နိုင်ငံတကာ ပထဝီဝင် သတ်မှတ်ချက်အရ တောင်အာရှနိုင်ငံအုပ်စုမှာ နိုင်ငံ(၈)နိုင်ငံပါဝင်ပြီး ပါဝင်တဲ့နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဘူတန်၊ နီပေါ၊ မော်လဒိုက်ဗ်၊ ပါကစ္စတန်နဲ့ သီရိလင်္ကာနိုင်ငံတို့ပဲဖြစ်ပါတယ်။ ဒီဧရိယာကြီးဟာ လူပေါင်း ၁.၈ ဘီလီယံ (သန်း ၁၈၀၀) လောက်မှီတင်းနေထိုင်တဲ့ ဒေသကြီးဖြစ်ပြီး လူနေထူထပ်တဲ့ မြို့ကြီးတွေ အများအပြားရှိတဲ့ နေရာလည်းဖြစ်ပါတယ်။ ခုလတ်တလောမှာတော့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ သီရိလင်္ကာနိုင်ငံတို့က စီးပွားရေးပညာရှင်တွေက ဒီနိုင်ငံတွေမှာ ရောဂါကူးစက်နှုန်းဟာ ဥရောပထက်စာရင် ထိန်းချုပ်နိင်တဲ့ အရေအတွက်မှာပဲရှိသေးတယ်လို့ တင်ပြကြပေမဲ့ ကျန်းမာရေး ပညာရှင်တွေကတော့ အရမ်းများတဲ့ လူနေသိပ်သည်းမှုကြောင့် ဥရောပလိုမျိုး နောက်ထပ်ကူးစက်မြန်ဒေသ တစ်ခုဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အစီအရင်ခံစာထဲမှာတော့ တောင်အာရှဒေသဟာ စီးပွားရေး ကြပ်တည်းမှုဒဏ်ကို စတင်ခံစားနေရပြီလို့ ပါဝင်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ရောက်မှုမရှိတော့သလို ဒီဒေသရဲ့ အဓိက စီးပွားရေး မောင်းနှင်အားဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းတွေလည်း ပြိုလဲနေပါတယ်။ အဓိကကတော့ အရင်တရုတ်နိုင်ငံမှာ ကပ်ရောဂါစပြန့်တုန်းက ကုန်ကြမ်းမဝင်နိုင်လို့ စက်ရုံတွေနားလိုက်ရပြီး တရုတ်ကကုန်ကြမ်းတွေ ရောက်ပြန်တော့ ဝယ်လက်တွေရှိတဲ့ ဥရောပမှာ ကပ်ရောဂါဖြစ်နေလို့ ဘယ်ကိုမှ မတင်ပို့နိုင်ဘဲ စီးပွားရေး ရပ်တန့်ကုန်တဲ့ အခြေအနေဖြစ်နေပါပြီ။
ဒီနိုင်ငံတွေထဲမှာ အထိနာဆုံးဖြစ်မှာတော့ မော်လဒိုက်ဗ်နိုင်ငံဖြစ်ပြီး သူတို့တနိုင်ငံလုံးဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အခြေပြုထားတာကြောင့် ခုလို အသွားအလာကန့်သတ်ခံရတဲ့အချိန်မှာ ဆိုးဝါးတဲ့ စီးပွားရေးကြုံ့မှုကို ခံစားရမှာပါ။ ကမ္ဘာ့ဘဏ်ရဲ့အဆိုအရတော့ တောင်အာရှနိုင်ငံတွေထဲမှာ အကြီးဆုံး စီးပွားရေး အဆောက်အအုံကို ပိုင်ဆိုင်ထားတဲ့ အိန္ဒိယနိုင်ငံကတော့ ပထမ ခန့်မှန်းထားသလို စီးပွားရေးတိုးတက်မှု ၅ရာခိုင်နှုန်း မတက်တော့ဘဲ ၁.၅ ရာခိုင်နှုန်းသာတက်ဖို့ရှိတယ်လို့ ပြောပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အစီအရင်ခံစာမှာတော့ တောင်အာရှနိုင်ငံတွေအနေနဲ့ ပြည်သူ့ကျန်းမာရေး စနစ်တွေကို ဒီထက်ပိုပြီးအားဖြည့်ထားဖို့နဲ့ ဆင်းရဲငတ်မွတ်နေမှုတွေကို မြန်မြန်ဆန်ဆန်ဖြေရှင်သင့်ကြောင်း၊ ဒါမှသာ ရှေ့လျောက်ကြုံလာမဲ့ စီးပွားရေးအကြပ်အတည်းကနေ မြန်မြန်နာလန်ထူနိုင်မှာဖြစ်ကြောင်း တိုက်တွန်းထားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC
Photo: Srian/@sectetsnap
0