တရုတ်အစိုးရနဲ့ စီးပွားရေး ပညာရှင်တွေ အကြားမှာ ဒီခေါင်းစဉ်ဟာ ခုတလောမှာ တော်တော် အငြင်းပွားဖွယ်ရာဖြစ်နေခဲ့ပါတယ်။ အမေရိကန်ဟာ တရုတ်နဲ့ ဟောင်ကောင်ကို US ဒေါ်လာလွဲပြောင်းပေးချေရေး စနစ်ဖြစ်တဲ့ SWIFT ကနေ ဖယ်ထုတ်ဖို့ ကြိုးစားလာနိုင်လား ဆိုတာကိုပါ။ အမေရိကန်ဟာ အရင်ကလည်း အီရန်နဲ့ မြောက်ကိုးရီးယားကို ဒီစနစ်ဖယ်ထုတ်ခဲ့ဖူးပေမဲ့ ဒီတစ်ခါ တရုတ်နဲ့ ဖြစ်တဲ့ ကိစ္စကတော့ အဲ့လောက်မလွယ်ဘူးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။
တကယ်လို့သာ အမေရိကန်က တရုတ်နဲ့ ဟောင်ကောင်ကို ဒီဒေါ်လာပေးချေရေး စနစ်ကနေ ဖယ်ထုတ်ဖြစ်ခဲ့ရင် အထိနာမှာကတော့ တရုတ်တင်မဟုတ်ဘဲ ကမ္ဘာ့စီးပွားရေးအပေါ်လည်း ရိုက်ခတ်လာနိုင်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးတွေကိုပါ ထိပါးလာနိုင်တယ်လို့ စီးပွားရေးလေ့လာသူတွေကတော့ ထောက်ပြပါတယ်။
အမေရိကန်ဘက်က ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေနဲ့ သတင်းတွေ အရတော့ အမေရိကန်ဟာ ဒီလောက်ဆိုးတဲ့ အခြေအနေထိရောက်အောင်တော့ မလုပ်လောက်ဘူးလို့ ကနဦးခန့်မှန်းနေကြပါတယ်။ ဘာလို့လဲဆိုတော့ ခုချိန် တရုတ်မှာလည်း အမေရိကန်ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိနေသေးတဲ့အတွက် တကယ်သာလုပ်ခဲ့ရင် အမေရိကန်အနေနဲ့လည်း ကိုယ့်အမှု ကိုယ်ပြန်ပတ်ဖို့ များနေပါတယ်။
ဒါပေမဲ့ တရုတ်ဘက်မှာတော့ ခုထိစိုးရိမ်ကြောင့်ကြမှုရှိနေဆဲ ဖြစ်ပြီး အမေရိကန်နဲ့ ဆက်ဆံရေးအခြေအနေ ဒီထက်ဆိုးဝါးသွားခဲ့လို့ ရှိရင် အမေရိကန်ဟာ ဒီအကွက်ကို ထုတ်သုံးလာနိုင်တယ်လို့ တွေးနေကြတုန်းပါ။ ဘာလို့လဲဆိုတော့ ဟောင်ကောင်ပဋိပက္ခအပြီးမှာ အမေရိကန်က တရုတ်ကို ဒီထက်တင်းကြပ်တဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုတွေ လုပ်သွားမယ်လို့ ပြောထားတာရှိလို့ဖြစ်ပါတယ်။
Bank of China ရဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်းလည်းဖြစ်သလို အရင်က SWIFT ရဲ့ဘုတ်အဖွဲ့ဝင်လည်းဖြစ်ဘူးတဲ့ ဝမ်ယောင်လီကတော့ ခုထွက်ပေါ်လာနေတဲ့ သို့လော သို့လော စိုးရိမှုတွေဟာ အရမ်းရှုပ်ထွေးပြီးတော့ လက်တွေ့မဆန်ဘူးလို့ ထောက်ပြခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်ဟာ ဟောင်ကောင်မှာ စီးပွားရေးအဆောက်အဦကြီးကြီးမားမားတွေရယ်၊ ရင်းနှီးမြှုပ်နှံမှုတွေရယ် အခိုင်အမာရှိထားတဲ့အတွက် တကယ်လို့သာ ဟောင်ကောင်ကို SWIFT ကနေဖယ်မယ်ဆိုရင် အမေရိကန်ဟာ ကိုယ့်စီးပွားရေးကိုယ် အမြစ်ကနေ ဆွဲနှုတ်တာနဲ့ တူတူပဲလို့ ပြောပြခဲ့ပါတယ်။
SWIFT ဆိုတာကတော့ Society of Worldwide Interbank Financial Telecommunicatoins (SWIFT) system ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ဘဏ်တွေအနေနဲ့ ဒီစနစ်ထဲမှာ ချိတ်ဆက်ပြီး အမေရိကန်ဒေါ်လာ အလွှဲအပြောင်းလုပ်တာတွေ၊ ဘဏ္ဍာရေးစာရင်းဇယားဖလှယ်တာတွေ လုပ်ကြတာဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘာပေါ်က နိုင်ငံတကာကုန်သွယ်မှုတွေနဲ့ ရင်းနှီးမြှပ်နှံမှုတွေအတွက် အရေးကြီးတဲ့ အဓီကငွေကြေး စီးဆင်းမှု ပလပ်ဖောင်းအနေနဲ့လည်း တည်ရှိနေပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: South Chian Morning Post
Photo: Coin Desk