဆက်သွယ်၍ အတည်ပြုမေးမြန်းခဲ့ရာ ယခုအချိန်တွင် ဝန်ထမ်းလျှော့ချမှုများအတွက် ဖြေကြားခြင်း မပြုနိုင်သေးသော်လည်း ကုမ္ပဏီသည် ကုန်ကျစရိတ်များကို လျှော့ချ၍ ဖွဲ့စည်းပုံအသစ်ဖြင့် လျှပ်စစ်ကားကဏ္ဍကို ဝင်ရောက်ရန် ရည်ရွယ်ချက် ရှိထားပြီးဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ယခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုကြီးနှင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှု အခက်အခဲများကြောင့် ဖို့ဒ်အပါအဝင် မော်တော်ကားထုတ်လုပ်ရေး ကဏ္ဍများသည် ရုန်းကန်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး ဖို့ဒ်အနေဖြင့် ရှယ်ယာ ၃၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရသည်။

၎င်းတို့သည် ယမန်နှစ်က အမေရိကန်တွင် လျှပ်စစ်ကားအစီးရေ ၂သောင်း ၇ထောင်ကျော်သာ ရောင်းချနိုင်ခဲ့သော်လည်း ၂၀၂၆ တွင် တစ်နှစ်လျှင် လျှပ်စစ်ကားအစီးရေ ၂သန်း ထုတ်လုပ်နိုင်ရန် ရည်မှန်းထားလျက်ရှိပြီး ဒေါ်လာ ဘီလီယံ ၅၀ ခန့်ရင်းနှီးမြှပ်နှံမှုများလည်း ပြုလုပ်ထားသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Bloomberg, Fox Business
Photo: CNN

ဘရိတ်ချို့ယွင်းချက်ကြောင့် ကားအစီးရေ ၁သန်းခန့် ပြန်လည်သိမ်းယူခဲ့သည့် မာစီဒီး

ဘရိတ်စနစ်တွင် ချို့ယွင်းချက်များ ရှိနေသဖြင့် ကမ္ဘာတဝှမ်းတွင် ကားအစီးရေး ၁သန်းခန့်ကို ပြန်လည် သိမ်းယူကာ ပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်း ဂျာမနီကားထုတ်လုပ်သူ မာစီဒီးကုမ္ပဏီက ပြောကြားခဲ့သည်။

ပြန်လည်သိမ်းသူသွားမည့် ကားအစီးရေ အတိအကျမှာ ၉၉၃,၄၀၇ စီးဖြစ်ပြီး ဂျာမနီမှ ကားအစီးရေ ၇ သောင်းခန့်ပါဝင်ကြောင်း သိရသည်။

ယခုပြန်လည်သိမ်းယူသွားမည့် မာစီဒီးမော်ဒယ်များမှာ ၂၀၀၄ခုနှစ်မှ ၂၀၁၅ အတွင်း ထုတ်လုပ်ခဲ့သည့် ML နှင့် GL အများအစားဝင် SUV ကားများနှင့် R-class မီနီဗင်များ ပါဝင်သည်ဟု ဆိုသည်။

မာစီဒီးက ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် ယခုပြန်လည် သိမ်းယူမည့် ကားမော်ဒယ်များ၌ brake booster သည် ဘရိတ်ကိုယ်ထည်နှင့် တွဲထားသော နေရာများတွင် သိသာသော ပွန်းစားမှုများဖြစ်ပွားနေပြီး brake booster ၏ လုပ်ဆောင်ချက်ကို ချို့ယွင်းသွားစေသည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

ထိုကဲ့သို့ brake booster ၏ လုပ်ဆောင်ချက် ပုံမှန်မဖြစ်တော့သည့်အခါ ကားမောင်းသူ ဘရိတ်နင်းသော်လည်း ကားအရှိန်မလျှော့ခြင်းများဖြစ်ပွားပြီး မတော်တဆမှုများ ဖြစ်ပွားနိုင်ချေကို မြင့်မားသွားစေသည်ဟု ရေးသားထားသည်။

မာစီဒီးအနေဖြင့် ပြန်လည်သိမ်းယူသည့်ကားများကို ဖြစ်နိုင်သမျှ မြန်မြန်သိမ်းယူသွားမည်ဖြစ်ပြီး ချို့ယွင်းချက်ရှိနိုင်သော ကားများကို ဖော်ထုတ်စစ်ဆေးကာ အစိတ်အပိုင်းများ လဲလှယ်ရန်လိုအပ်ပါက လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ကြေငြာချက်တွင် ပါရှိသည်။

မာစီဒီးသည် မနှစ်ကလည်း ၎င်းတို့ ကားများတွင် ပါရှိသော e-call ဆိုသည့် စနစ်ချို့ယွင်းခြင်းကြောင့် ကားအစီးရေ ၁သန်းခန့်ကို ပြန်လည် သိမ်းယူပြင်ဆင်ခဲ့ရသေးသည်။

အဆိုပါ e-call စနစ်ဆိုသည်မှာ Energency call ၏ အတိုကောက်ဖြစ်ပြီး သက်ဆိုင်ရာကားသည် မတော်တဆမှုဖြစ်ပွားပြီး အရေးပေါ်အခြေအနေနှင့် ကြူံရပါက ကား၏ တည်နေရာကို နီးစပ်ရာ ကယ်ဆယ်ရေးအဖွဲ့ထံသို့ အလိုလျောက်အကြောင်းကြားပေးသည့် စနစ်ဖြစ်သည်။

မာစီဒီးကားများတွင် အဆိုပါ e-call စနစ်သည် ကား၏ အမှန်တကယ်တည်နေရာနှင့် လွဲမှားစွာ ပြသနေသောကြောင့် ပြန်လည်ပြင်ဆင်ပေးရခြင်းဖြစ်ပြီး ထိုစဉ်ကမူ Software ပိုင်းဆိုင်ရာ ပြဿနာဖြစ်သောကြောင့် ပြန်လည်ပြင်ဆင်ထားသည့် Software အသစ်ကို ထည့်သွင်းလိုက်ရုံဖြင့် ဖြေရှင်းသွားနိုင်ခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Euro News, BBC Business
Photo: BBC

Ford India ၏ ကားစက်ရုံကို ဝယ်ယူရန် သဘောတူညီခဲ့ပြီဖြစ်သည့် TATA Motors

လျှပ်စစ်ကားထုတ်လုပ်မှုများကို အရှိန်မြှင့်ရန်အတွက် ဂူဂျာရတ်ပြည်နယ် အနောက်ပိုင်းရှိ Ford India ၏ ကားထုတ်လုပ်ရေး စက်ရုံကို ဝယ်ယူရန် သဘောတူညီခဲ့ပြီဖြစ်ကြောင်း TATA Motors နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုသည်။

လက်ရှိအချိန်တွင် အိန္ဒိယ အစိုးရသည် လျှပ်စစ်ကားထုတ်လုပ်မှုကို ရင်းနှီးငွေအမြောက်အများ ထုတ်ပေး၍ အားပေးလျက်ရှိရာ Jaguar Land Rover ၏ ပိုင်ရှင်ဖြစ်သူ TATA Motors သည် နိုင်ငံတွင်း လျှပ်စစ်ကားထုတ်လုပ်မှု ဈေးကွက်တွင် ရှေ့မှ ပြေးလျက်ရှိပြီး ဈေးကွက်ကို ဦးဆောင်ရန် ကြိုးပမ်းလျက်ရှိသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ခဲ့သည် ကုမ္ပဏီတွင်း ထုတ်ပြန်ချက်တွင် အဆိုပါ ဂူဂျာရတ်ပြည်နယ်ရှိ Ford India ၏ စက်ရုံမြေနေရာ၊ မြေပေါ်ရှိ အဆောက်အဦ၊ ပစ္စည်းများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများသည် လက်လွှဲဝယ်ယူမှု သဘောတူညီချက်တွင် ပါဝင်ပြီး ဘဏ္ဍာရေးအရ ပမာဏမည်မျှနှင့် သဘောတူညီခဲ့သည်ကိုမူ အတိအလင်းမသိရသေးကြောင်း သိရသည်။

TATA သည် အဆိုပါ စက်ရုံတွင် လျှပ်စစ်ကားများ ထုတ်လုပ်ရန် လိုအပ်သည့် စက်ပစ္စည်းများကို ထပ်မံဖြည့်တင်း တပ်ဆင်သွားမည်ဖြစ်ပြီး အလုံးစုံပြီးစီး၍ စတင်လည်ပတ်နိုင်ပါက တစ်နှစ်လျှင် လျှပ်စစ်ကားအစီးရေ ၃ သိန်းထုတ်လုပ်နိုင်ရန် ရည်မှန်းထားပြီး အမြင့်ဆုံး ထုတ်လုပ်မှုအဖြစ် ၄သိန်းအထိ မြှင့်တင်နိုင်ကြောင်း ရိုက်တာသတင်းဌာနသို့ ဖြေကြားထားသည်။

အိန္ဒိယပြည်တွင်းဈေးကွက်တွင် TATA ထုတ် ခရီးသည်တင်ကားများနှင့် လျှပ်စစ်ကားများကို စိတ်ဝင်စားမှု မြင့်တက်နေခြင်းက ကုမ္ပဏီ၏ ထုတ်လုပ်မှုကို ချဲ့ထွင်ရန် တွန်အားများဖြစ်ခဲ့ပြီး ယခု သဘောတူညီမှုမှ လျှပ်စစ်ကားထုတ်လုပ်မှုများကို ပိုမိုတိုးမြှင့်နိုင်တော့မည်ဖြစ်ကြောင်း TATA Motors ၏ MD က ပြောကြားခဲ့သည်။

TATA သည် ယမန်နှစ်ကလည်း လျှပ်စစ်ကားကဏ္ဍအတွက် ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီဖြစ်သော TPG ထံမှ ရင်းနှီးမြှပ်နှံငွေ ဒေါ်လာ ၁ဘီလီယံ ရရှိခဲ့ပြီး လက်ရှိ အိန္ဒိယတွင် သူနှင့် ပြိုင်ဘက် ကုမ္ပဏီမှာ Mahindra and Mahindra ဖြစ်သည်။

ယခု TATA မှ ဝယ်ယူလိုက်သည့် ဖို့ဒ်၏ ကားထုတ်လုပ်ရေး စက်ရုံသည် ယမန်နှစ်က ဖို့ဒ်ကုမ္ပဏီအနေဖြင့် ရပ်နားရန် ဆုံးဖြတ်ခဲ့သော စက်ရုံဖြစ်ပြီး ၎င်းတို့သည် အိန္ဒိယတွင် ဆယ်စုနှစ် နှစ်ခုကြာ အကျိုးအမြတ်ကောင်းစွာမရရှိဘဲ လည်ပတ်နေခြင်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည့် အချိန်တုန်းကဖြစ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: Hindustan Time

Sony နှင့် Honda ပူးပေါင်း၍ လျှပ်စစ်ကားထုတ်လုပ်မည်

ဂျပန် ထိပ်သီး ကုမ္ပဏီကြီးနှစ်ခုဖြစ်သော Sony နှင့် Honda တို့သည် လျှပ်စစ်ကား ထုတ်လုပ်ရေးအတွက် အကျိုးတူ ပူးပေါင်းသွားမည့် အကြောင်း ပြီးခဲ့သည့် သောကြာနေ့က တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခု အကျိုးတူပူပေါင်းမှု အရ လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီအသစ်တစ်ခုကို လာမည့်နှစ်တွင် ပူးတွဲ တည်ထောင်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ကားများကို စတင်ထုတ်လုပ်ရောင်းချနိုင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပူးပေါင်းမှု၏ အသေးစိတ် အချက်အလက်များကို ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကိုလည်း ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးသလို အစိုးရ၏ ခွင့်ပြုချက်ကိုလည်း စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း အဆိုပါ ကြေငြာချက်တွင် ပါရှိသည်။

Honda သည် ၎င်းတို့ပိုင် ကားစက်ရုံများထဲမှ တစ်ခုဖြင့် ယခုလျှပ်စစ်ကား ထုတ်လုပ်ရေး ပရော့ဂျက်အတွက် တာဝန်ယူမည်ဖြစ်ပြီး ပူးတွဲတည်ထောင်ထားသည့် ကုမ္ပဏီအသစ်ကမူ ဒီဇိုင်းပိုင်း၊ စမ်းသပ်မှုပိုင်းများနှင့် ရောင်းချမှု အပိုင်းကို တာဝန်ယူမည်ဖြစ်သည်။

Sony ကမူ လျှပ်စစ်ကားကို ထိန်းချုပ် လည်ပတ်ရန်အတွက် နည်းပညာ ပလက်ဖောင်းတစ်ခုကို တာဝန်ယူ ထုတ်လုပ်ပေးမည်ဟု သိရသည်။

