photo: business insider
ပြီးခဲ့တဲ့ (၃)နှစ်လောက်တုန်းက ပဲခူးတိုင်း၊ စစ်တောင်းမြစ်ကမ်းနားက တံတားဦးရွာလေးမှာ ရွားသားတွေဟာ မကြုံစဖူး ထူးထူးခြားခြားမြင့်တက်နေတဲ့ စစ်တောင်းမြစ်ကို စိုးရိမ်စွာ စောင့်ကြည့်နေကြပါတယ်။ စစ်တောင်းမြစ်ရေဟာ ခါတိုင်းနဲ့ မတူဘဲ ထူးကဲဒီရေနဲ့ အတူ သူတို့ရွာရဲ့ ကမ်းပါးတွေကို တအိအိနဲ့ တိုက်စားပြီး ဖြိုဆင်းနေပါတယ်။ နာရီ အနည်းငယ်အကြာမှာတော့ တံတားဦးရွာသားတွေဟာ သူတို့ရွာလေးရဲ့ ကံကြမ္မာကို လက်ခံလိုက်ကြပြီး အိမ်တွေကို ဖြိုဖျက်၊ ရနိုင်သမျှပစ္စည်းတွေ စုတင်ပြီး အိမ်ခြေ ၁၅၀၀ ခန့်ရှိတဲ့ သူတို့ရွာနေရာကို စွန့်ခွါခဲ့ပါတော့တယ်။
“ခုမြင်နေရတဲ့ ရေပြင်ကျယ်ကြီးဟာ အရင်တုန်းက ကျွန်တော်တို့ စိုက်ခင်းတွေရှိခဲ့တဲ့ နေရာပေါ့။ မယုံနိုင်စရာပါပဲဗျာ။ လမ်းလျှောက်ရင်တောင် ၃နာရီလောက် ကမ်းပါးရောက်ဖို့ ဖြတ်လျှောက်ခဲ့ရတဲ့ နေရာကြီးက ခုဆို ပျောက်ခြင်းမလှ ပျောက်သွားတာဗျ။ အကုန်လုံး ပင်လယ်ထဲရောက်ကုန်ကြပြီ။ ” ဆိုပြီး လယ်သမားကြီး ဦးတင့်ခိုင်က ရိုက်တာ သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။ တံတားဦးရွာလေးဟာဆိုရင် ကမ္ဘာကြီးပူနွေးလာမှု၊ ပင်လယ်ရေမြင့်တက်လာမှု ဒဏ်ကို ဦးဦးဖျားဖျားခံလိုက်ရတဲ့ ရွာပေါင်း ၁၀၀ ထဲက တစ်ရွာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာဆိုရင် သဘာဝဘေးအန္တရာယ် စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖြစ်တဲ့ Germanwatch ရဲ့ ထုတ်ပြန်ချက်မှာ ၁၉၈၈ ကနေ ၂၀၁၈ အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှု အညွှန်းကိန်းမှာ ထိပ်ဆုံး ၅ နိုင်ငံစာရင်း ဝင်နေပါတယ်။ အမေရိကန်နိုင်ငံ မြေအောက်ရေအသုံးချမှုအဖွဲ့ရဲ့ အကြံပေးဖြစ်ပြီး မြန်မာနိုင်ငံ ရေအရင်အမြစ်အသုံးချရေး ကော်မတီ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးမြင့်သိန်းကတော့ လာမဲ့ ၂၀၂၀မှာ ပင်လယ်ရေမျက်နှာပြင်ဟာ ၁၃ စင်တီမီတာ (၅လက်မ) ခန့်မြင့်တက်လာမှာဖြစ်ပြီး ကမ္ဘာပေါ်က လူဦးရေ ၂သန်းခွဲလောက်ဟာ မြင့်တက်လာမဲ့ ရေဘေးကြောင့် ရွေ့ပြောင်းနေထိုင်ကြရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
တံတားဦးရွာခံ လူငယ်တစ်ဦးကို ရွေ့ပြောင်းထားတဲ့ ရွာသစ်နေရာတွင်
ဖေဖော်ဝါရီလ ၆ရက်နေ့ က တွေ့ရစဉ် (photo: Reuters/Ann Wang)
တံတားဦးရွာက လယ်သမားတွေကတော့ သူတို့နေထိုင်ခဲ့တဲ့ ရွာနေရာဟောင်းဟာ ရေထဲပါသွားခဲ့ပြီဖြစ်သလို မြေမပြိုဘဲကျန်ခဲ့တဲ့ လယ်ကွက်တွေဟာလဲ ရေကြီးတုန်းက ဆားငံရေထိခဲ့တာကြောင့် ပြန်လည်စိုက်ပျိုးလို့ မရတော့ပါဘူး။ ရိုက်တာ သတင်းဌာနအနေနဲ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု စောင့်ကြည့်ရေး ဦးစီးဌာန ကို ဆက်သွယ်ခဲ့ရာမှာ ဌာနအနေနဲ့ ရေမျက်နှာပြင်မြင့်တက်လာမှုကို မှတ်တမ်းယူနေပေမဲ့ ရွေ့ပြောင်းအခြေချတဲ့သူတွေအတွက် ဘာအစီအစဉ်မှု မရှိသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။ တခြားဌာနတစ်ခုဖြစ်တဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကို ဆက်သွယ်ခဲ့ရာမှာလဲ အထက်က ညွှန်ကြားချက်တစ်စုံတရာ မထုတ်ပြန်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။
အလားတူပဲ သတင်းဌာနအနေနဲ့ တိုင်းဒေသကြီးတစိုးရ အဖွဲ့ကို ဆက်သွယ်ခဲ့ရာမှာ ပြန်ကြားချက် တစုံတရာမရခဲ့ဘူးလို့ သိရပါတယ်။ ဆရာကြီး ဦးမြင့်သိန်းကတော့ မြေနိမ့်ဒေသတွေမှာနေထိုင်တဲ့သူတွေ အနေနဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ၇ မီတာ (၂၂ ပေ) ရှိတဲ့ နေရာတွေကို ရွေ့ပြောင်းနေထိုင်သင့်တယ်လို့ အကြံပြုထားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
source: channel news asia