ဝါရင့် အမေရိကန်ရင်းနှီးမြှုပ်နှံသူ ဝါရင်းဘတ်ဖတ် (Warren Buffet) ၏ Berkshire Hathaway ကော်ပိုရေးရှင်းကြီးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက ယူရိုငွေ သန်း ၈၀၀ (စတာလင်ပေါင် ၇၁၅ သန်း) အကုန်ကျခံ၍ ဂျာမန်ကုမ္ပဏီကြီးတစ်ခုကို ဝယ်ယူခဲ့သည်။
ဝယ်ယူခဲ့သော ကုမ္ပဏီမှာ Wilhelm Schulz ဖြစ်ပြီး မိသားစုပိုင်အဖြစ် မောင်းနှင်နေသော Stainless Steel ထုတ်လုပ်သည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။
နောက်ဆက်တွဲ ရရှိလာသော အချက်အလက်များအရ ဝါရင်းဘတ်ဖတ်သည် ထိုကုမ္ပဏီကို ရှိသင့်သည့် တန်ဖိုးထက် ၄ ဆ ခန့် ပေးဝယ်ခဲ့ရပုံပေါ်သည်။
အနောက် ဂျာမဏီ၊ Krefeld တွင် အခြေစိုက်သော ထိုကုမ္ပဏီသည် မရောင်းချခင်တွင် ပြုပြင်ထားသော အမှာစာ အတုများ၊ ငွေလက်ခံရရှိပြေစာ အတုများ ပြုလုပ်ခဲ့ပြီး အဆမတန် တန်ကြေးပေါက်အောင် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
ရောင်းချမှုအပြီး ၂၀၁၇ မေလထဲတွင် အမည်မဖေါ်လိုသူ တစ်ဦးက အဆိုပါကိစ္စရပ်များ ရှိခဲ့ကြောင်း ဖွင့်ဟ အပြီးတွင် ဝါရင်းဘတ်ဖတ်၏ အမေရိကန်ကော်ပိုရေးရှင်း ဘက်မှာ မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်။
အဆိုပါ သံမဏိထုတ်လုပ်ရေး လုပ်ငန်းသည် တဟုန်ထိုးအောင်မြင်တိုးတက်နေသည့် လုပ်ငန်းသဖွယ် အယောင်ဆောင်ပြခဲ့သော်လည်း တကယ့် လက်ရှိတွင် ဒေဝါလီခံလုဆဲဆဲ ရုန်းကန်နေခဲ့ရသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့တွင် နယူးယောက်မြို့ရှိတရားရုံးက အဆိုပါ Wihelm Schulz ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံသူများ ဈေးပို၍ ဝယ်ယူရန် မသမာမှုများ ပြုလုပ်ခဲ့ပြီး၊ ခြေရာလက်ရာများကိုလည်း ဖျောက်ဖျက်ရန် လုပ်ခဲ့ကြောင်း စီရင်ချက်ချခဲ့သည်။
ဂျာမန် သတင်းစာ Handelsblatt မှလည်း Wihelm Schulz မှ ဝန်ထမ်းများ အနေဖြင့် EBITDA စာရင်းပါ အခွန်မဆောင်မီဝင်ငွေများ၊ အမှာစာ အတုများ၊ ငွေလက်ခံပြေစာ အတုများ ဖန်တီးပြုလုပ်ခဲ့ကြောင်း ရေးသားဖေါ်ပြခဲ့သည်။
ဆက်လက်၍ ထိုကုမ္ပဏီ အနေဖြင့် အနည်းဆုံး လုပ်ငန်း သဘောတူစာချုပ် ၄၇ ခု ခန့်ကို စာရင်းများ လိမ်လည်၍ ပိုမိုတင်ပြခဲ့ဖွယ်ရှိသည်ဟု ဖေါ်ပြထားသည်။
နယူးယောက်မြို့ တရားရုံးအနေဖြင့် ဝါရင်းဘတ်ဖတ်၏ လုပ်ငန်းတစ်ခုဖြစ်သော Precision Castparts Corp (လုပ်ငန်းသုံး သတ္ထုပစ္စည်းများ ထုတ်သည့် ကုမ္ပဏီ) မှ တွက်ချက်ဖေါ်ပြထားသည့် ဂျာမန်ကုမ္ပဏီသည် ယူရိုငွေ ၁၅၇ သန်း ထက် ပိုမိုဖွယ်မရှိဟူသော အဆိုကို သဘောတူညီထားသည်။
အဆိုပါ ဂျာမန်ကုမ္ပဏီကို ရောင်းချသွားသည့် ယခင် ပိုင်ရှင်များကမူ စွတ်စွဲချက် အားလုံးကို ငြင်းဆိုထားသည်။
၎င်းတို့အနေဖြင့် Wihelm Schulz ကို ဝါရင်းဘတ်ဖတ်တို့ ဝယ်ယူလိုက်ခြင်းကြောင့် ငွေကြေးနစ်နာဆုံးရှုံးသွားမှုများမရှိသည်ကို သက်သေပြရန် ယုံကြည်မှုအပြည့်ရှိသည်ဟု ဆိုသည်။
ဖြစ်ပေါ်လာသည့် အခြေအနေအရပ်ရပ်တို့ကြောင့် အချို့သော ရင်းနှီးမြှုပ်နှံမှု စာရင်းပြ ဝက်ဘ်ဆိုဒ်များတွင် အဆိုပါ ကုမ္ပဏီ၏ အချက်အလက်များ ဖြုတ်ချထားခြင်း၊ မစုံလင်တော့ခြင်းများ ရှိသည်ကိုလည်း တွေ့ရသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: The Guardian, Bloomberg News, Research by Orio Economics, Crunch Base
Image : INC Images