အဆိုပါ သောကြာနေ့က တိုကျိုတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် Sony ၏ CEO ဖြစ်သူ ကန်နီချီယို ယိုရှီဒါက မိမိတို့၏ နည်းပညာပိုင်းများ၊ အာရုံခံစနစ်များ၊ 5G နှင့် ဖျော်ဖြေရေး ကဏ္ဍများတွင် ထိုးဖောက်နိုင်မှုတို့ကို Honda ၏ ကားပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ပူးပေါင်းလိုက်ပါက လျှပ်စစ်ကားလောကအတွက် တခေတ်ဆန်းသော နည်းပညာများ ထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ဖြေကြားခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် Honda ၏ CEO တိုရှီဟီရို မီဘီက အနာဂတ်တွင် မိမိတို့ ကုမ္ပဏီနှစ်ခုအနေဖြင့် မိမိတို့၏ စီးပွားရေးနယ်ပယ်ကို လွတ်လပ်စွာ ချဲ့ထွင်သွားရန် သဘောတူထားကြပြီး Honda အနေဖြင့် တချိန်ချိန်တွင် ပူးတွဲကုမ္ပဏီနှင့် မသက်ဆိုင်သော သီးခြား လျှပ်စစ်ကားထုတ်လုပ်ရေးကို ပြုလုပ်သွားရန် အစီအစဉ် ရှိကြောင်း ပြောကြားခဲ့သည်။

Sony အနေဖြင့်လည်း ယခု ပူးပေါင်းဆောင်ရွက်မှု မတိုင်ခင် ၂၀၂၀ ခုနှစ်ကတည်းက CES နည်းပညာပြပွဲတွင် S-01 ဟု အမည်ရသော လျှပ်စစ်ကား ရှေ့ပြေးပုံစံတစ်ခုကို ထုတ်လုပ်ပြသထားဖူးပြီး ယခုအချိန်တွင် လျှပ်စစ်ကား ဈေးကွက်သို့ အတိအလင်း ဝင်ရောက်လာခြင်းဖြစ်သည်။

ယခုအချိန်တွင် အမေရိကန်၊ ဥရောပနှင့် တရုတ်တို့မှ ကားထုတ်လုပ်သည့် ကုမ္ပဏီများကလည်း လျှပ်စစ်ကား ထုတ်လုပ်ရေးကို အပြိုင်အဆိုင် ကြိုးစားလျက်ရှိကြရာ ဈေးကွက်ထိုးဖောက်ရေးအတွက် မည်သို့ အစီအစဉ်ရှိသနည်းဟူသော မေးခွန်းကို မစ္စတာ မီဘီက ကားချစ်သူများ မျှော်လင့်သည်ထက် ပိုမိုအံ့အားသင့်စရာကောင်းသော အရာကို ချပြမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, CNN
Photo: Automotive News Eutope

ရုရှားရှိ စက်ရုံကို ပိတ်သိမ်းလိုက်တော့မည်ဖြစ်ကြောင်း တိုယိုတာပြောကြား

ရုရှားရှိ တစ်ခုတည်းသော စက်ရုံကိုပိတ်သိမ်းတော့မည်ဖြစ်ကြောင်းနှင့် ရုရှားသို့ မော်တော်ကားများ တင်ပို့နေခြင်းကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း တိုယိုတာ ကုမ္ပဏီက ယမန်နေ့ ကြာသပတေးက ကြေငြာခဲ့ပါသည်။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ တိုယိုတာ ကားစက်ရုံသည် တစ်နှစ်လျှင် ကားအစီးရေ ၈ သောင်းခန့် ထုတ်လုပ်နိုင်သော်လည်း တစ်နှစ်လျှင် ကမ္ဘာတစ်ဝှမ်း၌ ကားအစီးရေ ၁၀.၅ သန်းခန့်ထုတ်လုပ်နေသော တိုယိုတာအတွက် အစွန်းထွက်သာ ရှိသော ပမာဏဖြစ်သည်။

အေအက်ဖ်ပီ သတင်းဌာနသို့ ဖြေကြားခဲ့သော တိုယိုတာ၏ စကားများအရ စိန့်ပီတာစဘတ်ရှိ အဆိုပါ စက်ရုံသည် ဝန်ထမ်းအင်အား ၂၆၀၀ ခန့်ရှိပြီး လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း ပဋိပက္ခများကြောင့် ကုန်ကြမ်းရရှိမှု နှောင့်နှေးခြင်းများ ဖြစ်ပေါ်ခဲ့ကာ ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

တိုယိုတာသည် ယူကရိန်း၌ ကားထုတ်လုပ်ရေး စက်ရုံမရှိသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရုရှားက ယူကရိန်းသို့ ကျုးကျော်စစ်စတင်ဆင်နွှဲမှု စတင်စဉ်ကတည်းက ယူကရိန်းသို့ ကားတင်ပို့မှုများကို ယာယီရပ်ဆိုင်းထားသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် အနောက်နိုင်ငံ အစိုးရများသည် ရုရှားကို အရေးယူပိတ်ဆို့မှုများ အသီးသီးချမှတ်ကာ ကုမ္ပဏီများကလည်း တဖွဲဖွဲထွက်ခွာလျက်ရှိသည်တွင် တိုယိုတာ အပါအဝင် ဂျပန်ကုမ္ပဏီများသည်လည်း ယခုရက်ပိုင်းအတွင်း ရုရှားနှင့်ပတ်သတ်၍ ထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားသို့ နှစ်စဉ် ကားနှင့် ဆိုင်ကယ် အစီးရေ ၃၀၀၀ ခန့်တင်ပို့လျက်ရှိသော ဟွန်ဒါသည် ပြီးခဲ့သည့် ရက်ပိုင်းကပင် ၎င်းတို့အနေဖြင့် ရုရှားသို့ ထုတ်ကုန်တင်ပို့ခြင်းကို ရပ်နားကြောင်း ထုတ်ပြန်ခဲ့ပြီး ရုရှားတွင် စက်ရုံရှိသည့် မာဇဒါကတော့ အဆိုပါစက်ရှံရှိ ကုန်ကြမ်းများ ကုန်သည်အထိသာ လည်ပတ်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အခြားသော ဂျပန် ကားကုမ္ပဏီများဖြစ်သည့် နစ်ဆန်းနှင့် မစ်ဆူဘီရှီတို့ကမူ ယခုအချိန်အထိ တိကျသည့် ကြေငြာချက် မထုတ်ပြန်သေးသော်လည်း ပဋိပက္ခ၏ အခြေအနေကို စောင့်ကြည့်နေကြောင်းသာ သတင်းထုတ်ပြန်ခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, Bangkok Post
Photo: NewsLine

