0

၀န်ထမ်းအင်အား ၁၃၀၀ ခန့်လျှော့ချသွားမည်ဖြစ်ကြောင်း Zoom ကုမ္ပဏီပြောကြား

Share

ကိုဗစ်ကာလတွင် တဟုန်ထိုး တိုးတက်ခဲ့သော်လည်း လက်ရှိအချိန်တွင် စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးလာသည့်အတွက် ဝန်ထမ်းအင်အား ၁၃၀၀ ခန့်လျှော့ချသွားမည်ဖြစ်ကြောင်း Zoom ကုမ္ပဏီက ပြောကြားခဲ့ပြီး ယင်းပမာဏသည် ကမ္ဘာတဝှမ်းရှိ Zoom ဝန်ထမ်းစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းဖြစ်သည်။

ကုမ္ပဏီ၏ CEO ဖြစ်သူ အဲရစ်ယွမ်က ၎င်း၏ ဘလော့တွင် အဆိုပါ သတင်းကို အတည်ပြုခဲ့ပြီး သူ့အနေဖြင့် ကုမ္ပဏီ၏ အခက်အခဲကို နားလည်သည့် အတွက် သူကိုယ်တိုင်၏ လစာကိုလည်း လျှော့ယူသွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။

Zoom ကဲ့သို့ အလားတူ အခြေအနေမျိုး အွန်လိုင်းဈေးဝယ် ပလက်ဖောင်းတစ်ခုဖြစ်သည့် eBay လည်း ကြုံတွေ့နေရပြီး ဝန်ထမ်း ၅၀၀ ခန့် လျှော့ချသွားမည်ဟု သိရကာ ၎င်းတို့ စုစုပေါင်း ဝန်ထမ်းအင်အား၏ ၄ ရာခိုင်နှုန်းဖြစ်သည်။

ကိုဗစ်ကာလတွင် ဝယ်လိုအား အလွန်အမင်း မြင့်တက်လာမှုကြောင့် ဝန်ထမ်းများစွာ တိုးမြှင့် ခန့်အပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ကိုဗစ်မတိုင်ခင် ကာလကဲ့သို့ စီးပွားရေး တိုးတက်မှုနှုန်း သွေးအေးသွားပြီဖြစ်သည့်အတွက် နည်းပညာ ကုမ္ပဏီ အများအပြားသည် ဝန်ထမ်းအင်အား လျှော့ချခြင်းများ ဆက်တိုက်လိုလို ပြုလုပ်လာကြခြင်းဖြစ်သည်။

ထင်ရှားသည့် ထိပ်တန်းကုမ္ပဏီများဖြစ်ကြသော Salesforce, Meta, Amazon နှင့် PayPal တို့လည်း ဝန်ထမ်းအင်အားလျှော့ချသည့် လှိုင်းထဲတွင် ပါဝင်ကြပြီး ပြီးခဲ့သည့် ဇန်နဝါရီတွင် Microsoft က ဝန်ထမ်း ၁သောင်းခန့်နှင့် Google က ဝန်ထမ်း ၁သောင်း နှစ်ထောင်ခန့် အသီးသီး လျှော့ချခဲ့ကြသည်။

Zoom အနေဖြင့်လည်း ၂၀၂၀ခုနှစ်တွင် အမေရိကန်၌ ကိုဗစ်အရေးပေါ်ကြေငြာချက် မထုတ်ပြန်ခင်က ဝန်ထမ်းအင်အား ၂၅၀၀ သာရှိသော်လည်း ကိုဗစ်ကာလအတွင်း ဝန်ထမ်း ၆၀၀၀ ခန့် ထပ်မံခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကာလအတွင်း အသုံးပြုသူအသစ်ပေါင်း သန်းနှင့်ချီ၍ ရရှိခဲ့ပြီး လက်ရှိအချိန်အထိလည်း ကမ္ဘာတဝှမ်းတွင် Zoom ကို ဆက်လက် အသုံးပြုနေဆဲဖြစ်သော်လည်း ကမ္ဘာ့စီးပွားရေး မငြိမ်သက်မှုက မိမိတို့၏ အသုံးပြုသူများကို ထိခိုက်စေကာ Zoom ၏ စီးပွားရေး တိုးတက်မှုကိုလည်း နှောင့်နှေးစေသည်ဟု CEO ယွမ်က ဆိုသည်။

သည့်အပြင် အဓိကပြိုင်ဘက်ဖြစ်သည့် Microsoft Team ၏ ကျယ်ပြန့်လာမှုကလည်း Zoom ၏ ဈေးကွက်အတွင်း နေရာရမှုကို စမ်းသပ်လျက်ရှိပြီး Zoom ဥက္ကဋ္ဌဖြစ်သူ ဂရက်တွမ်ကတော့ Zoom ကို အသုံးပြုလျက်ရှိသည့် ကုမ္ပဏီအတော်များများအနေဖြင့် အခြားတစ်ခုကို ပြောင်းလဲသုံးစွဲသွားသည်မှာ ရှားပါးသည့် ဖြစ်ရပ်ဖြစ်ကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Strait Times, AFP
Photo: How to Geek

%d bloggers like this: