အသက် ၈၉ နှစ် အရွယ်ဖြစ်သည့် Legendary Investor ကြီးဖြစ်သူ Warren Buffet သည် ပုံမှန်အားဖြင့် အေးဆေးသည့် ဘဝတွင်သာ ဖြတ်သန်းလေ့ရှိသော်လည်း ပြီးခဲ့သည့် စနေနေ့က Berkshire Hathaway ကော်ပိုးရေးရှင်း နှစ်ပတ်လည် ရှယ်ယာရှင် အစည်းအဝေးတွင် လူရှေ့သို့ ပြန်ထွက်ပေါ်လာခဲ့သည်။
အခြား ဘီလျံနာကြီးများကဲ့သို့ မြင်းပြိုင်ကွင်းများ၊ ဂေါက်ကွင်းများ၊ အိမ်တွင်းရုပ်ရှင်ရုံများ နှင့် ပန်းခြံများ ပါဝင်သော ဇိမ်ခံအိမ်ကြီးမျိုးတွင် နေလေ့မရှိသူ ဝါရင်းသည် သူနေထိုင်ရာ နီဘရာစကာပြည်နယ်၊ အိုမာဟာရှိ နေအိမ်ငယ်အတွင်းမှသာ ဗီဒီယို ခေါ်ဆို အစည်းအဝေးလုပ်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ဝါရင်းသည် မည်သို့သော အကြောင်းအရာကမျှ အမေရိကန်ပြည်ထောင်စုကို ရပ်တန့်နိုင်မည်မဟုတ်ကြောင်း၊ အမေရိကတွင် အံ့သြဖွယ်ရာအစွမ်းများရှိနေကြောင်း၊ အရာအားလုံးကို ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဝါရင်းသည် လူငယ်များအတွက်လည်း ယခုအချိန်တွင် ဖတ်သင့်သော စာအုပ် ၂ အုပ်ကိုပါ ညွှန်းခဲ့သည်။
တအုပ်မှာ John Kenneth Galbraith ရေးသားသော ‘The Great Crash of 1929’ ဖြစ်သည်။
အဆိုပါ စာအုပ်သည် ၁၉၅၅ ခုနှစ် ထုတ် စာအုပ်ဖြစ်ပြီး ၁၉၂၉ တွင် ဖြစ်ပွားသော စတော့ဈေးကွက်ကြီးပျက်စီးခဲ့ပုံကို ဖေါ်ပြသော၊ အမေရိကန် သမိုင်းတလျှောက် မသေချာ မရေရာမှု အများဆုံးကာလအခြေအနေအကြောင်း ဖေါ်ပြထားသော စာအုပ်ဖြစ်သည်။
အဆိုပါ စတော့ ဈေးကွက် ပျက်စီးခဲ့မှုကြောင့် “The Great Depression” ဟု ခေါ်သော အဆိုးရွားဆုံး စီးပွားကျဆင်းမှုကာလကြီးဖြစ်လာကာ သြဂုတ်လ ၁၉၂၉ မှ မတ်လ ၁၉၃၃ ထိ ကြာရှည်ခဲ့သည်။
ဝါရင်း က အဆိုပါ စာအုပ်နှင့် ပက်သက်၍ တကယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း၊ ငွေကြေးဈေးကွက် ပြိုလဲမှုများအကြောင်း၊ မည်သို့ ပြန်လည် ရုန်းထရမည့် အကြောင်းများ သင်ယူနိုင်ကြောင်း ညွှန်းဆိုခဲ့သည်။
ဝါရင်းက ဤကဲ့သို့ ၁၉၂၉ တွင် ငွေကြေးဈေးကွက်ပျက်စီးခဲ့သည့် ကာလအတွင်း နောက် ၉ လ အကြာ သြဂုတ် ၃၀ တွင် သူ့ကို မွေးဖွားခဲ့ကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့သည်။
နောက် တအုပ်မှာ Paul Volcker ၏ ‘Keeping At It: The Quest for Sound Money and Good Government’ ဖြစ်ပြီး ယင်းစာအုပ်မှာ မကြာသေးမီအချိန် ၂၀၁၈ ခုနှစ်ကမှ ထုတ်ဝေထားခြင်းဖြစ်သည်။
စာရေးသူများမှာ Paul Volcker နှင့် Christine Harper တို့ဖြစ်ကြသည်။
စာအုပ်ပါ အကြောင်းအရာများမှာ စာရေးသူ Paul Volcker ၏ အမေရိကန် ဗဟိုဘဏ်ဥက္ကဌအနေဖြင့် ဖြတ်သန်းခဲ့သော ကာလ အတွေ့အကြုံများအကြောင်း ဖြစ်သည်။
စာအုပ်တွင် ၁၉၈၀ ပြည့်နှစ်များ၌ အတိုးနှုန်းမြင့်မြင့်သုံး၍ ငွေကြေးဖေါင်းပွမှုများကို တိုက်ဖျက်ခြင်းဟူသည့် သူ၏ နာမည်ကျော် လုပ်ရည်ကိုင်ရည်တို့ကို တွေ့မြင်ရမည်ဖြစ်ပြီး ပေါလ် ဗေါ့ကာသည် အရည်အချင်းများစွာရှိသည့် လူပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ကြောင်း ဝါရင်းက ချီးကျူးပြောကြားခဲ့သည်။
(ပေါ၏ နည်းစနစ်ဖြစ်သော အတိုးနှုန်းမြင့်အောင် ဆောင်ရွက်နေချိန်တွင် တနိုင်ငံလုံးရှိလူများသည် တသက်တာတွင် အိမ်ဝယ်နိုင်မည်ဟူ၍ပင် မထင်ခဲ့ရသော ကာလများရှိခဲ့ဖူးသည်။ နောက်ပိုင်းတွင် အမေရိကန်ဗဟိုဘဏ် ဥက္ကဌအနေဖြင့် နိုင်ငံတွင်း ငွေကြေးအခြေအနေများကို ထိန်းချုပ်ခဲ့သည့် လုပ်ရပ်များမှာ ၁၉၉၀ နှစ်ခန့်အထိဖြစ်ပြီး လူပြောအလွန်များခဲ့သည်။)
စာရေးသူ Paul သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။ စီးပွားရေး သုတ၊ လေ့လာဆန်းစစ်ချက်၊ သတင်းများကို Like & Share သာ ပြုလုပ်ပေးပါရန်။
Orio Economics
Source: CNBC News, ‘The Great Crash of 1929’ BOOK Summary, ‘Keeping At It: The Quest for Sound Money and Good Government” Book, Biographies of Authors
Image: India Today Group: Getty Images, Book at Amazon, Google Good Reads