လျှပ်စစ်ကားများဖြင့် အိန္ဒိယသို့ ပြန်လည်ခြေချရန် ကြံရွယ်နေသည့် Ford

Ford သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် အိန္ဒိယရှိ ထုတ်လုပ်ရေး စက်ရုံများနှင့် အရောင်းစင်တာအားလုံးကို ပိတ်သိမ်း၍ နိုင်ငံတွင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေငြာခဲ့ပြီးနောက် ယခုအခါ လျှပ်စစ်ကားထုတ်လုပ်ရေး လုပ်ငန်းဖြင့် ပြန်လည်ခြေချရန် စဉ်းစားနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယမန်နှစ်က Ford ၏ အိန္ဒိယလုပ်ငန်းခွဲသည် ဒေါ်လာ ၂ ဘီလီယံခန့် အရှုံးပြခဲ့ပြီးနောက် အနာဂတ်တွင် အကျိုးအမြတ်ရရှိရန် ကောင်းမွန်သည့် အခြေအနေမရှိတော့ဟု ယူဆခဲ့ကြသဖြင့် ၂၀၂၁ စက်တင်ဘာတွင် အိန္ဒိယရှိ လုပ်ငန်းအားလုံးကို ရုတ်သိမ်းခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုအခါ စိတ်ကူးပြောင်းသွားခဲ့ပြီး ယခင် အိန္ဒိယရှိ စက်ရုံဟောင်း နှစ်ခုကို လျှပ်စစ်ကားထုတ်လုပ်ရေး စက်ရုံများအဖြစ် အသွင်ပြောင်း၍ လျှပ်စစ်ကား တင်ပို့ရောင်းချခြင်းများအတွက် အခြေစိုက် စက်ရုံအဖြစ် ပြန်လည်ထားရှိရန် စီစဉ်နေခြင်းဖြစ်သည်။

Ford သည် အိန္ဒိယဈေးကွက်တွင် ရုန်းကန်နေရသည်မှာ ဆယ်စုနှစ် တစ်ခုခန့်ရှိပြီဖြစ်ပြီး ယမန်နှစ်က ထွက်ခွာရန် ဆုံးဖြတ်ခဲ့ချိန်တွင် Ford ၏ အိန္ဒိယ ဈေးကွက်ဝေစုမှာ ၂ ရာခိုင်နှုန်းသာရှိတော့ကြောင်း အချက်အလက်များအရ သိရသည်။

လက်ရှိအချိန်တွင် Ford သည် အခြားသော ထိပ်သီးကားထုတ်လုပ်သူများ ကဲ့သို့ပင် လျှပ်စစ်ကား ထုတ်လုပ်ရေးဘက်သို့ အင်တိုက်အားတိုက် ကြိုးပမ်းလျက်ရှိပြီး လျှပ်စစ်ကားထုတ်လုပ်ရေးနှင့် ဘတ္တရီကဏ္ဍတွင် ဒေါ်လာ ၃၀ ဘီလီယံခန့် ရင်းနှီးမြှပ်နှံရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီသည် နိုင်ငံတွင်းသို့ လောင်စာဆီများ တင်သွင်းမှုကို လျှော့ချ၍ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကို လျှော့ချရန်အတွက် လျှပ်စစ်ကားနှင့် ဟိုက်ဒရိုဂျင် လောင်စာဆဲလ် ကဲ့သို့ နည်းပညာများကို အားပေးထောက်ပံ့မှုများ ပြုလုပ်ရန် စီမံချက်ချထားလေရာ Ford အပါအဝင် အခြားသော ကုမ္ပဏီ ၂၀တို့သည် အဆိုပါ စီမံချက်တွင် အကျုံးဝင်လျက်ရှိလေသည်။

ဈေးကွက် သုံးသပ်သူများကတော့ Ford အနေဖြင့် စက်ရုံအပါအဝင် အခြေခံအဆောက်အဦများ အဆင်သင့် ရှိနေပြီဆိုသော်လည်း အခြား စိန်ခေါ်မှု တစ်ရပ်အဖြစ် လျှပ်စစ်ကားများအတွက် လိုအပ်သည့် ဘတ္တရီကို မည်သည့် နေရာမှ ရယူမည်ဆိုသည့် ပြဿနာရှိနေသေးသည်ဟု ထောက်ပြကြသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, The Times of India
Photo: Automotive News

လောကဓံ အတက်အကျများနှင့် ပျောက်ကွယ်သွားခဲ့ရသည့် HUMMER

လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်များတွင် အမေရိကနှင့် ကမ္ဘာတစ်လွှား လူကြိုက်များ နာမည်ကြီးခဲ့ပြီး ယနေ့အချိန်တွင် အမေ့လျှော့ခံ ပျောက်ကွယ်နေခဲ့သည့် ကားအမှတ်တံဆိပ်တစ်ခု အကြောင်းကို ပြန်ပြောင်း တင်ပြပေးသွားမည် ဖြစ်ပါသည်။

HUMMER ဟု ဆိုလိုက်သည့်နှင့် ၎င်း၏ ကြံခိုင်သောကိုယ်ထည်၊ ကြီးမားသည့် အင်ဂျင်ပါဝါနှင့် အကြမ်းခံနိုင်စွမ်းတို့ကို တွဲလျက် ပြေးမြင်မိကြမည် ဖြစ်သလို ၎င်းတို့သည် ၂၀၀၀ ပြည့်နှစ်များတွင် ဘရစ်တနီ စပီးယား၊ မိုက်တိုက်ဆန်တို့ကဲ့သို့ စတားများ၏ အသည်းစွဲ ကားလည်း ဖြစ်ခဲ့သည်။

သို့သော် ခေတ်ရေစီးကြောင်း အပြောင်းအလဲနှင့် ၂၀၀၈ စီးပွားရေး ပျက်ကပ်ကဲ့သို့ ကြီးမားသည့် အချိုးအကွေ့များကြောင့် ဂျန်နရယ်မော်တာသည် ၂၀၁၀ ခုနှစ်တွင် ဟမ်းမား ကားထုတ်လုပ်မှု အားလုံးကို ရပ်ဆိုင်းခဲ့ပြီး ခေတ်တစ်ခု၏ ပြယုဂ်သည် နေဝင်သွားခဲ့ရပါသည်။

စစ်ပွဲတစ်ခုနှင့်အတူ မွေးဖွားခြင်း

 ဟမ်းမားအကြောင်း စတင်ပြောမည်ဆိုပါက ၎င်း၏ မူလဘူတဖြစ်သော ဟမ်းဗီး (HUMVEE) က စတင်ရမည်ဖြစ်ပြီး ဟမ်းဗီးကို စတင်အသုံးတော် ခံခဲ့သည့် ပင်လယ်ကွေ့ စစ်ပွဲ အကြောင်းလည်း ပြောရမည်ဖြစ်သည်။

အမေရိကန် စစ်တပ်သည် ဒုတိယကမ္ဘာစစ်တွင် စစ်သည်များ သယ်ယူပို့ဆောင်ရန်အတွက် ဂျစ်ကားများကို တွင်တွင်ကျယ်ကျယ်သုံးခဲ့သော်လည်း ၎င်းတို့မှာ လူနှင့် ပစ္စည်းများ သယ်ယူရန် အကန့်အသတ်ရှိခြင်း၊ အကာအကွယ်အားနည်းခြင်းတို့ ရှိခဲ့သည်။

ထို့ကြောင့် ၁၉၈၀ ကာလတွင် အမေရိကန်စစ်တပ်သည် ဂျစ်များထက် ပိုမိုအကြမ်းခံ၍ သယ်ယူနိုင်စွမ်းပိုမြင့်မားသော စစ်သုံးမော်တော်ယာဉ်ကို စတင်ရှာဖွေလာရာမှ ဟမ်းဗီးသည် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

သို့ဖြင့် ပင်တဂွန်သည် AM General ကုမ္ပဏီနှင့် ဒေါ်လာ ဘီလီယံချီသော ကန်ထရိုက်ကို ချုပ်ဆိုကာ အကောင်ကြီးကြီး၊ ပါဝါကြီးကြီး ပထမဆုံး ဟမ်းဗီးမော်ဒယ်များကို စတင်ထုတ်လုပ်တော့သည်။

ပင်လယ်ကွေ့စစ်ပွဲအတွင်းက ဟမ်းဗီးကားများ

၁၉၉၀တွင် အမေရိကန်နှင့် အီရတ်တို့ ကူဝိတ်တွင် ဖြစ်ပွားခဲ့သော ပင်လယ်ကွေ့ စစ်ပွဲအတွင်း ဟမ်းဗီးများ၏ စွမ်းဆောင်ရည်ကို အမေရိကန်ပြည်သူများ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပြီး အဆိုပါ ဟမ်းဗီးကာများကို မျက်စိကျသူများတွင် မင်းသားကြီး အာနိုးလည်း အပါအဝင်ဖြစ်ခဲ့သည်။

၁၉၉၁ခုနှစ် ရိုးလင်းစတုန်း မဂ္ဂဇင်းနှင့် အင်တာဗျူး၌ မင်းသားကြီးက ဟမ်းဗီးကားများကို မြင်တွေ့ရသည်မှာ သူ သြစတြေးလျ စစ်တပ်တွင် စစ်မှုထမ်းစဉ်က တင့်ကားမောင်းခဲ့သည်များကို ပြန်အမှတ်ရစေကြောင်းနှင့် ဖြစ်နိုင်လျှင် တစ်စီးလောက်လိုခြင်ကြောင်း ဖြေကြားခဲ့သည်။

သည့်နောက် မင်းသားကြီး အာနိုးသည် အရပ်သားများ စီးနင်းနိုင်သည့် ဟမ်းဗီးဗားရှင်း ထုတ်လုပ်ပေးရန် AM General ကို တောင်းဆိုခဲ့ရာ ကုမ္ပဏီက မင်းသားကြီးအတွက် တစ်စီးထုတ်လုပ်ပေးခဲ့ပြီး ကားပေါ်တွင် အာနိုး၏ နာမည်ကျော် ဇာတ်ကားဖြစ်သည့် Terminator စာလုံးကိုပါ ရေးသားပေးခဲ့သည်။

မင်းသားကြီးသည် ဟမ်းဗီးကို ပထမဆုံး ပိုင်ဆိုင်သည့် အရပ်သား ဖြစ်လာပြီးနောက် ပြည်သူများထဲမှလည်း တောင်းဆိုမှုများ ရှိလာရာ AM General သည် ၁၉၉၂ တွင် ဟမ်းမား (HUMMER) ဟု အမည်ပေးထားသော ဟမ်းဗီး၏ အရပ်သုံး ဗားရှင်းကို စတင်ထုတ်လုပ်ရောင်းချတော့သည်။

မင်းသားကြီးအာနိုး ပထမဆုံး ဟမ်းမားကား စတင်ရရှိခဲ့စဉ်

သို့သော် ဟမ်းမား၏ ပထမဆုံး ဗားရှင်းသည် ဟမ်းဗီးနှင့် တစ်ပုံစံတည်း ဒီဇိုင်းယူထားခြင်းဖြစ်ရာ ကားအလေးချိန်မှာ ပေါင် ၁၀၀၀၀ ခန့်လေးပြီး ၁၀မိုင်လျှင် ၁ဂါလံနှုန်း ဆီစားကာ ဈေးမှာ တစ်စီးလျှင် ဒေါ်လာ ၁သိန်းဖြစ်သည်။

ရွှေရောင်လွှမ်းသော ကာလများ

သည့်နောက် ၁၉၉၉ခုနှစ်တွင် ဂျင်နရယ်မော်တာသည် AM General ထံမှ ဟမ်းမား၏ မူပိုင်ခွင့်၊ ထုတ်လုပ်ရောင်းချခွင့်များကို ဝယ်ယူခဲ့ပြီး မူရင်း ဟမ်းမားထက် အရွယ် အတန်ငယ် သေးလိုက်ကာ ပိုမိုသက်တောင့် သက်သာဖြစ်စေမည့် H2 ဗားရှင်းကို ထုတ်လုပ်ခဲ့သည်။

အဆိုပါ H2 မှာ ဈေးအားဖြင့်လည်း ဒေါ်လာ ငါးသောင်းသာ ကျသင့်လေရာ ဟမ်းမား၏ အရောင်းရဆုံး မော်ဒယ်ဖြစ်ခဲ့ပြီး အထူးသဖြင့် ဟောလိဝုဒ် စတားများသည် ဟမ်းမား မစီးလျှင် ခေတ်မမီဟု ဆိုရလောက်အောင် အပြိုင်အဆိုင် ဝယ်ယူ စီးနင်းခဲ့ကြသည်။

