ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့သည် New York မြို့အတွက် မတ်လ ၁၁ ရက်နေ့ နောက်ပိုင်း ကိုဗစ်ပိုးကြောင့် လူအသေအပျောက်မရှိခဲ့သည့် ပထမဆုံး ရက် ဖြစ်လာခဲ့သည်။
ထိုနေ့က မြို့အတွင်း လူသေဆုံးမှု ၃ ဦး ရှိခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဟု မဟုတ်ဟု ဆိုသည်။
အမေရိကန် ပြည်ထောင်စုအတွင်း ပထမဆုံး လူသေဆုံးမှု မရှိသည့်နေ့ကို မြင်တွေ့ခဲ့ရပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် မြို့အနေဖြင့် မျှော်လင့်ချက် ရှိလာပြီဖြစ်သည်။
နယူးယောက်မြို့တော်တွင် ကိုဗစ်-၁၉ ကြောင့် ပထမဆုံးလူသေဆုံးမှုကို မတ်လ ၁၁ ရက်နေ့ တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။
သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်လာခဲ့ပြီး ဧပြီလ ၇ ရက်နေ့တွင် အမြင့်ဆုံးဖြစ်ကာ နယူးယောက်မြို့အတွင်း လူ ၅၉၀ ဦး သေဆုံးခဲ့သည်။
ထို့နောက်တွင်မှ သေဆုံးသူဦးရေ တဖြည်းဖြည်း လျော့ကျလာခဲ့ပြီး မေ ၉ ရက် နောက်ပိုင်းမှ စ၍ သေဆုံးသူ ဦးရေ ၁၀၀ အောက်သို့ လျော့ကျလာခဲ့သည်။
သို့သော်လည်း နယူးယောက် ကျန်းမာရေးဌာန NYC Department of Health and Mental Hygiene မှ တာဝန်ရှိသူများက ကိုဗစ်ကြောင့် သေဆုံးမှုဖြစ်နိုင်သည့် အတည်မပြုရသေးသော ဦးရေ (Probable Deaths) များလည်း ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ကိုဗစ်ကြောင့် သေဆုံးသည်ဟု အတည်ပြုထားသော အချက်အလက်နှင့် အတည်မပြုထားသော Probable Deaths ဇယားများကိုလည်း ပြုစုထားသည်ကို တွေ့ရသည်။
ထိုသို့ အတည်မပြုရသေးသော သေဆုံးမှုများကိုလည်း စစ်ဆေးနေမှုများ ပြုလုပ်နေဆဲဖြစ်ပြီး ပြန်လည်၍ အတည်ပြုခြင်းများ၊ စိစစ်ခြင်းများ လုပ်ဆောင်သွားမည်ဟု သိရသည်။
Source: NYC Health
အမေရိကန် ပြည်ထောင်စု တဝှမ်းတွင် ကိုရိုနာကူးစက်သူဦးရေ ၁.၉၄ သန်း ကျော်လာပြီဖြစ်ပြီး နယူးယောက်မြို့တော်တစ်ခုတည်းကပင် ကူးစက်သူဦးရေ ၂၀၆၀၀၀ ကျော် ရှိနေပြီဖြစ်သည်။
ကိုဗစ်ဖြစ်နေစဉ်ကာလတွင်ပင် စီးပွားရေး လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်စေရန် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ပထမအဆင့် Phase One အနေဖြင့် အချို့သော လုပ်ငန်းများ လာမည့် တနင်္လာနေ့တွင် စတင်လည်ပတ်မည်ဖြစ်သည်ဟု နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောကြားထားပြီးဖြစ်သည်။
နယူးယောက်မြို့ မြို့တော်ဝန် ဘလာစီယို (Bill de Blasio) မှလည်း မြို့အနေဖြင့် အခြေအနေကောင်းပါက နောက်ထပ် ဒုတိယအဆင့် Phase Two ကို ဂျူလိုင်လထဲတွင် ရောက်ရှိနိုင်မည်ဟု ပြောကြားထားပြီး ဒုတိယအဆင့်တွင် လုပ်ငန်းများထဲမှ ဆိုင်အပြင်ဘက်တွင် လူများ ထိုင်စားသောက်နိုင်ခြင်းများကို ခွင့်ပြုသွားမည်ဖြစ်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: CNBC News, The New York Times, Governor.NY, Michael Nagle Xinhua via Getty Images