 

ဟောလိဝုဒ်စတားများအပြင် ရပ်ပ်ပါ Eminem နှင့် 50cent တို့ပါ သဘောကျ စီးနင်းခဲ့ကြသည်

၁၉၉၉ခုနှစ်နှင့် ၂၀၀၀ ခုနှစ်ကြားကလ၌ ဟောလိဝုဒ်မှ ထွက်ရှိခဲ့သော ဇာတ်ကား ၃၂ ကားတွင်လည်း ဟမ်းမားကားများကို ထည့်သွင်းရိုက်ကူးကြသည်အထိ အောင်မြင်မှု အရှိန်အဝါ ရရှိခဲ့ခြင်းဖြစ်သည်။

သည့်နောက် H2 ထက် ကိုယ်ထည်ပိုသေးသော H3 မော်ဒယ် ထပ်ထွက်လာခဲ့ပြီး ဈေးမှာလည်း ဒေါ်လာ ၃သောင်းဖြစ်သွားခဲ့ရာ ဟမ်းမား၏ ရောင်းအားမှာ နှစ်စဉ်တက်လာခဲ့ပြီး ၂၀၀၆ ခုနှစ် စာရင်းများအရ ထိုနှစ်တွင် အစီးရေ ခုနှစ်သောင်း ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အဆင်းကြမ်းကြမ်း

၂၀၀၆ ခုနှစ်တွင် ရောင်းအားကောင်းနေသေးသည် ဆိုသော်လည်း ဟမ်းမား ကားများအတွက် ပြဿနာသည် ၂၀၀၃ ခုနှစ်ခန့်ကပင် စတင်နေခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။

ဟမ်းမားကားများ၏ ကြီးမားသည့် အင်ဂျင်ပါဝါကြောင့် ၎င်းတို့သည် ဆီစားနှုန်းများပြားသလို အိတ်ဇော့ဓါတ်ငွေ့ထုတ်လုပ်မှုများပြားခြင်းက သဘာ၀ ပါတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများကို မျက်စိစပါးမွှေးစူးစေခဲ့သည်။

သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများက ဟမ်းမားကားများကို ကမ္ဘာမြေဖျက်စီးရေးကားအဖြစ် ခေါ်ဆိုခဲ့ကြပြီး စီးနင်းခြင်း မပြုကြရန် လှုံ့ဆော်မှုများ အစဉ်မပြတ်ပြုလုပ်ကြသည်။

ဟမ်းမားအရောင်းစင်တာရှေ့တွင် ဆန္ဒြနေသူများ(ဘယ်)နှင့် ဆေးမှုတ်ခံထားရသည့် ဟမ်းမားတစ်စီး (ညာ)

ထိုအချိန်ကဆိုလျှင် ဟမ်းမားကား ပိုင်ရှင်များသည် ကားပါကင်တွင် ကားရပ်ထားခဲ့ပါက ကားတွင် မြေကမ္ဘာ၏ ရန်သူဆို၍ ဆေးမှုတ်သွားခြင်းများ၊ ကားဘီးလေလျှော့မှုများ ကြုံတွေ့ရသလို အချို့ဆိုလျှင် မှန်များ ရိုက်ခွဲခံရသည်အထိ ဖြစ်လာခဲ့သည်။

သည့်နောက် အမေရိကန် အစိုးရသည် အီရတ် ကျူးကျော်စစ်ကို ဆင်နွှဲလေရာ နိုင်ငံတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်သွားခဲ့ရပြီး ဟမ်းမား ကားပိုင်ရှင်များ ကိုယ်တိုင်ပင် ဤကားကို စီးနေရသည်မှာ ငွေဖြုန်းခြင်း သက်သက်ဖြစ်နေကြောင်း ထင်မြင်လာကြတော့သည်။

ထို့ကြောင့်ပင် စီးပွားရေး ပညာရှင်များက ဟမ်းမားသည် စစ်ပွဲတစ်ခုနှင့် အတူ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပြီး နောက်စစ်ပွဲတစ်ခုကြောင့် အဆုံးသတ် နိဂုံးချုပ်သွားခဲ့ရသည်ဟုပင် ပြောစမှတ်ပြုကြသည်။

ဟမ်းမားအတွက် နောက်ဆုံး လက်သီးချက်သည် ၂၀၀၇ ခုနှစ်တွင် ရောက်ရှိလာခဲ့ပြီး ထိုနှစ်တွင် ဖြစ်ပွားခဲ့သည့် စီးပွားရေး ပျက်ကပ်ကြောင့် ဟမ်းမား၏ ပိုင်ရှင် ဂျန်နရယ်မော်တာသည် ဘဏ္ဍာရေး ရုန်းကန်မှုများ ကြုံတွေ့ရပြီး ကုမ္ပဏီလက်အောက်ရှိ အမှတ်တံဆိပ်အားလုံးကို ဆက်လက်ထုတ်လုပ်ရန် အခက်အခဲဖြစ်လာတော့သည်။

သည့်နောက် ၎င်းတို့ လက်အောက်ရှိ ကားအမှတ်တံဆိပ်အချို့ကို ၂၀၀၉ မှစ၍ လက်လွှဲရောင်းချခြင်းများ ပြုလုပ်ခဲ့ရာ ၂၀၁၀ တွင် ဟမ်းမားကို တရုတ်ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော တန်ကျောင်း (Tengzhong) သို့ ရောင်းချရန် ကမ်းလှမ်းခဲ့သည်။

သို့သော် အရောင်းအဝယ်မှာ မမျှော်လင့်ဘဲ ပျက်ပြယ်သွားခဲ့ပြီး ထို့နောက်တွင်တော့ ဂျန်နရယ်မော်တာသည် ဟမ်းမားကား ထုတ်လုပ်မှုများနှင့် ရောင်းချမှုများ အားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်တော့သည်။

ဟမ်းမား H3, H2 နှင့် H1 တို့ကို ယှဉ်လျက်ပြထားစဉ်

လျှပ်စစ်ဟမ်းမားအဖြစ် ပြန်လာနိုင်ဦးမည်လော

ယခုအချိန်တွင် ဟမ်းမားကို ထုတ်လုပ်မှု ရပ်ဆိုင်းထားသည်မှာ ဆယ်စုနှစ် တစ်ခုကျော် ကြာခဲ့ပြီဖြစ်ပြီး ကားထုတ်လုပ်ရေး လောကတွင်လည်း ခေတ်ပြောင်းတော်လှန်ရေးအဖြစ် လျှပ်စစ်ကားများကို အပြိုင်အဆိုင် ထုတ်လုပ်လျက်ရှိရာ ဂျန်နရယ်မော်တာသည်လည်း အပါအဝင်ဖြစ်သည်။

များမကြာမီကပင် မင်းသားကြီး အာနိုးသည် သူပိုင်ဆိုင်သည့် ဟမ်းမားကို လျှပ်စစ်ကားအဖြစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ဟမ်းမားသည် လျှပ်စစ်ကားအဖြစ် ပြန်လာနိုင်ဦးမည်လောဟူသော မေးခွန်းများ ကားလောကတွင် ထွက်ပေါ်လာခဲ့သည်။

ကားထုတ်လုပ်ရေး ကဏ္ဍရှိ ပညာရှင်များကတော့ အကယ်၍ ဟမ်းမားသာ လျှပ်စစ်ကားဖြစ်သွားပါက နဂိုကပင် အကြမ်းခံသည့် ဂုဏ်ရှိလေရာ ပိုင်ရှင်များအနေဖြင့် ဘတ္တရီသာ ပုံမှန်လဲပေးရန် လိုပြီး ဆယ်စုနှစ် နှစ်စု၊ သုံးစုတိုင် စီးနင်းနိုင်မည်ဖြစ်သောကြောင့် ဟမ်းမားသာ ပြန်လာမည်ဆိုပါက အံ့သြစရာ မရှိကြောင်း ပြောကြားခဲ့ကြသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: BusinessInsider
Photo: Detroit News, YouTube, Daily Mail, People.com, The Guardian, HotCars, Medium,
WallpaperAccess

ကတ်ရှ်မီးယားအရေးအပေါ် ပြဿနာ မီးမွှေးခဲ့သည့် ဟွန်ဒိုင်း

ပါကစ်စတန်ရှိ ဟွန်ဒိုင်း ရုံးခွဲက ကတ်ရှ်မီးယားနှင့် ပတ်သတ်၍ လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်ခဲ့ပြီး ယင်းပို့စ်ကြာင့် အိန္ဒိယပြည်သူများ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရသလို အိန္ဒိယနှင့် တောင်ကိုးရီးယားအကြား သံတမန်တင်းမာမှုများလည်း ဖြစ်ပေါ်ခဲ့ရသည်။

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုကိစ္စနှင့် ပတ်သတ်၍ တောင်ကိုးရီးယား သံရုံးကို ကန့်ကွက်စာပေးပို့ခဲ့ပြီး ယင်းစာထဲတွင် အဆိုပါ ဆိုရှယ်မီဒီယာပို့စ်သည် လက်သင့်ခံနိုင်စရာမရှိသည့် ကိစ္စဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ရေးသားထားသည်။

ပြဿနာ၏ အစမှာ ပြီးခဲ့သည့် စနေနေ့ကဖြစ်ပြီး ပါကစ္စတန်ရှိ ဟွန်ဒိုင်း ရုံးခွဲက ပါကစ္စတန် အစိုးရရုံးပိတ်ရက်ဖြစ်သော “ကတ်ရှ်မီးယား ညီညွတ်ရေးနေ့” အတွက် တွစ်တာတွင် အားပေးထောက်ခံကြောင်း ပို့စ်တင်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ “ကတ်ရှ်မီးယား ညီညွတ်ရေးနေ့” သည် လက်ရှိ အိန္ဒိယ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော ကတ်ရှ်မီးယားဒေသရှိ ပါကစ္စတန် ဘက်သို့ ယိမ်းသော ခွဲထွက်ရေး လှုပ်ရှားသူများနှင့် ရှေးရှေး ပဋိပက္ခများတွင် ကျဆုံးခဲ့ရသည့် ခွဲထွက်ရေး သမားများကို အားပေးသော အနေဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်။

သည့်အတွက်ကြောင့် ဟွန်ဒိုင်းသည် အိန္ဒိယနိုင်ငံတွင်းမှ ပြင်းထန်သည့် ဝေဖန်မှုများကို လက်ခံရရှိခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒန် ဘာချီက နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် မိမိတို့ နိုင်ငံ၏ ရိုးရာ အစဉ်အလာနှင့် ယဉ်ကျေးမှု နယ်နိမိတ်များကို လေးစားသင့်ကြောင်း ဝေဖန်သွားခဲ့သည်။

လက်ရှိအချိန်တွင် ဟွန်ဒိုင်းက အဆိုပါ ပို့စ်ကို ဖြုတ်ချသွားပြီဖြစ်သော်လည်း မှတ်တမ်းတင်ထားသူ များပြားသောကြောင့် အင်တာနက်တွင် အတောမသတ်အောင် ပျံနှံ့နေခဲ့ပြီး အိန္ဒိယ ပြည်သူများအပြင် ကတ်ရှ်မီးယားရှိ ခွဲထွက်ရေးသမားများကလည်း အားပေးသည့် အနေဖြင့် ပြန်ဖြန့်နေသောကြောင့် ဖြစ်သည်။

ရိုက်တာ သတင်းဌာန၏ အဆိုအရ ဟွန်ဒိုင်း-ပါကစ္စတန် တင်ခဲ့သော ပို့စ်မှာ ကတ်ရှ်မီးယား ဒေသတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသူများ၏ စွန့်လွှတ်အနစ်နာခံမှုများကို ၎င်းတို့အနေဖြင့် အားပေးထောက်ခံပါကြောင်း သဘောသက်ရောက်သည့် စာသားများ ပါဝင်ကြောင်း သိရသည်။

အိန္ဒိယပြည်သူများက လက်ရှိတွင် တွစ်တာ၌ ဟွန်ဒိုင်းကို သပိတ်မှောက်ကြရန် နှိုးဆော်လျက်ရှိပြီး ပြည်တွင်းကားကုမ္ပဏီများဖြစ်သော Tata Motors နှင့် Mahindra Auto တို့ကို ပိုမိုအားပေးကြရန် တိုက်တွန်းလျက်ရှိသည်။

ဟွန်ဒိုင်း-အိန္ဒိယက လက်ရှိဖြစ်ရပ်အပေါ် ပြန်လည်တောင်းပန်ထားပြီး မိမိတို့အနေဖြင့် အိန္ဒိယနိုင်ငံ၏ အမျိုးသားရေး မူဝါဒကို လက်ခံအားပေးပါကြောင်းနှင့် အိန္ဒိယသည် မိမိတို့ လုပ်ငန်းစုကြီးအတွက် မိခင် တောင်ကိုးရီးယားပြီးလျှင် ဒုတိယအကြီးဆုံး အခြေစိုက် နိုင်ငံဖြစ်ပါကြောင်း ရေးသားထားသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN, Reuters
Photo: Tellusdaily

ရှင်းကျန့်ပြည်နယ်တွင် Showroom ဖွင့်လှစ်ခဲ့သဖြင့် Tesla ဝေဖန်ခံနေရ

ဝီဂါ မူစလင်များကို တရုတ်အစိုးရက ဖိနှိပ်နေမှုများ ဖြစ်ပွားနေသည့် ရှင်းကျန့်ပြည်နယ်တွင် Tesla က showroom ဖွင့်လှစ်ခဲ့သဖြင့် အမေရိကန် လူအခွင့်အရေး လှုပ်ရှားမှု အဖွဲ့များ၊ ကုန်သွယ်ရေးအဖွဲ့များ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံစားနေရပြီဖြစ်သည်။

အဆိုပါ ဒေသတွင် တရုတ်အစိုးရသည် ဝီဂါလူမျိုးများနှင့် လူနည်းစု မူစလင်များကို ထိန်းသိမ်းရေး စခန်များတွင် ခေါ်ဆောင်ထားပြီး အတင်းအကြပ် အလုပ်စေခိုင်းမှုများ ရှိနေကြောင်း ကုလသမဂ္ဂ လူအခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့များက ယခင်နှစ်များက ထုတ်ပြန်ခဲ့ဖူးသည်။

ထို့်နောက် အမေရိကန် အပါအဝင် အနောက်နိုင်ငံများက အဆိုပါ အရေးနှင့် ပတ်သတ်၍ တရုတ်နိုင်ငံကို ဝိုင်းဝန်းဖိအားပေးခဲ့ကြပြီး ဆက်ဆံရေးများ တင်းမာခဲ့ကာ ယခု Tesla သည် အဆိုပါ တင်းမာမှုကြားထဲသို့ ဝင်ရောက်ခဲ့သည့် နောက်ဆုံး ဖြစ်ရပ်ဖြစ်သည်။

တရုတ်နိုင်ငံကတော့ နိုင်ငံတကာ၏ စွပ်စွဲမှုများကို အစဉ်တစိုက် ငြင်းဆိုခဲ့ပြီး အဆိုပါစခန်းများမှာ ထိန်းသိမ်းရေး စခန်းများ မဟုတ်ဘဲ သက်မွေးသင်တန်းကျောင်းများ ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများသည် ပြည်တွင်းရေးကို ဝင်မစွက်သင့်ကြောင်း ပြန်လည်ချေပထားသည်။

Tesla သည် နှစ်သစ်ကူးမတိုင်ခင်ရက်တွင် အဆိုပါ showroom ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ Weibo တရားဝင် အကောင့်၌ “၂၀၂၁ ၏ နောက်ဆုံးရက်တွင် ရှင်းကျန့်၌ ဆုံးစည်းကြပါစို့။” ဟူ၍ ပို့စ်တင်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းထွက်ပေါ်လာပြီးသည်နှင့် အမေရိကန်ရှိ အကြီးဆုံး မူစလင် လူမှုအဖွဲ့အစည်းဖြစ်သော အမေရိကန်-အစ္စလာမ် ချစ်ကြည်ရေး ကောင်စီက Tesla သည် လူမျိုးတုန်း သတ်ဖြတ်မှုကို အားပေးနေခြင်းဖြစ်ကြောင်း ဝေဖန်သွားခဲ့သည်။

ကောင်စီသည် ၎င်းတို့၏ တွစ်တာစာမျက်နှာ၌ Tesla အနေဖြင့် အဆိုပါ showroom ကို ပိတ်ပစ်သင့်ကြောင်း ရေးသားခဲ့ပြီး အလားတူဝေဖန်မှုမျိုးကို အမေရိကန် ထုတ်ကုန်မိတ်ဖက်များ အသင်းနှင့် ဆီနိတ်လွှတ်တော် အမတ်များကလည်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

Tesla အနေဖြင့် လက်ရှိအချိန်တွင် အဆိုပါ ကိစ္စအပေါ် လူသိရှင်ကြား မှတ်ချက်ပြုခြင်းမျိုး မရှိသေးဘဲ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို တွက်ဆနေခြင်းဖြစ်ကြောင်း မီဒီယာများက သုံးသပ်ကြသည်။

အဘယ်ကြောင့်ဆိုသော် အဆိုပါရှင်းကျန့် အရေးနှင့် ပတ်သတ်၍ ဥရောပ ကုမ္ပဏီများသည် အနောက်နိုင်ငံများ၏ ဖိအားနှင့် တရုတ်ပြည်ကြီး၏ စားသုံးသူဈေးကွက်အကြား အတိမ်းအစောင်းမခံဘဲ လျှောက်လှမ်းနေရသောကြောင့် ဖြစ်သည်။

နမူနာအားဖြင့် ဆွီဒင်ဖက်ရှင် ကုမ္ပဏီဖြစ်သော H&M သည် ယမန်နှစ် မတ်လ၌ ရှင်းကျန့်ထုတ် အထည်အလိပ်များနှင့် ကုန်ကြမ်းများကို အသုံးပြုတော့မည် မဟုတ်ကြောင်း ကြေငြာခဲ့ပြီးနောက် တရုတ်နိုင်ငံတွင်း သပိတ်မှောက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ဇူလိုင်လ စာရင်းချုပ်သောအခါ တရုတ်ပြည်တွင်း ဈေးကွက်တွင် ရောင်းအား ၂၃ရာခိုင်နှုန်း ကျဆင်းသွားခဲ့ရသည်။

အလားတူဖြစ်ရပ်မျိုးကို အမေရိကန် ချစ်ပ်ပြားထုတ်လုပ်သူ Intel သည်လည်း ကြုံတွေ့ခဲ့ရပြီး ရှင်းကျန့်အခြေစိုက် အတင်းအဓ္ဓခိုင်းစေမှုများက ထွက်ရှိလာသည့် ကုန်ကြမ်းများကို အသုံးမပြုတော့ကြောင်း ကြေငြာခဲ့ပြီးမှ ဝေဖန်မှုများကြောင့် တရုတ်ပြည်တွင် လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့ရဖူးသေးသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Aljazeera, Reuters, BBC
Photo: DW